အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို သက်ဆိုင်ရာနိုင်ငံများက နှိမ်နင်းနေသော်လည်း ဒစ်ဂျစ်တယ်လုံခြုံရေး အသိပညာနှင့် ထိန်းကျောင်းရေးယန္တရား အားနည်းမှုကြောင့် ပုံစံအမျိုးမျိုးပြောင်းလဲ၍ အွန်လိုင်းပလက်ဖောင်း အသုံးပြုသူများကြား ရောက်ရှိလာနေသည်။
Viber အသုံးပြုသူများထံ ပြီးခဲ့သည့်ရက်ပိုင်းက နိုင်ငံခြားကုတ်နံပါတ်ဖြင့် စာတိုများ၊ လင့်ခ် (Link) များ မကြာခဏပေးပို့နေသဖြင့် သတိမပြုမိဘဲ Link နှိပ်မိမည်ကို စိုးရိမ်၍ Viber App ကိုပင် ဖျက်ထားရသည့် အခြေအနေများရှိနေကြောင်း အသုံးပြုသူများထံမှ သိရသည်။
ကျားဖြန့်လိမ်လည်မှုများ၏ ဖြစ်ပွားပုံအန္တရာယ်နှင့် ဆက်လက်ဖြစ်ပွားနေသည့် အကြောင်းအရင်းများအပြင် ပြည်သူများအနေဖြင့် မည်သို့ကာကွယ်သင့်သည်ကို နည်းပညာကျွမ်းကျင်သူ မြန်မာအင်တာနက်ပရောဂျက် တာဝန်ခံ ကိုသစ်ညာဏ်နှင့် ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ မသိတဲ့နံပါတ် အကောင့်ကနေ အကြိမ်ကြိမ်စာတိုတွေပို့ခံနေရတဲ့
ဖြေ။ ။ Viber ကို Target လာတာများတယ်။ Viber က လုပ်ငန်းသုံး၊ နေ့စဉ်အသုံးများပြီး တစ်ကိုယ်ရေတစ်ကာယ၊ ရုံးဌာန အချက်အလက်ဆိုလည်း အဲ့ဒီကနေ ပြောတာရှိတယ်။ ခုဆက်သွယ်လာတဲ့ ဖုန်းနံပါတ်လည်း နိုင်ငံပြင်ပက နံပါတ် Pattern တစ်ခုတည်းနဲ့ အမြဲလာတာတွေ့ရတယ်။ လွန်ခဲ့တဲ့လက ဧရာဘဏ်ကိစ္စမှာ KYC လူတွေရဲ့ အချက်အလက်တွေဖြစ်တဲ့ မှတ်ပုံတင်၊ ဖုန်းနံပါတ်၊ Biometric လက်ဗွေ၊ ဓာတ်ပုံတို့ဟာ မသမာသူတွေ၊ ဟက်ကာတွေရဲ့လက်ထဲ ပါသွားနိုင်သည်။ ပုံမှန်ဆို လုပ်ငန်းဆိုင်ရာ ဆက်သွယ်မှုမဟုတ်ဘဲ ဒီနံပါတ်တွေကို ကိုယ်က ပေးထားတာမဟုတ်ဘဲ လူစိမ်းကနေပြီး ဘယ်သူဘယ်ဝါမှန်း မသိဘဲ ဆက်သွယ်လာတာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ပါလို့ ရာနှုန်းပြည့် မပြောနိုင်ပေမဲ့ နောက်ဆက်တွဲ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ခန့်မှန်းချက်အနေနဲ့ပဲ ပြောနိုင်သည်။ စာတိုနဲ့ Link ကို အလွယ်ဆုံးနည်းလမ်းက Block လုပ်ဖို့ပဲ။ မက်လုံးတွေကို မယုံဖို့လိုတာပေါ့။ သွားနှိပ်လိုက်ရင် Trojan တွေ စက်ထဲဝင်လာပြီး သုံးနေတဲ့ ဖုန်းတွေ၊ ကွန်ပျူတာတွေထံ ရောက်လာနိုင်တယ်။ ချိတ်ဆက်ထားတဲ့ Banking နဲ့ Personal Data တွေ ထိခိုက်နိုင်သည်။
မေး။ ။ လက်ရှိဖြစ်နေတဲ့ လိမ်လည်မှုက ဘယ်လိုလူတွေကို အဓိကပစ်မှတ်ထားပြီး ရွေးချယ်လုပ်နေတာရှိလဲ။
ဖြေ။ ။ ပစ်မှတ်ကတော့ လူတိုင်းနီးနီး ဖုန်းနံပါတ်ကို ရသွားတယ်။ ဘယ်အုပ်စု၊ ဘယ်အလွှာကို ပစ်မှတ်ထားသလဲဆိုတာတော့ ပြောရခက်တယ်။ ရသမျှ ဒေတာအားလုံးကို Scam Center ဘယ်နှစ်ခုထံ ရောင်းလိုက်သလဲဆိုတာကို မသိနိုင်ဘူး။ မသမာတဲ့ နည်းလမ်းနဲ့ လုပ်တာဖြစ်လို့ Same Copy ကိုပဲ တခြားဟာကိုလည်း ရောင်းတာဖြစ်နိုင်သည်။ Digital Literacy ရှိတဲ့သူတွေကျတော့ ဘာမှသိပ်မဖြစ်ဘူး။ မြို့ပေါ်မှာ အင်တာနက် အသုံးပြုနိုင်တဲ့သူတွေထံ ရောက်တာများတယ်။ လွယ်လွယ်နဲ့ ပြောနိုင်တာက ဖုန်းဆက်သွယ်မှုနဲ့ အွန်လိုင်းဆက်သွယ်လို့ရတဲ့သူတွေဆီကို Scam လုပ်ဖို့ ကြိုးစားနေတယ်လို့ပဲ ပြောနိုင်သည်။
မေး။ ။ လိမ်လည်မှုပုံစံတွေက ဘယ်လိုပြောင်းလဲလာတာမျိုးရှိလဲ။ ဘယ်လောက်အထိ အန္တရာယ်များလဲ။
ဖြေ။ ။ ကျားဖြန့်ကို စစ်အုပ်စုဘက်ကလည်း နှိမ်နင်းတာရှိတယ်။ ပြသလောက်တော့ တွေ့ရတာပေါ့နော်။ သူတို့က မြို့ပေါ်ကိုတက်လာပြီး ရန်ကုန်မြို့ရဲ့ မြို့ပေါ်ဟိုတယ်အချို့၊ ရန်ကုန်မြို့ ဆင်ခြေဖုံးနဲ့ အင်တာနက်ရတဲ့ နယ်စပ်တွေမှာ ခြေကုပ်ယူလာတာမျိုးရှိတယ်။ စီးပွားရေးအခြေအနေ မကောင်းတာ၊ လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်းမရှိတာနဲ့ စစ်သားစုဆောင်းရေး ကိစ္စတွေအပြင် ပညာသင်ယူခွင့် အခွင့်အရေး နည်းပါးတာတွေကို အခွင့်ကောင်းယူပြီး လူငယ်တွေကို ပစ်မှတ်ထား လုပ်ငန်းထဲ ဆွဲသွင်းတာရှိတယ်။ ပုံစံတစ်မျိုးတည်းနဲ့ လာနေတာလို့ ပြောလို့မရဘူး။ ပုံစံမျိုးစုံနဲ့ လာမှာ၊ လူတွေရဲ့စိတ်ပိုင်းဆိုင်ရာကို မြူဆွယ်ပြီးတော့ပေါ့။ ဘယ်လိုပဲ နှိမ်နင်းနှိမ်နင်း ပုံစံမျိုးစုံ ပြောင်းလဲသွားမှာ ဖြစ်တဲ့အတွက် လူတွေက သတိထားမိတဲ့အခါ တခြားပုံစံတစ်ခုကို ပြောင်းလိုက်မယ်။ Multi-level Marketing ပုံစံမျိုးအပြင် နာမည်ကြီး အရောင်းအဝယ်လုပ်နေတဲ့ တကယ့် Brand လို Live Sale လုပ်တယ်။ အဲ့ဒီဆိုင် ပရိုမိုးရှင်းကအစ လိမ်မယ့် Page အထိ ပုံစံဖန်တီးတာမျိုးပေါ့။ နေ့စဉ် အွန်လိုင်းပေါ်မှာ နေထိုင်မှုပုံစံနဲ့ နီးစပ်တဲ့ဟာမျိုးကို ဖန်တီးပြီးတော့ လိမ်လည်မယ့် အကြောင်းအရာတွေ အများကြီးရှိပါတယ်။
