မွန်ပြည်နယ်၊ ရေးချောင်းဖျားဒေသ၊ မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေအတွင်း စစ်ကော်မရှင်တပ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံများ အကူအညီလိုအပ်နေသည်။
တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသည့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းရှိ ဖလံချောင်းဝနှင့် ချဲတိုက်ကျေးရွာတို့ကို စစ်တပ်က နိုဝင်ဘာလ ၁၅ နှင့် ၁၆ ရက်နေ့တို့တွင် နှစ်ရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
စစ်တပ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး၊ ၂၀ ကျော်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဖလံချောင်းဝ၊ ချဲတိုက်ကျေးရွာအပါအဝင် အနီးနားက ကျေးရွာ ၅ ရွာခန့်က ဒေသခံ တစ်ထောင်နီးပါး ဘေးလွတ်ရာနေရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးက ပြောသည်။
“ဖလံချောင်းဝကတော့ တစ်ရွာလုံးနီးပါး ရှောင်နေရတယ်။ ရွာမှာတော့ အိမ်စောင့်တဲ့လူနည်းနည်းပဲ ကျန်တယ်။ ကလေးတွေရော၊ အမျိုးသမီးတွေရောက ရွာမှာ မနေရဲကြတော့ဘူး။ ဗုံးကြဲခံရတဲ့ရွာအပြင် အဲဒီအနီးအနားက ရွာတွေလည်း ရှောင်နေကြတာရှိတယ်။ ရှောင်နေတဲ့သူကတော့ ထောင်ချီရှိတယ်” ဟု အထက်ပါဒေသခံက ပြောသည်။
ထွက်ပြေးတိမ်းရှောင်နေရသူများအတွက် အစားအသောက်၊ နေရာထိုင်ခင်း၊ ဆေးဝါး စသည့် အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်အရေးကူညီနေသူတို့က ပြောသည်။
“လောလောဆယ်တော့ လူဦးရေစာရင်းတွေ၊ အိမ်ထောင်စုစာရင်းတွေကို လိုက်လံကောက်ယူနေတုန်းပဲ။ သူတို့အတွက် အဓိကကတော့ စားသောက်ကုန်နဲ့ ဆေးဝါးက တော်တော်လိုအပ်နေတယ်။ ဈေးဆိုင်တွေ ပိတ်ထားကြတော့ ငွေရှိလည်း ဝယ်ယူလို့မရနေကြဘူး” ဟု စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောသည်။
ရေးချောင်းဖျားဒေသ၊ မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေအတွင်းကို စစ်ကော်မရှင်တပ်က လေယာဉ်ဖြင့် နေ့စဉ်ကင်းထောက်ပျံသန်းမှုများ ပြုလုပ်နေသည့်အပြင် ဗုံးကြဲတိုက်ခိုက်မှုများလည်း ဆက်တိုက် ပြုလုပ်နေသည်။
နယ်မြေအတွင်း စစ်ကော်မရှင်တပ် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေမှုအပေါ် မွန်ပြည်သစ်ပါတီ (NMSP) အနေဖြင့် တစုံတရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။




