Homeသတင်းမွန်ညီညွတ်ရေးပါတီ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်မည်

မွန်ညီညွတ်ရေးပါတီ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်မည်

-

စစ်အုပ်စု ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီ (MUP) ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဟု ပါတီခေါင်းဆောင်ထံမှ သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် ၂၀၂၇ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အပါအဝင် လွှတ်တော်မဲဆန္ဒနယ် ၅၅ ခုတွင် ကျင်းပသွားမည်ဖြစ်ကြောင်း စစ်အုပ်စု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က နိုဝင်ဘာ ၅ ရက်တွင် ထုတ်ပြန်ထားသည်။

မွန်ညီညွတ်ရေးပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သော်လည်း လက်ရှိတွင် ကိုယ်စားလှယ်လောင်း ရွေးချယ်ထားခြင်း မရှိသေးကြောင်း MUP ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းလဝီက ပြောသည်။

“MUP အနေနဲ့ကျတော့ ကျနော်တို့ CEC အစည်းအဝေးကျတော့ ဆုံးဖြတ်ချက် ချထားတယ်ပေါ့၊ ဘယ်သူပါမယ်၊ ဘယ်သူကို ရွေးတယ်တော့ မလုပ်ရသေးဘူး။ မရွေးရသေးဘူးပေါ့။ ဆုံးဖြတ်ချက်တော့ ချထားတယ်။ တင်ဖို့ရှိတယ်။ ကျနော်တို့ပါတီအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ဖို့ တစ်နေရာပဲ ရှိတယ်ဆိုတော့ ကြားဖြတ်ဝင်ဖို့ ရှိတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲ ပထမပိုင်းတွင် ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားလှယ်လောင်း ဦးမျိုးမြင့် အနိုင်ရရှိခဲ့သော်လည်း

ဦးမျိုးမြင့်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည့်အတွက် ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်‌နေခြင်းဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် ကျိုက်မရောမြို့နယ်တွင် မွန်ရွာကြီးများ ပါဝင်လာသည့်အတွက် မိမိတို့ မွန်ညီညွတ်ရေးပါတီအနေဖြင့် အောင်နိုင်ခြေအလားအလာ ရှိကြောင်းလည်း နိုင်ကောင်းလဝီက ဆက်ပြောသည်။

“ဒီတရားဝင် ကြေညာထားတဲ့ မွန်ရွာတွေက အတည်တကျဖြစ်မယ်ဆိုရင်တော့ ကျနော်တို့ မွန်ညီညွတ်ရေးပါတီအနေနဲ့ ဘယ်သူမဆို ကိုယ်စားလှယ်လောင်းအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်မယ်ဆိုရင် နိုင်ချေအလားအလာ အများကြီး ရှိတာပေါ့နော်။ ဒါတောင်မှ တရနာတို့က အခုလောလောဆယ်က တိုက်ပွဲဖြစ်တယ်။ နောက်ပြီးတော့ ကော့ဒွန်း၊ ကော့ပနောကျတော့ အဲမှာလည်း ဖြစ်နေတာပဲ။ ကော့ဒွန်း၊ ကော့ပနောကျတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးဖို့တော့ မရှိဘူးပေါ့နော်။ အဲလို သူကြေညာထားတဲ့ ရွာကြီးတွေ ရှိမယ်။ ရွာကြီးတွေက ပုံမှန်အတိုင်း ရှိမယ်ဆိုရင်တော့ ကျနော်တို့ မွန်ညီညွတ်ရေးပါတီအနေနဲ့ နိုင်ချေအလားအလာ အများကြီး ရှိတာပေါ့နော်” ဟု ပြောသည်။

တစ်ဖက်မှာလည်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ကျိုက်မရောမြို့နယ်တွင် စစ်ရေးပဋိပက္ခများဖြစ်ပွားနေပြီး၊ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့ကပင် စစ်တပ် တပ်စခန်း ၃ ခုကို ရာမညမွန်တပ်တော် (RMA) က ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

အာဏာသိမ်းစစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တို့တွင် နှစ်ပိုင်းခွဲပြီး ကျင်းပပြုလုပ်ခဲ့သည်။

အာဏာသိမ်းစစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲကို ကျင်းပပြီး အရပ်သားအသွင် ပြောင်းလဲ သွားသော်လည်း အရပ်သားပြည်သူလူထုအပေါ် အကြမ်းဖက်မှုများကို နေ့စဉ်ရက်ဆက် ပြုလုပ်နေကြောင်း တော်လှန်ရေးအင်အားစုများက ပြောကြားထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
41,000SubscribersSubscribe

Latest posts