အဓမ္မစုဆောင်းသည့် ပြည်သူ့စစ်မှုထမ်းများ ရှေ့တန်းစစ်မျက်နှာသို့ အများဆုံး အသုံးချခံနေရပြီး ရှေ့တန်းထွက် စစ်ကြောင်း၏ ၇၀ ရာခိုင်နှုန်းကျော်အထိ ရှိသည်ဟု တပ်တွင်းလျှို့ဝှက်အချက်အလက်များအရ သိရသည်။
အမှတ် ၄၂၁ ခြေမြန်တပ်ရင်းအတွက် ၂၀၂၆ ခုနှစ် ဇူလိုင်လအတွက် ရှေ့တန်းထွက်ရမည့် စစ်ထွက်စာရင်းတွင် ရှေ့တန်းထွက် စစ်ကြောင်း၏ ၇၀ ရာခိုင်နှုန်းကျော်ကို စစ်မှုထမ်းများအတွက် ခွဲတမ်းချထားသည်ကို CDM ဗိုလ်ကြီး ဇင်ယော်ထံမှတဆင့် ရရှိခဲ့သော တပ်တွင်းလျှို့ဝှက်အချက်အလက်များအရ သိရသည်။
စစ်ထွက်အင်အား ၁၅၂ ယောက် အနက် အရှာရှိကြီး၊ ငယ် ၁၁ ဦးခန့်နှင့် အမြဲဆမ်းစစ်သား ၂၂ ဦးသာပါဝင်ပြီး ကျန် ၁၀၉ ဦးမှာ ပြည်သူ့စစ်များအတွက် ခွဲတမ်းချထားသည်ကို အဆိုပါမှတ်တမ်းတွင် မြင်တွေ့ရသည်။

CDM ဗိုလ်ကြီးဇင်ယော်က “သူတို့မှာ အမြဲတမ်းစစ်သား တော်တော်ကိုရှားနေပြီ၊ ပြည်သူ့စစ်မှုထမ်းတွေနဲ့ပဲ အသက်ဆက်နေတဲ့အနေအထား။ အခုဒီအင်အားအရဆိုရင်လည်း သုံးပုံ နှစ်ပုံလောက်က ပစတွေ ဖြစ်နေတာပေါ့နော်။ အဲ့တော့ ဒီ အရင်ကရှိပြီးသား အမြဲတမ်းအရာရှိတွေက ပင်မတပ်မှာပဲနေပြီး ဘေးနံတပ်တွေ၊ ရှေ့တန်းတပ်တွေမှဦ ပစတွေကိုပဲ ထားတဲ့အခြေအနေပေါ့နော်။ ပြောရမယ်ဆိုရင် ဒီ ၂ နှစ်အတွင်းမှာ ပစတွေကို တန်အောင်ခိုင်းနေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။” ဟု ဆိုသည်။
အာဏာသိမ်းပြီးနောက် ပိုမိုကြီးထွားလာသည့် ပြည့်သူ့တော်လှန်စစ်အတွင်း အာဏာသိမ်းစစ်တပ် အထိနာခဲ့သည်။
တပ်ရင်းဌာနချုပ်များ၊ မြို့များ၊ စစ်လက်နက်များကို ဆုံးရှုံးလက်လွှတ်ခဲ့ရသည့်အပြင် စစ်သားလိုအပ်ချက်ပါ မြင့်မားခဲ့သည်။
အဆိုပါအခြေအနေကို ကုစားနိုင်ရန် ၂၀၂၄ ခုနှစ်တွင် စစ်မှုထမ်းဥပဒေပြဌာန်းကာ စစ်သားစုဆောင်းရေးကို တရားဝင်ဖြစ်အောင် ဖန်တီးခဲ့သည်။
အမှန်တကယ်ပင် အပတ်စဉ် တစ်ခုလျှင် လူ ၅၀၀၀ ခေါ်ယူကာ စစ်သင်တန်း ၃ လ၊ အချို့ အခြေအနေများတွင် ၁ လနှင့် ရှေ့တန်းသို့ ပို့ဆောင်သည်များ ရှိခဲ့ကြောင်း ထွက်ပြေးလာသူများက ပြန်ပြောပြကြသည်။
