အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်နေသည့် အသွင်ပြောင်း အစိုးရသက်တမ်း ၅ နှစ်တာကာလအတွင်း တိုင်းပြည်တိုးတက်လာရန် မရှိဟု နိုင်ငံရေး သုံးသပ်သူအများစုက ပြောသည်။
စစ်အာဏာသိမ်း ၅ နှစ်တာကာလအတွင်း တိုင်းပြည်၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးအပြင် ကဏ္ဍအသီးသီး ဆုတ်ယုတ်ပျက်စီးခဲ့ရသည်။
လက်ရှိ ကာလတွင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ လာရောက်မည်မဟုတ်သေးကြောင်းနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာလည်း တိုးတက်ပြောင်းလဲမှု မရှိသေးကြောင်း မွန်နိုင်ငံရေးသမားတစ်ဦးက IMNA ကို ပြောသည်။
“ဒီ ၅ နှစ်အခြေအနေကတော့ ထွေထွေထူးထူး သိပ်တအားပြောင်းလဲဖို့တော့ မမြင်သေးဘူး၊ ကျနော်ထင်တယ်ပေါ့နော်၊ အဓိကတော့ စီးပွားရေးပိုင်း ကြည့်ရင်တော့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ကျနော်တို့ အိမ်နီးချင်း ရင်းနှီးမြှပ်နှံမှုတွေ ခါတိုင်းလိုမျိုး ဦးသိန်းစိန်တို့လိုမျိုး ကိုယ့်အနီးအနားဝန်းကျင် နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ သိပ်မရဘူးလေ၊ အခုလည်း ဒီ ၅ နှစ်က ဒီလိုပဲ ကျနော်ထင်တာပေ့ါနော်၊ ရင်းနှီးမြှပ်နှံမှုတွေ ရောက်ဦးမယ်လို့ ကျနော်မထင်ဘူး။ ဒါကြောင့်မို့ စီးပွားရေးက တိုးတက်မယ့် အနေအထား မမြင်ဘူးပေါ့နော်၊ ဒါက တစ်ချက်၊ နောက်ပြီးတော့ ဦးသိန်းစိန်ခေတ်ကလိုမျိုး ငြိမ်းချမ်းရေးဖြစ်စဉ်ကလည်း တအားကြီးပြောင်းလဲတိုးတက်မှု အနေအထားလည်း သိပ်မမြင်သေးဘူး။ ဦးသိန်းစိန်ခေတ်က ဘာပဲပြောပြောတချို့ EAO တွေနဲ့ တွေ့ဆုံဆွေးနွေး ပြည်နယ်အဆင့် သဘောတူညီချက်တွေ ပြီးတဲ့အခါကျမှ ပြည်ထောင်စုအဆင့် NCA ပေါ်တဲ့အထိကို ရေးဆွဲလာကြတယ်၊ ဒီသက်တမ်း ၅ နှစ်ကတော့ အဲလိုမျိုးကြီးလဲ ပြောင်းလဲတိုးတက်မယ်လို့လည်း ကျနော် မမြင်သေးဘူးပေါ့” ဟု ပြောသည်။

ပြည်တွင်းမှာ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်နေသည့်အတွက် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသလို တိုင်းပြည်တည်ငြိမ်ရေး ကိစ္စရပ်များလည်း တိုးတက်ပြောင်းလဲရန် မရှိနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
ဦးမင်းအောင်လှိုင်သည် အငြင်းပွားဖွယ် ရွေးကောက်ပွဲမှတဆင့် သမ္မတရာထူးကို ရယူပြီးနောက် အိန္ဒိယ၊ တရုတ်၊ ရုရှားအပါအဝင် အိမ်နီးချင်းတိုင်းပြည်များထံ သွားရောက်၍ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။
လက်ရှိ တိုင်းပြည်မှာ ကုန်ဈေးနှုန်းများ ဈေးနှုန်းအဆမတန် မြင့်တက်နေပြီး သွင်းကုန်၊ ထုတ်ကုန်များလည်း အခက်အခဲရှိနေကြောင်း ထို့အတူ နိုင်ငံရေး၊ စီးပွားရေးကိစ္စရပ်များတွင် ပွင့်လင်းမြင်သာမှု မတွေ့ရကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက IMNA ကို ပြောသည်။
