အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှု ကျဆင်းလာခြင်းအတူ မြန်မာနိုင်ငံတွင် စိတ်ကြွမူးယစ်ဆေးဝါးများကို စျေးပေါပေါနှင့် လူငယ်များအကြား လက်လှမ်းမှီလာသည်။
ကတ်တမင်း၊ မက်သာဖက်တမင်း၊ ICE နှင့် WY လို စိတ်ကြွမူးယစ်ဆေးပြားများက ထမင်းတစ်နပ်စာထက်ပင် စျေးချိုနေသည်။ ရန်ကုန်ကဲ့သို့ မြို့ကြီးများတွင်ပင် WY ဆေးပြားများကို ၅၀၀ ကျပ်ခန့်မှ စတင်ဝယ်ယူနိုင်ပြီး ရောင်းပေးနေသူများလည်း ပေါပေါများများရှိသည်။
နောက်ဆက်တွဲမှာ စိတ်ကြွမူးယစ်ဆေးဝါးများနှင့် နောက်ဆက်တွဲ အန္တရာယ်ရှိသော လိင်ဆက်ဆံမှုများကြောင့် ဆယ်ကျော်သက်များကြား HIV ကူးစက်မှုနှုန်း မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ နောက်ဆုံးထုတ်ပြန်ခဲ့သောစာရင်းများအရ ၂၀၂၀ မှ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် HIV ကူးစက်ခံရသူ ၆ သောင်းခန့် များလာကြောင်း တွေ့ရသည်။
◼HIV ဆိုသည်မှာ
HIV (Human Immunodeficiency Virus) ဆိုသည်မှာ လူ၏ ခန္ဓာကိုယ်အတွင်းရှိ ရောဂါများကို ခံကင်းပေးသည့် ကိုယ်ခံအားစနစ်ကို တိုက်ရိုက်ဖျက်ဆီးသည့် ဗိုင်းရပ်စ်ပိုး ဖြစ်သည်။
အဆိုပါ ဗိုင်းရပ်စ်ပိုးသည် ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားပါက သွေးဖြူဥများကို တဖြည်းဖြည်း ဖျက်ဆီးပစ်သဖြင့် ခန္ဓာကိုယ်၏ ရောဂါများကို တိုက်ထုတ်နိုင်စွမ်း လျော့ကျသွားသည်။
HIV ပိုး ကူးစက်ခံရပါက သင့်တော်သည့် ဆေးဝါးကုသမှု မယူပါက ခန္ဓာကိုယ် ကိုယ်ခံအား လုံးဝကျဆင်းသွားသည့် အေဒီအက်စ် (AIDS) အဆင့်သို့ ရောက်ရှိသွားနိုင်ပြီး အခြား ကူးစက်ရောဂါများကြောင့် အသက်အန္တရာယ် ထိခိုက်နိုင်သည်။

HIV ကူးစက်ခံထားရသူ၏ သွေး၊ သုတ်ရည်နှင့် မသန့်ရှင်းသော ဆေးထိုးအပ်များကို မျှဝေသုံးစွဲခြင်းနှင့် ပိုးရှိသော မိခင်မှ ကလေးသို့ ကာလအတွင်း ကူးစက်နိုင်သည်။ သို့သော် သာမန် လက်ဆွဲနှုတ်ဆက်ခြင်း၊ အတူစားသောက်ခြင်၊ အိမ်သာတစ်ခုတည်းအား မျှဝေသုံးစွဲခြင်းနှင့် အဝတ်အစား မျှဝေဝတ်ဆင်ခြင်းတို့မှ ကူးစက်ခြင်း မရှိပေ။
◼ မူးယစ်ဆေးနှင့် အန္တရာယ်ရှိသော လိင်ဆက်ဆံမှု
လူငယ်များကြား ကလပ်၊ ဘားနှင့် ညဘက်အပျော်အပါး လိုက်စားမှုမှာ ယခင်ကာလများထက် ပို၍ မြင့်တက်လာသည်မှာ မျက်မြင်ကိုယ်တွေ့ပင် ဖြစ်သည်။
အာဏာမသိမ်းခင်ကာလများက ဘား၊ ကလပ်များတွင် မူးယစ်ဆေးသုံးစွဲနိုင်သည်မှာ စစ်တပ်၊ ရဲနှင့် လူကြီးအသိုင်းအဝိုင်းများကဲ့သို့ အခွင့်ထူးခံပုဂ္ဂိုလ်များအတွက်သာဖြစ်ကြောင်း မူးယစ်ရဲဌာနမှ CDM လုပ်ခဲ့သူက ပြောပြသည်။
ထိုကာလများတွင် ကတ်တမင်း K နှင့် အက်စ်တစီ E မူးယစ်ဆေးများမှာ စျေးကြီးပေးဝယ်ရပြီး ယခုအခါ ငွေကျပ် သောင်းဂဏန်းဖြင့် လူတိုင်းသုံးစွဲနိုင်သည်။
အဆိုပါမူးယစ်ဆေးများကြောင့် HIV မကူးစက်သော်လည်း မူးယစ်ဆေးသုံးပြီးနောက် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကဲ့သို့သော ဖြစ်စဉ်များက HIV ကူးစက်မှုများကို ဖြစ်လာစေသည်ဟု HIV ပညာပေး ကျန်းမာရေးဝန်ထမ်းများက ပြောသည်။
