စစ်အုပ်စု၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဝေဖန်လေ့ရှိသည့် မလေးရှားသည် လက်ရှိတွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို တရားဝင်ခရီးစဉ်အဖြစ် လာရောက်ရန် ဖိတ်ခေါ်ခဲ့သည်။
ထို့ကြောင့် စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် ယခုရက်ပိုင်းအတွင်း မလေးရှားသို့ သွားရောက်မှာဖြစ်ပြီး မလေးရှားတွင် ထိန်းသိမ်းခံထားရသော ဒုက္ခသည်များအရေး ဆွေးနွေးကြမည်ဟု သိရသည်။
မလေးရှားနိုင်ငံအနေဖြင့် ဦးမင်းအောင်လှိုင်အား ဖိတ်ခေါ်ခြင်းသည် မြန်မာ့အရေးအပေါ် သဘောထား ပြောင်းလဲသွားခြင်း မဟုတ်ဘဲ ၎င်းတို့ နိုင်ငံရှိ ဒုက္ခသည်အရေးကိစ္စရပ်များ လျှော့ချလို၍ ဖြစ်ကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ၏ အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြောသည်။

“မလေးရှားကလည်း သူရဲ့ interest ပေါ့ဗျာ၊ သူရဲ့ အကျိုးစီးပွားအတွက် ခေါ်တာပါ။ သူတို့ မလေးရှားမှာ ရွေးကောက်ပွဲ ရှိတယ်ဗျ။ လက်ရှိ အန်ဝါတို့ ပေါ့၊ လက်ရှိ အာဏာရထားတဲ့ ပါတီက သိပ်ခြေနေ မကောင်းဘူး။ အဲဒီတော့ သူတို့က ဘာကို ပြောလာလဲဆိုတော့ မလေးရှားမှာ ဒုက္ခသည် ၂ သိန်းကို ကျွေးထားတာ သူတို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်တယ်ပေါ့ဗျာ။ အဲဒါကို သူတို့က လျှော့ချချင်တဲ့အတွက် ဗမာပြည်ကို ပြန်ပို့တာပေါ့။ အခုတော့ ပထမအသုတ် ပို့နေတယ်လေ။ ဘာဘဲပြောပြော သူက မလေးရှားက အာဆီယံထဲမှာ အခု မင်းအောင်လှိုင် သမ္မတ ဖြစ်ပြီးသွားတဲ့ ၅ နိုင်ငံမြောက် တိုင်းပြည်ဗျ။ ရိုးရိုးလေး ပြောရရင် မလေးရှားကလည်း သူ နိုင်ငံရေး အကျပ်အတည်းအတွက် မြန်မာ ဒုက္ခသည် ကိစ္စကို သူက အသုံးချတာ၊ သူရဲ့ အကျိုးစီးပွားအတွက်၊ သူ့ပါတီ အနိုင်ရရေးအတွက် လုပ်သလို မင်းအောင်လှိုင်ကလည်း သူ့ကို တရားဝင် အာဆီယံထဲက နိုင်ငံက ဖိတ်ပါတယ်ဆိုတဲ့ အကျိုးစီးပွားအတွက် ကြောင့်ပါ။ ကျန်တာ ဘာမှ ဘယ်သူ့ရဲ့ အကျိုးစီးပွားမှ မဟုတ်ပါဘူး။ နှစ်ဖက် မလေးရှား နိုင်ငံရေးသမားတွေနဲ့ မြန်မာ စစ်ခေါင်းဆောင်တို့ရဲ့ အကျိုးစီးပွားအတွက် ဒီ ခရီးစဉ် ဖြစ်လာတယ်လို့ပဲ ပြောပါရစေ ခင်ဗျာ” ဟု ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်က မလေးရှားသည် အမျိုးသမီးနှင့် ကလေးများအပါအဝင် မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို စစ်အုပ်စုတို့နှင့် ချိတ်ဆက်၍ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မှုများ ပြုလုပ်ခဲ့သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မလေးရှားနိုင်ငံခရီးစဉ်ကို ကန့်ကွက်ရှုတ်ချသည့်အနေဖြင့် အောက်တိုဘာ ၇ ရက် တစ်ရက်တာ အလုပ်ရပ်နား သပိတ်မှောက် လှုပ်ရှားမှုတွင် ပါဝင်ကြရန် Myanmar Affairs Alliance – MAA က အသိပေးတိုက်တွန်းခဲ့သည်။
ဦးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံသားများက ရွေးချယ်တင်မြှောက်ထားသော သမ္မတ မဟုတ်ဘဲ နိုင်ငံအနှံ့ရှိ ပြည်သူများအား နေ့စဉ် လေကြောင်းမှ ဗုံးကြဲသတ်ဖြတ်နေသော သွေးစွန်းနေသည့် စစ်ရာဇဝတ်ကောင်သာ ဖြစ်ကြောင်း MAA က ဆိုသည်။
အာဆီယံနှင့် စစ်အုပ်စုတို့ သဘောတူခဲ့သည့် အာဆီယံဘုံသဘောတူညီချက် (၅) ချက်သည်လည်း အကောင်အထည်ဖော်မှု မရှိသည့်အတွက် အခြားသောနည်းလမ်းများဖြင့် ချဉ်းကပ်ခြင်းလည်း ဖြစ်နိုင်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောသည်။
“အဲဒီလို ပြောင်းလဲလာပြီလို့ အတိအကျကတော့ ပြောလို့မရသေးဘူးလို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုရင် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒက ဒီအာဆီယံ 5 point consensus ကလည်း ပျက်ပြယ်သွားတာ မဟုတ်တဲ့ အခြေအနေဖြစ်တယ်၊ အဲဒါကြောင့် အာဆီယံ 5 point consensus အပေါ်မှာလည်း မလေးရှားအစိုးရမှာလည်း တာဝန်ရှိတာ ဖြစ်တဲ့အတွက်ကြောင့် မလေးရှာအစိုးရရဲ့ မူဝါဒ၊ သဘောထားကတော့ တစုံတရာ နည်းပရိယာယ်နဲ့ ချည်းကပ်တဲ့ ပုံစံမျိုးကတော့ ရှိနိုင်တဲ့အခြေအနေ ရှိတယ်၊ ဒါပေမဲ့ အလုံးစုံပြောင်းလဲမှု ရှိလား/မရှိဘူးလား ဆိုတာကတော့ စောင့်ကြည့်ရဦးမယ်လို့ မြင်တယ်” ဟု ပြောသည်။
မလေးရှားနိုင်ငံသည် မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို တင်းတင်းကျပ်ကျပ် ကိုင်စွဲထားပြီး စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဝေဖန်ခဲ့သည့် နိုင်ငံဖြစ်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားဝင်ခရီးစဉ်အဖြစ် မလေးရှားနိုင်ငံက လက်ခံတွေ့ဆုံမည့်အပေါ် အာဆီယံလွှတ်တော်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR) က ကန့်ကွက်ထားပြီး ယခုကဲ့သို့ လက်ခံခြင်းသည် စစ်အုပ်စုကို တရားဝင်မှုရရှိစေနိုင်သည်ဟု သတိပေးထားသည်။
လက်ရှိတွင်လည်း မလေးရှားနိုင်ငံမှာ ပြန်လည်ခေါ်ဆောင်ခဲ့သော မြန်မာနိုင်ငံသားများကို ထိန်းသိမ်းရေးစခန်းများတွင် ထားရှိ၍ စစ်မှုထမ်းဥပဒေအရ အသက်အပိုင်းအခြားတွင် အကျုံးဝင်သည့် လူငယ်များ တပ်သားသစ်အဖြစ် စုဆောင်းခံရမည့် အခြေအနေများလည်း ကြုံတွေ့နိုင်ကြောင်း နိုင်ငံရေး သုံးသပ်သူများက ပြောသည်။