မေး။ ။ ကျားဖြန့်ကို သက်ဆိုင်ရာနိုင်ငံအလိုက် နှိမ်နင်းဖို့လုပ်နေပေမဲ့ လိမ်လည်မှု ဘာကြောင့်ဆက်ရှိနေသေးလဲ။
ဖြေ။ ။ IT ဖွံ့ဖြိုးမှု၊ Digital ဖွံ့ဖြိုးမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းတွေကို ကောင်းကောင်းမွန်မွန် အကောင်အထည်ဖော်နိုင်ဖို့ မူဝါဒနဲ့ အားကောင်းတဲ့ ဥပဒေတွေ၊ အဲ့ဒါတွေကို အာမခံချက်ပေးနိုင်တဲ့ ယန္တရားတော့ လိုတယ်။ အခုက တရားဥပဒေစိုးမိုးရေး ပျက်စီးနေတယ်။ ထိန်းညှိတဲ့အပိုင်းလည်း Balance မဖြစ်သေးဘူး။ Digital Literacy ဖြစ်ဖို့ ပလက်ဖောင်းတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကိစ္စတွေနဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း အရေးကြီးတယ်။ ကျားဖြန့်လို ကိစ္စတွေမှာ အာဏာပိုင် အဆင့်မြင့်သူတွေ ပါဝင်နေတာကိုလည်း တွေ့ရတယ်။ နိုင်ငံရေးနဲ့ စီးပွားရေးကြောင့် မသမာမှုတွေလည်း များတော့ သားကောင်တွေ လွယ်လွယ်နဲ့ ရလာတယ်။ Online Scam က နယ်စည်းမရှိတာဖြစ်တဲ့အတွက် အခြားဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာလည်း လိမ်လည်မှုတွေ ဖြစ်တာပဲ။ ဒီပြဿနာက အုံနဲ့ကျင်းနဲ့ ဖြစ်နေတဲ့ ကျားဖြန့်လုပ်ငန်းကို ကိုင်တွယ်ဖြေရှင်းတဲ့ ယန္တရားနဲ့ ပလက်ဖောင်းတွေအကြား ပူးပေါင်းဆောင်ရွက်မှု အားနည်းနေတာ ကြောင့်ပါ။
မေး။ ။ နောက်ဆုံးအနေနဲ့ အွန်လိုင်းလိမ်လည်မှုအန္တရာယ်
ဖြေ။ ။ နယ်စပ်ရောက်တဲ့သူတွေ အခြား App သုံးကြတာရှိတယ်။ ဒီလိုကိစ္စမှာ IT ကုမ္ပဏီကြီးတွေနဲ့ အလုပ်လုပ်ဖို့လိုပြီး အရပ်ဖက်အဖွဲ့အစည်းတွေက အဓိက လုပ်ကြရတယ်။ အင်တာနက်ရှင်နယ် ကုမ္ပဏီဖြစ်တဲ့အတွက် Country Law, Regional Law တွေကို လိုက်နာရတာရှိတယ်။ နိုင်ငံတွေရဲ့ သဘောထားကလည်း အရေးကြီးတယ်။ အဲ့လို အခြေအနေကောင်းမှ CSO တွေကြားထဲ အပြန်အလှန် ထိန်းကျောင်းဖို့က အခြေအနေကောင်းမှာပါ။ အဲ့ဒီအခြေအနေ မပေးသမျှတော့ ဒါတွေ တွေ့နေရဦးမှာပဲ။ လူတွေရဲ့ ဒီဂျစ်တယ်နည်းပညာ Literacy နဲ့ လုံခြုံရေးဆိုင်ရာ မြှင့်တင်ဖို့လိုတယ်။ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုကို အလွဲသုံးစားလုပ်ဖို့ လူတွေက ရှိနေမှာပဲမို့လို့ သတိရှိဖို့ လိုပါတယ်။ သတင်းအချက်အလက်တွေကို လေ့လာဖို့လည်း လိုပါတယ်။
ပုံ-Scam of the week