ထို့ပြင် ပြည်သူ့စစ်မှုထမ်းများကို အသေခံစစ်သားကဲ့သို့ အသုံးချနေကြောင်း ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော် AA ထံတွင် ခိုလှုံခဲ့သည့် ပြည်သူ့စစ်မှုထမ်းတပ်သားက ပြောပြခဲ့သည်။
“တိုက်ပွဲဖြစ်တိုင်း တပ်မမှူးတပည့်နဲ့ တပ်မမှူးက ခြံစည်းရိုးမှာ အမြဲပဲ စောင့်နေတယ်။ ဘယ်ကောင်ဆုတ်လာမလဲ၊ ဆုတ်လာမယ့်ကောင်ကို ပစ်သတ်မယ်။ အဲ့လိုမျိုးပြောတယ်။ ကျွန်တော့် မျက်မြင် ကိုယ်တွေ့ဆိုရင် ၂ ယောက်ရှိတယ်။ အဲ့မှာ ပစနှစ်ယောက် ကျနော့်ရှေ့တင်ကို ဆုတ်လာတာကို တပ်မမှူး တပည့်က ပစ်လိုက်တော့ သေသွားကြတာ” ဟု ၂၀၂၅ ခုနှစ်တွင် အလင်းဝင်ခဲ့သည့် တပ်သား နေလင်းက ထုတ်ပြောခဲ့သည်။
တိုက်ပွဲအတွင်း စစ်တပ်၏ အသေခံတိုက်ခိုက်ရန် အမိန့်ပေးမှုများ၊ ရှေ့တန်းစစ်မျက်နှာတွင် သေဆုံးသွားသော၊ ဖမ်းဆီးခံရသော ပြည်သူ့စစ်မှုထမ်းများကို တော်လှန်ပူးပေါင်းတပ်များက သက်သေနှင့်တကွ ထုတ်ပြထားပြီးလည်း ဖြစ်သည်။
အဆိုပါအခြေအနေများက စစ်မှုထမ်းခေါ်ဆောင်ရေးအပေါ် ပိုမိုခက်ခဲလာစေပြီးနောက် မြန်မာစစ်တပ်မှာ အဓမ္မ စစ်သားစုဆောင်းရေးကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လာသည်။
ညအချိန် နေအိမ်သို့ လာရောက်ကာ ခေါ်ဆောင်သွားမှုများ၊ စစ်ဆေးရေးဂိတ်တွင်ခေါ်ဆောင်သွားမှုများ၊ လမ်းသွားလမ်းလာများကို ခေါ်ဆောင်သွားမှုများကို စစ်တပ်က ပေါ်ပေါ်ထင်ထင်ပင် ဆောင်ရွက်လာသည်။
ပြည်မြို့မှ စစ်မှုထမ်းအဓမ္မစုဆောင်းခံရသူများအတွက် ကူညီပေးနေသူ တစ်ဦးက “အခုကဗျာ စည်းလွတ် ဘောင်လွတ်တွေ ဖြစ်လာတယ်။ အိမ်ပေါ်အထိ တက်ဆွဲတယ်။ မနက်သွားရှာရင် စခန်းမှာတောင် မရှိဘူး။ ဘယ်တပ်ထဲ ရောက်သွားပြီဆိုတာပဲ ကြားရတယ်။ လူငယ်တွေဆို အပြင်မထွက်ရဲလောက်အောင်ပဲ၊ သားပျောက်တဲ့မိဘတွေဆိုလည်း စခန်းမှာ တငိုငို တရီရီ ကျွန်တော်တို့မှာ တွေ့နေရတယ်။ အခုက စစ်မှုထမ်းခေါ်ပြီးရင် ပြန်လမ်းမရှိသလိုဖြစ်နေတော့ ဘယ်မိဘကရော စိတ်အေးနိုင်မလဲဗျာ” ဟု ပြောသည်။