အခြားတဘက်တွင် လိင်ဆက်ဆံမှုတွင်လည်း အသုံးပြုနိုင်သည့် လက်ဖျံတွင် ဆေးထိုးအပ်နှင့် ထိုးကာသုံးစွဲရသော ICE စျေးကွက်လည်းရှိသည်။ ထိုမှတဆင့် ဆေးထိုးအပ်အတူတူ သုံးစွဲခြင်း၊ အထိန်းအကွပ်မဲ့ အသိစိတ်ပျောက်နေသော အခြေအနေများက အန္တရာယ်ရှိသော လိင်ဆက်ဆံသည့် အခြေအနေများကို တွန်းပို့နေပေသည်။
◼ ART ဆေးဝါး ကန့်သတ်ချက်များ
HIV ပိုး ထိန်းချုပ်ရေးတွင် အဓိကကျသည့် Antiretroviral Therapy (ART) ဆေးဝါးများသည် ပိုးကူးစက်ခံရသူများ၏ သွေးအတွင်း ပိုးကောင်ရေကို လျှော့ချပေးပြီး သာမန်လူကဲ့သို့ အသက်ရှည်ရှည် နေထိုင်နိုင်ရေးအတွက် မရှိမဖြစ် လိုအပ်သည်။ ထို့ပြင် အခြားသောလူကိုပင် မကူးစက်နိုင်သည်အထိ ထိန်းချုပ်နိုင်သည်။
ဤကဲ့သို့သော အခြေအနေတွင် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) နှင့် အဓိက ကျန်းမာရေး လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် လွန်စွာ အရေးပါလျက်ရှိသည်။ NGO များက ကူးစက်ခံရသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကာကွယ်ပေးခြင်း၊ နိုင်ငံအနှံ့တွင် အခမဲ့သွေးစစ်ပေးခြင်း ART ဆေးများ အခမဲ့ထုတ်ပေးခြင်းများ လုပ်ဆောင်ပေးခဲ့သည်။
သို့သော် စစ်တပ်က NGO များမှတဆင့် ART ဆေး ထုတ်ပေးမှုကို ၂၀၂၅ ခုနှစ်မှ စတင်ကာ ရပ်ဆိုင်းရန် တင်းကြပ်လိုက်သည်။
ထို့ပြင် အစိုးရကျန်းမာရေးဌာနများတွင်သာ တန်းဆီစောင့်ဆိုင်း ထုတ်ယူရမည်ဆိုသည့် စစ်တပ်က ဆေးဝါးထုတ်ယူသူများ၏ ကိုယ်ရေးအချက်အလက်များကို တင်းကြပ်စွာ စိစစ်ခြင်းတို့ကြောင့် လူငယ်အများစုမှာ လူသိခံရမည်ကို စိုးရိမ်ခြင်းကြောင့် ART ဆေးဝါး ပုံမှန်သွားရောက်ထုတ်ယူရန် ဝန်လေးနေကြသည်။ အချို့မှာ တဆင့်ခံ စျေးကြီးပေးဝယ်ယူသောက်သုံးနေရသူများလည်း ရှိသည်။
ကျန်းမာရေး လုပ်သားများက လူငယ်များနှင့် ဆယ်ကျော်သက်များကို သတိပေးထားသည်မှာ HIV အပါအဝင် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများမှ ကာကွယ်ရန် ကွန်ဒုံး (Condom) စနစ်တကျ အသုံးပြုရန်၊ စိတ်ကြွမူးယစ်ဆေးဝါး သုံးစွဲမှုကို ရှောင်ကြဉ်ရန်နှင့် အကယ်၍ အန္တရာယ်ရှိသော စွန့်စားမှု ပြုလုပ်ခဲ့မိပါက ဆေးရုံ/ဆေးခန်းများတွင် တတ်နိုင်သမျှ မြန်မြန် သွေးစစ်ဆေးမှုနှင့် တိုင်ပင်ဆွေးနွေးမှုများ ရယူကြရန် အလေးအနက် တိုက်တွန်းထားသည်။
လူငယ်များကြား HIV ကူးစက်မှုနှုန်း မြင့်မားလာသည်မှာ မြန်မာနိုင်ငံတစ်နိုင်ငံထဲတွင် မဟုတ်ပေ။ ထိုင်းနိုင်ငံတွင် နှစ်စဉ်တိုးပွားလာသည့် HIV ကူးစက်မှုအသစ်များအနက် သုံးပုံတစ်ပုံက အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်း လူငယ်များဖြစ်နေသည်ဟု ထိုင်းသတင်းမီဒီယာများက ဖော်ပြသည်။
သို့သော်လည်း ထိုင်းနိုင်ငံတွင် ပွင့်လင်းများပြားသည့် လိင်ပညာပေးအစီအစဉ်များ၊ ART ဆေးများကို အခက်အခဲမရှိ အခမဲ့ရရှိနေမှုများကြောင့် ကူးစက်ခံရသူများအတွက် အဆင်ပြေသော်လည်း မြန်မာနိုင်ငံနှင့် အခြေအနေများမှာ ဆန့်ကျင်ဘက်ပင် ဖြစ်နေသည်။




