မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများထဲကို စစ်ကော်မရှင်တပ် ဒရုးန်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံအရပ်သား ၃ ဦး သေဆုံးပြီး၊ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်အချိန်ခန့်က ကျိုက်ထိုမြို့အခြေစိုက် တပ်မ (၄၄) တပ်ရင်းကနေ ငှက်ပျောတောကျေးရွာအုပ်စုအတွင်းရှိ ဇီးကုန်းကျေးရွာဘက်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
စစ်တပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇီးကုန်းကျေးရွာက မိသားစုဝင် ၅ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သည်။

၎င်းပြင် မွန်းလွဲပိုင်းအချိန်တွင်လည်း တပ်မ (၄၄) တပ်ရင်းမှ ငှက်ပျောတောကျေးရွာဘက်ကို ဒရုန်းဖြင့် နှစ်ကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ငှက်ပျောတောကျေးရွာတွင် လာရောက်အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီး တစ်ဦးနှင့် အမျိုးသား နှစ်ဦး သေဆုံးသွားခဲ့ပြီး အခြားအမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
“တပ်မ ၄၄ ကနေ ရွာတွေဘက်ကို ဒရုန်းနဲ့ရော၊ လက်နက်ကြီးတွေနဲ့လည်း ဆက်တိုက်ကို ပစ်နေတယ်။ တိုက်ပွဲဖြစ်နေမျိုးလည်း မရှိဘူး။ တမင်သက်သက်ကို ပစ်နေတာ။ လက်နက်ကြီးတွေ ဗုံးတွေ ကျကွဲလို့ အိမ်တွေ ပျက်စီးတယ်။ လူတွေလည်း ထိတယ်” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။
စစ်တပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်ထိခိုက်ပျက်စီးမှုလည်းရှိပြီး ဒေသခံတို့ကလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့ကလည်း တပ်မ ၄၄ ဌာနချုပ်ကနေ ၁၂၀ မမ လက်နက်ကြီးဖြင့် ဇီးကုန်းကျေးရွာက အသက် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့သေးသည်။
စစ်တပ်သည် ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာများဘက်ကို နေ့စဉ် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားထိခိုက်သေဆုံးမှုလည်း တိုးလာနေသည်ဟုလည်း ဒေသခံတို့က ပြောသည်။
၎င်းပြင် စစ်တပ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်၊ အရပ်သားပိုင် ပစ္စည်းများ၊ လုပ်ငန်းခွင်များလည်း ထိခိုက်ပျက်စီးမှု ရှိသည့်အပြင် ထောင်နှင့်ချီသည့် ဒေသခံပြည်သူတို့လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
စစ်တပ်က အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးဖြင့်ပါ ပစ်ခတ်နေခြင်းကြောင့် အရပ်သား ထိခိုက် သေဆုံးမှု၊ လူနေအိမ်နှင့် ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်နေသည်ဟု KNU က ထုတ်ပြန်ထားသည်။