“ဒါက ခန့်မှန်းဖို့တော့ ခက်ပါတယ်။ တိကျတဲ့ မူဝါဒတွေ မတွေ့ရသေးဘူး။ ဘာလုပ်မယ်ဆိုတာ ပီပီပြင်ပြင်လည်း တစ်ခုမှ မတွေ့ရသေးဘူးဆိုတော့ နိုင်ငံတကာကို သွားတယ်။ ဒီလောက်ပဲ တွေ့နေတယ်၊ ဒီပြည်တွင်းမှာလည်း ငြိမ်းချမ်းရေးဆိုတာလည်း ငြိမ်းချမ်းရေးကို ပီပီပြင်ပြင် မဆောင်ရွက်နိုင်သေးဘူး။ ဦးသိန်းစိန်လက်ထက်မှာကျတော့ ငြိမ်ချမ်းရေးဆိုပြီးမှ ငြိမ်းချမ်းရေးကို သူလုပ်တဲ့ အပိုင်းတွေလည်း သူ့ဟာနဲ့သူက ဖြစ်တာကိုး၊ မင်းအောင်လှိုင် အစိုးရလက်ထက်မှာကျတော့ ငြိမ်းချမ်းရေးကို ပီပီပြင်ပြင် မတွေ့ရသေးဘူး။ စီးပွားရေးကလည်း အခုအခြေအနေမျိုးနဲ့ဆိုရင်တော့ ကုန်ဈေးနှုန်းတွေ တက်တယ်။ သွင်းကုန်၊ ထုတ်ကုန်တွေကလည်း အခက်အခဲ ရှိနေတယ်၊ ဒါကြောင့် စီးပွားရေး၊ နိုင်ငံရေး၊ နိုင်ငံရေးကလည်း တစ်ခုမှ ပွင့်ပွင့်လင်းလင်းဆောင်ရွက်၊ ပွင့်လင်းမြင်သာမှုလည်း မတွေ့ရသေးဘူး” ဟု ပြောသည်။
စစ်အာဏာသိမ်းနောက်ဆက်တွဲ စစ်ရေးပဋိပက္ခများသည် လက်ရှိ ၅ နှစ်ကျော်ကာလအတွင်း လျော့ကျသွားခြင်း မရှိသေးဘဲ နိုင်ငံအနှံ့အပြားတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျှက်ရှိနေသည်။
တိုက်ပွဲများ ဖြစ်ပွားနေသည့် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု မရှိခြင်း၊ မီးမမှန်ခြင်း၊ ငွေကြေးဖောင်းပွမှုနှင့် မတည်ငြိမ်သော မူဝါဒများကြောင့် ရင်းနှီးမြှုပ်နှံသူများ ရှောင်ရှားနေကြသည်ဟု ဆိုသည်။
တဖက်မှာလည်း မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများရှိ နယ်စပ်ကုန်သွယ်ရေးအသီးသီးကို စစ်အုပ်စု၊ လက်နက်ကိုင်အဖွဲ့အစည်းတို့အကြား ထိန်းချုပ်မှု ရရှိရေး အားပြိုင်မှုများလည်း ရှိနေသည်ဟု သိရသည်။
စစ်အုပ်စုက ဦးဆောင်နေသည့် အစိုးရ ၅ နှစ်တာကာလအတွင်း တိုင်းပြည်သည် တိုးတက်ပြောင်းလဲလာစရာ မရှိဘဲ ပိုဆိုးနိုင်သည်ဟု ပြည်တွင်းနိုင်ငံရေးသမားတစ်ဦးက IMNA ကို ပြောသည်။
“ကောင်းလာစရာ အကြောင်းမရှိ၊ ကောင်းလည်း မကောင်းခဲ့ဖူးဘူး၊ အတိတ်ကလည်း မကောင်းခဲ့ဖူးဘူး။ ပစ္စုပ္ပန်လည်း မကောင်းဘူး၊ အနာဂတ်လည်း ပိုဆိုးမယ်၊ ပိုဆိုးတာက တရုတ်နဲ့ ရုရှားကို သွားပေါင်းလိုက်တဲ့ အခါကြတော့ အင်အားကြီးဆိုပေမယ့် သူတို့ကလည်း သူတို့ ဒုက္ခနဲ့ သူတို့ ကိုယ့်ကိုယ် လာပြီး ကူညီမှာ မဟုတ်ဘူး။ ဘာခေါ်တုန်းဆိုတော့ သူတို့အကျိုးအတွက်ပဲ သူတို့ လုပ်တာ အဲဒါကိုလည်း သိဖို့လိုတယ်” ဟု ပြောသည်။
လက်ရှိ ဦးမင်းအောင်လှိုင် ဦးဆောင်သော အသွင်ပြောင်းအစိုးရအဖွဲ့အစည်းအတွင်း အောက်ခြေဝန်ထမ်းမှ အထက်အရာရှိများအထိ လာဘ်စားမှုများ ဖြစ်ပွားနေပြီး ပြည်သူလူထု ယုံကြည်မှု ကင်းမဲ့နေကြောင်း ၎င်းက ဆက်ပြောသည်။
၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၇ ဘီလီယံကျော် ဝင်ရောက်ခဲ့သည်။ ထို့နောက် စစ်အာဏာသိမ်းခဲ့သော ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၄ ဘီလီယံကျော်သာ ဝင်ရောက်ခဲ့သည်ဟု ISP Myanmar က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် စစ်အာဏာသိမ်း ၅ နှစ်အတွင်း ဝင်ရောက်ခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၆ ခုနှစ် တစ်နှစ်တည်းမှာ ဝင်ရောက်ခဲ့သည့် ပမာဏမျှပင် မရှိခဲ့ကြောင်း ဆိုသည်။
လက်ရှိ ဦးမင်းအောင်လှိုင်ဦးဆောင်သော အသွင်ပြောင်းအစိုးရ ၅ နှစ်တာကာလတွင်လည်း တိုင်းပြည်၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးတို့မှာ တိုးတက်ပြောင်းလဲလာရန်မရှိကြောင်း နိုင်ငံရေးသုံးသပ်သူများက ပြောကြားခဲ့သည်။




