Homeသတင်းမွန်လူငယ်များကြား မူးယစ်ဆေးဝါးသုံးစွဲမှုလျော့ကျရန်  NMSP-AD မှ ရောင်းဝယ်ဖောက်ကားမှုများကို အရေးယူ

မွန်လူငယ်များကြား မူးယစ်ဆေးဝါးသုံးစွဲမှုလျော့ကျရန်  NMSP-AD မှ ရောင်းဝယ်ဖောက်ကားမှုများကို အရေးယူ

-

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD မှ မွန်လူငယ်များကြား မူးယစ်ဆေးဝါးသုံးစွဲမှုလျော့ကျရန် ရောင်းဝယ်ဖောက်ကားမှုလုပ်ဆောင်နေသူများကို ဖမ်းဆီးအရေးယူမှု ဆက်တိုက်လုပ်ဆောင်နေသည်ဟု မြေပြင်သတင်းအရင်းမြစ်နှင့် NMSP-AD တာဝန်ရှိသူများမှ သိရသည်။

လတ်တလော NMSP-AD အုပ်ချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါးနှင့် ဘိန်းစာရွက်ရောင်းဝယ်မှု အကြီးစားလုပ်ဆောင်နေသူ အပါအဝင် ၄၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး၊ ရောင်းဝယ်မှုပပျောက်သည်အထိ ဖမ်းဆီးမှု လုပ်ဆောင်သွားမည်ဟု NMSP-AD မြောက်ပိုင်းဒေသကွပ်ကဲရေးတာဝန်ခံ နိုင်သူရဌေးမှ IMNA ကို ပြောသည်။

“မူးယစ်ဆေးဝါးပြဿနာက ဒီတိုင်းထားထားလို့မရဘူး၊ လူမျိုးကို အဓိကဖျက်ဆီးသူလို့ သတ်မှတ်ပြီး ရောင်းဝယ်သူတွေ မရှိတော့တဲ့အထိ ဆက်ဖမ်းသွားမယ်။ သုံးစွဲသူများကို ပညာပေးအနေနဲ့ ဆက်လုပ်ဆောင်သွားမယ်။ အခုဖမ်းထားတဲ့သူတွေက မြောက်ပိုင်းဘက်ဆို မြောက်ပိုင်းအုပ်ချုပ်မှုရဲ့ တရားဥပဒေအောက်မှာပဲ ပြစ်မှုပြစ်ဒဏ်ကြီးလေး ဘယ်နှစ်နှစ်ကို သူတို့ပဲချမှတ်မယ်” ဟု၎င်းကပြောသည်။

ဖမ်းဆီးရရှိသည့် မူးယစ်ဆေးဝါးပမာဏအရ မည်သည့်ပြစ်မှု ပြစ်ဒဏ်ဖြင့် အရေးယူမှုလုပ်ဆောင်မည်ကို ပြည်သူများထံ ၂၀၂၅ ခုနှစ်ကတည်းက ရှင်းလင်း အသိပေးပြီးသားဖြစ်သည်ဟုလည်း နိုင်သူရဌေးကဆိုသည်။

ယခုစက်တင်ဘာလအတွင်း မုဒုံမြို့နယ် ထုံမံရွာခံ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို မူးယစ်ဆေးဝါးရောင်းဝယ်မှုဖြင့် ဖမ်းဆီးထားပြီး၊ ဩဂုတ်လကုန်ပိုင်းတွင် ကော့ပီထော်ရွာခံ အမျိုးသမီး ၁ ဦးကိုလည်း မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုဖြင့် NMSP-AD မှဖမ်းဆီးခေါ်ဆောင်ထားသည်။

မူးယစ်ဆေးဝါး‌ရောင်းဝယ်မှုကို စစ်တပ်မှ မွန်ဒေသတွင်း အခွန်ကောက်ရယူကာ အရေးယူခြင်းမရှိဘဲ တိုင်းရင်းသားလူငယ်များ ဦးဆောင်မှု၊ နိုင်ငံရေးအတွင်းပါဝင်မှု မရှိစေရေးအတွက် ရည်ရွယ်ချက်ရှိရှိ ဖျက်စီးနေသည်ဟုလည်း ပြောသည်။

မွန်ဒေသအတွင်း အသက်မပြည့်သေးသည့် လူငယ်နှင့် ကျောင်းသားများကြား မူးယစ်ဆေးဝါးများ တရားဝင်သဖွယ် ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနေလာသည့်အပေါ် ယခုကဲ့သို့ ဖမ်းဆီးအရေးယူမှုကို အားပေးကြောင်း မုဒုံဒေသခံတစ်ဦးက ဆိုသည်။

“ကလော့သော့၊ ကော့ပီထော်၊ ထုံမံမှာ ဖမ်းဆီးဖို့ရှိသေးတယ်လို့ ပြောထားတယ်။ ဒီလိုရောင်းတဲ့သူကို ဖမ်းဆီးလိုက်တာလည်း သုံးစွဲတဲ့သူတွေ ထိုက်သင့်သလောက်နည်းလာမယ်။ ရောင်းတဲ့သူတွေကျ ကလေး၊ အသက်ပြည့်မပြည့် မသိဘူး၊ ရောင်းတယ်။ ကျောင်းမသွားခင်၊ ကျောင်းဆင်းချိန်ဆို ဝယ်တယ်။ အဲလိုဖြစ်နေတာ။ ” ဟု ၎င်းကပြောသည်။

မူးယစ်ဆေးဝါးကြောင့် လူငယ်များ၏ အတွေးအခေါ် နေထိုင်မှုပုံစံ ထိခိုက်ပြောင်းလဲ လာသည့်အပြင်၊ ဒုစရိုက်မှုကဲ့သို့ နောက်ဆက်တွဲ ပြဿနာများလည်း ဆက်တိုက်ရင်ဆိုင်လာရသည်။

ထို့ကြောင့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ဒေသတွင်း စစ်ကောင်စီအဖွဲ့နှင့် အချိတ်အဆက်ရှိသူများ လောင်းကစားဝိုင်းနှင့် မူးယစ်ဆေးဝါးရောင်းဝယ်သည့် လုပ်ငန်းများကို တရားဝင်သဖွယ် ပြုလုပ်လာကြသည့်အပေါ် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များ အရေးယူဆောင်ရွက်မှု လုပ်ဆောင်ပေးရန် ဒေသခံများ လိုလားနေကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts