Homeသတင်းကျိုက်ဟလှိုင်ဘုရားပွဲတော်ကို နွားလှည်းဖြင့် လာရောက်ပါက ဆုတော်ငွေများ ချီးမြှင့်ရန်စီစဉ်

ကျိုက်ဟလှိုင်ဘုရားပွဲတော်ကို နွားလှည်းဖြင့် လာရောက်ပါက ဆုတော်ငွေများ ချီးမြှင့်ရန်စီစဉ်

-

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ နှစ်ကရင်ကျေးရွာအနီးရှိ ရှေးဟောင်းသမိုင်းဝင် ကျိုက်ဟလှိုင်စေတီတော် ဘုရားပွဲတော်သို့ မွန်ရိုးရာဓလေ့ နွားလှည်းဖြင့် လာရောက်ဖူးမြော်သူများကို ဆုတော်ငွေများ ချီးမြှင့်ပေးရန် စီစဉ်နေကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

ကျိုက်ဟလှိုင်ဘုရားပွဲသည် ပင်လယ်ကမ်းခြေဘုရားပွဲတစ်ခုဖြစ်ပြီး ရှေးဟောင်းယဉ်ကျေးမှုနှင့် ဆက်စပ်သည့် သမိုင်းအထောက်အထားများလည်း ရှိသည့်အတွက် ဘာသာရေးအရသာမက မွန်ရိုးရာဓလေ့ထုံးတမ်းတွက် အရေးပါသည့် ရိုးရာပွဲတော်တစ်ခု ဖြစ်သည်။

ပျောက်ကွယ်လာနေသည့် ရိုးရာနွားလှည်းအသုံးပြုသည့် ဓလေ့ကို ပြန်လည်ဖော်ထုတ်သည့်အနေဖြင့် လာမည့် သီတင်းကျွတ်လဆုတ် ၄ ရက်နှင့် ၅ ရက်နေ့ ဘုရားပွဲရက်များတွင် နွားလှည်းဖြင့် လာရောက်ဖူးမြော်သူများကို ဆုတော်ငွေ ချီးမြှင့်ပေးရန် စီစဉ်ထားသည်ဟု ဘုရားဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သီတင်းကျွတ်တာနဲ့ မွန်ပြည်နယ်တစ်ခွင်မှာ ဘုရားပွဲဆိုရင်တော့ ဒီကျိုက်ဟလှိုင်ဘုရားက ပထမဦးဆုံး ကျင်းပပြုလုပ်ရတဲ့ ဘုရားပွဲတော်လို့ ဆိုရမှာပါ။ နွားလှည်းတွေနဲ့ ဘုရားပွဲတော်လာတဲ့ဓလေ့က ပျောက်လာတယ်ပေါ့နော်။ အဲကြောင့် မွန်ရိုးရာနွားလှည်းလေးတွေနဲ့ အရင်လို ဘုရားပွဲတော်လာတဲ့ ရိုးရာဓလေ့ကို ပြန်ဖော်စေချင်လို့ပါ” ဟု အထက်ပါ ဂေါပကအဖွဲ့ဝင် ပြောသည်။

ဆုတော်ငွေ ချီးမြှင့်မည့် အစီအစဉ်၊ ပါဝင်နိုင်မည့် နွားလှည်းအရေအတွက်နှင့်ပတ်သတ်၍ အသေးစိတ်အချက်အလက်များကို ပွဲတော်ကျင်းပရက် နီးကပ်လာချိန်တွင် ထပ်မံ အသိပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ယခင်က ကျိုက်ဟလှိုင်ဘုရားပွဲတော်သို့ နွားလှည်းများဖြင့် လာရောက်ဖူးမြော်ကြသော်လည်း ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် နွားလှည်းဖြင့် ဘုရားဖူးသည့် ဓလေ့မှာ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်ဟု အထက်ပါ ဂေါပကအဖွဲ့ဝင်က ဆက်ပြောသည်။

“ကျနော်တို့ ငယ်ငယ်တုန်းကဆို ဘုရားပွဲကို နွားလှည်းနဲ့ပဲ သွားကြတယ်။ နွားလှည်းမရှိတဲ့လူပျိုတွေဆို ဒီလိုဘုရားပွဲတော်နေ့တွေမှာ ပြတ်ကြတဲ့အထိ ဖြစ်ခဲ့ကြတယ်။ အခုက အဲလိုချစ်စရာဓလေ့တွေက အကုန်ပျောက်ကုန်ပြီ။ အဲဒါကြောင့် အဲလိုနွားလှည်းတွေနဲ့ လာရောက်ဘုရားဖူးတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဆုပေးဖို့ စီစဉ်ထားရတာ။ ” ဟု ၎င်းက ပြောသည်။

မွန်လူမျိုးများအတွက် နွားလှည်းသည် သွားလာရေးအတွက်သာမက ဘုရားပွဲနှင့် အလှူပွဲများတွင် မိသားစုလိုက် ရွာလုံးကျွတ် လှည်းများတန်စီ၍ ဘုရားဖူးသည့်ဓလေ့နှင့် လှည်းယာဉ်အလှပြပြိုင်ပွဲများတွင်လည်း အသုံးပြုကြသည်။

သို့သော် ခေတ်ကာလပြောင်းလဲလာသည်နှင့်အမျှ မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်များ ပိုမိုအသုံးပြုလာခြင်း၊ သွားလာရေးပုံစံများ ပြောင်းလဲလာခြင်းတို့ကြောင့် နွားလှည်းဖြင့် သွားလာအသုံးပြုမှုမှာ တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။

ထိုကြောင့် နွားလှည်းနှင့် ဆက်နွှယ်သည့် ရိုးရာဓလေ့များသာမက ယခင်က ဘုရားပွဲတော်များတွင် တွေ့မြင်ရသည့် လူငယ်များ၏ စုပေါင်းသွားလာမှု၊ ရိုးရာပွဲတော်အမှတ်တရများနှင့် ပါဝင်ဆင်နွှဲသည့် ပုံစံများလည်း ပြောင်းလဲလာနေသည်ဟု သက်ကြီးပိုင်းဒေသခံများက ပြောသည်။

ထို့ကြောင့် ကျိုက်ဟလှိုင်ဘုရားပွဲတော်တွင် နွားလှည်းဖြင့် ဘုရားဖူးသည့် ရိုးရာဓလေ့ကို ပြန်လည်ဖော်ထုတ်ပြသသွားမည်ဖြစ်သည့်အပြင် နောင်မျိုးဆက်များအထိ ဆက်လက်ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ပြုလုပ်သွားမည်ဖြစ်သည်။

ယခုနှစ်ဘုရားပွဲတွင် ရပ်ဝေးရပ်နီးမှ ဘုရားဖူးဧည့်သည်များ ယခင်ထက်များထက် လွယ်ကူအဆင်ပြေစွာ ဧည့်ခံကျွေးမွေးနိုင်ရန် ဘုရားပွဲစီစဉ်သူများနှင့် ရပ်မိရပ်ဖများက ကြိုတင်ပြင်ဆင်မှု လုပ်ဆောင်နေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts