Homeသတင်းတိုက်ပွဲဆက်လက်ပြင်းထန်နေသည့် ပုလိန်ကျေးရွာအနီး အရပ်သား ၃ ဦး သေဆုံး

တိုက်ပွဲဆက်လက်ပြင်းထန်နေသည့် ပုလိန်ကျေးရွာအနီး အရပ်သား ၃ ဦး သေဆုံး

-

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ ပုလိန်ကျေးရွာအနီး နှစ်ဖက်တိုက်ပွဲအတွင်း ဒေသခံလူငယ် ၁ ဦးနှင့် ခရီးသွားပြည်သူ ၂ ဦး သေဆုံးခဲ့ရကြောင်း ကြာအင်းဆိပ်ကြီးဒေသခံများထံမှ သိရသည်။

အောက်တိုဘာလ ၁၂ ရက်နေ့၊ ညနေ ၄ နာရီကျော်အချိန်ခန့်က ပုလိန်ကျေးရွာအနီးတွင် KNLA တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကော်မရှင်စစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်မှုများလည်း ဆက်တိုက်ဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားစဉ် လမ်းပိုင်း၌ရှိနေသည့် ဒေသခံပြည်သူ ၃ ဦး ကျည်စထိမှန်မှုကြောင့်သေဆုံးခဲ့ရသည်ဟု ယူဆကြောင်း တံခွန်တိုင်ကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက ပြောသည်။

“သေသွားတာက ပုလိန်ကလူငယ် ၁ ယောက်နဲ့ ခရီးသည် ၂ ယောက်ပါ။ လူငယ်အလောင်းကတော့ လမ်းပေါ်မှာ ကျန်ခရီးသည်အလောင်းက ကားပေါ်မှာပဲ။ လမ်းမှာရပ်ထားတဲ့ ကား၊ ဆိုင်ကယ်တွေလည်း တော်တော်များများတော့ ကျည်ထိမှန်ထားတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

တိုက်ပွဲဆက်လက်ပြင်းထန်နေသည့် အခြေအနေဖြစ်သဖြင့် သေဆုံးသူများ၏ ရုပ်အလောင်းများ သိမ်းဆည်းရန် ခက်ခဲနေကြောင်းလည်း ဆိုသည်။

တိုက်ပွဲကြောင့် လမ်းသွားလမ်းလာဒေသခံနှင့် ခရီးသည်အချို့ကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်တို့က နေအိမ်တစ်နေရာတွင် ခေတ္တဖမ်းဆီးထိမ်းသိန်းခြင်းများလည်း လုပ်ဆောင်ခဲ့ပြီး အောက်တိုဘာလ ၁၃ ရက်နေ့၊ ညနေပိုင်းက ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

တံခွန်တိုင်ကျေးရွာအုပ်စု၊ ဇီးဖြူကုန်စစ်စခန်းသို့ အင်အားဖြည့်တင်းရန် အောက်တိုဘာလ ၁၁ ရက်နေ့ မှ စတင်ပြီး မုဒုံအခြေစိုက် အဘစ်အမြှောက်တပ်ရင်း ၃၁၈ မှ အင်အားရာချီခန့်ရှိသည့် စစ်ကြောင်း ၃ ကြောင်းဖြင့် အဘစ်-ပုလိန်-တံခွန်တိုင်လမ်းပိုင်းသို့ စတင်စစ်ကြောင်းထိုးလာခဲ့ရာမှ တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်။

ပုလိန်ကျေးရွာအနီးတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ယနေ့ချိန်အထိ ဆက်ရှိနေပြီး စစ်ရေးတင်းမာမှုလည်း ဆက်လက်ဖြစ်ပွားနိုင်သည့်အတွက် ပုလိန်၊ တံခွန်တိုင်၊ ခလယ် စသည့် ကျေးရွာ ၅ ရွာခန့်မှ ဒေသခံရာချီ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟု အခြားဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အဓိကတော့ ပုလိန်ကလူတွေတော့ စစ်ရှောင်ရတာက များတယ်။ ပုလိန်နဲ့နီးတဲ့ တံခွန်တိုင်ကလူတွေ အများစုလည်း ရှောင်တယ်။ ခလယ်ရွာကတော့ နည်းနည်းပဲ ရှောင်ကြသေးတယ်။ လောလောဆယ် တော့ နန်းသိုင်းထွန်ရွာ ဘုန်းကြီးကျောင်းမှာ ရှောင်နေကြတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

လတ်တလောတိုက်ပွဲကြောင့် အဘစ်-ပုလိန်-တံခွန်တိုင်ကားလမ်းပိုင်းကို ဖြတ်သန်းသွားလာရေး နှစ်ဖက်အဖွဲ့က တားမြစ်ထားပြီး ပုလိန်ကျေးရွာတွင် ကျန်ရှိသူများကိုလည်း ဘေးလွတ်ရာသို့ ပြောင်းရွေ့ရန် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက တားမြစ်ထားသည်ဟု သိရသည်။

စစ်ကော်မရှင်က တံခွန်တိုင်ကျေးရွာအုပ်စုရှိ ဇီးဖြူကုန်စစ်စခန်းသို့ စားနပ်ရိက္ခာပို့ဆောင်းခြင်း၊ တပ်ပြောင်းလဲရန်အတွက် အဘစ်တပ်ရင်းမှ တစ်နှစ်တစ်ကြိမ် စစ်ကြောင်းထိုးဝင်ရောက်လေ့ရှိ သော်လည်း ယခုတစ်ကြိမ်တွင် အင်အားဖြည့်တင်းသည့်သဘောဖြင့် ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့တို့က ပြောသည်။

ဇီးဖြူကုန်းစစ်စခန်းသို့ အင်အားဖြည့်တင်းသည့်နောက် မုဒုံ-ကျိုက်မရော-ကြာအင်းဆိပ်ကြီး- ဘုရားသုံးဆူကို ဆက်သွယ်ထားသည့် ချောင်းနှစ်ခွနှင့် ဒါလီတံတားပြုပြင်ရာတွင် သွားရောက်လုံခြုံရေးပေးရန် စစ်တပ်ဘက် စီစဉ်နေကြောင်းလည်း သိရသည်။

No comments yet

Be the first to comment.

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts