သုံးသပ်ချက်ဆောင်းပါး-ဂညန်း
မြို့တွင်း နေအိမ်ဖောက်ထွင်းခံရမှု၊ လမ်းပေါ် မော်တော်ယာဉ် လုယက်ခံရမှုမှသည် ပစ္စည်းခိုးယူရင်း လူသတ်ခံရသည်အထိ ဆိုးရွားသော ရာဇဝတ်ဆိုးများကြောင့် မွန်ဒေသခံ ပြည်သူများမှာ နေ့စဉ်နှင့်အမျှ စိုးရိမ်ထိတ်လန့်မှုများနှင့် ယှဉ်တွဲနေထိုင်နေကြရသည်။
လူစည်ကားရာ မြို့ပေါ် နေရာများအထိ ဒုစရိုက်မှုများ ဆက်တိုက်ဆိုသလို ရဲတင်းစွာ ဖြစ်ပွားလာနေခြင်းသည် ဒေသတွင်း လုံခြုံရေးယန္တရားများ အစဉ်တစိုက် ကျဆင်းနေသည်ကို မီးမောင်းထိုးပြနေသည်။
ဖြစ်စဉ်များ မတူညီကြသော်လည်း ပြည်သူများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်လုံခြုံရေးနှင့် ပစ္စည်းဥစ္စာ ကာကွယ်ရေးအတွက် ပိုမိုစိုးရိမ် သတိထားနေရသည့် အခြေအနေသို့ ရောက်ရှိနေသည်။

မွန်ပြည်နယ်၏ မြို့ပေါ်လုံခြုံရေးစနစ်ကို အာဏာသိမ်းနောက်ပိုင်း ရဲတပ်ဖွဲ့၊ ပျူစောထီးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့များဖြင့် ဖွဲ့စည်းထားပြီး ကျေးလက်တွင် ပြည်သူ့စစ်နှင့် အုပ်ချုပ်ရေးအဖွဲ့များကိုသာ တာဝန်ပေးအပ်ထားသည်။
ဒေသတွင်း လုပ်ခြုံရေးလုပ်ငန်းများကိုဆောင်ရွက်ရန် ပြည်သူ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ ပြည်သူ့စစ်အဖွဲ့များကို မဖြစ်မနေဖွဲ့စည်းရန် အင်အားတိုးချဲ့ရန်ဆောင်ရွက်ရန် မကြာခဏ ညွှန်ကြားလေ့ရှိသည်။
တိုးချဲ့ထားသည့် ပြည်သူ့စစ်အဖွဲ့ဝင်များသည် လုံခြုံရေးကိစ္စထက် စစ်ကော်မရှင်စစ်ကြောင်းနှင့်အတူ စစ်ဆင်ရေးများ လိုက်ပါနိုင်ရန်၊ ဒေသတွင်း လောင်းကစားဝိုင်းများ လုံခြုံရေးရရယူရန် ရည်ရွယ်ထားကြောင်း အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။
မြို့ပေါ် လုံခြုံရေးအဖွဲ့များကလည်း ရပ်ကွက်အုပ်ချုပ်ရေးရုံးအပါအဝင် ဌာနဆိုင်ရာနေရာများကိုသာ တာဝန်ယူစောင့်ကြပ်ကြည့်ရှုနေပြီး ညပိုင်းကင်းလှည့်လည်စောင့်ကြည့်မှုများမှာလည်း စစ်မှုထမ်းလူလိုအပ်ချက်အရ ရှာဖွေမှုသာဖြစ်နေသဖြင့် ပြည်သူများမှာ မိမိတို့၏ လုံခြုံရေးကို မိမိဘာသာ စီမံနေရသည့် အခြေအနေသို့ ရောက်ရှိနေသည်။
တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းခြင်း၊ နယ်မြေစိုးမိုးမှု လျှော့နည်းလာခြင်းနှင့်အတူ တစ်ဖက်တွင်လည်း ခိုးမှုကျူးလွန်သူများကို မကြာခဏ လွတ်ငြိမ်းချမ်းသာခွင့် ပေးကာ ထိရောက်သည့် အရေးယူမှု မရှိခြင်းတို့သည် ဒုစရိုက်သမားများကို ပိုမိုရဲတင်းလာစေသည်ဟု လေ့လာသူများက ထောက်ပြကြသည်။
ချောင်းဆုံဒေသခံ တစ်ဦးကလည်း “ဆိုင်ကယ်အခိုးခံရတဲ့ ဖြစ်စဉ်က နေ့တိုင်းလိုလို ဖြစ်နေတယ်။ နေ့ဘက် မြို့ပေါ်မှာ ပြဿနာ မရှိပေမဲ့ ညဘက်ကျရင် လုယက်ခံရမှာ စိုးရိမ်နေရတယ်။ အမှုဖြစ်တိုင်း သေချာဖော်ထုတ် ဖမ်းဆီးနိုင်ရင်တော့ နည်းသွားမှာပဲ။ အခုက သူခိုးတွေကို ခဏခဏ လွတ်ငြိမ်းချမ်းသာခွင့် ပေးနေတာကို မကြိုက်ဘူး” ဟု ဆိုသည်။
တရားဥပဒေစိုးမိုးရေးထက် အာဏာတည်မြဲရေးကိုသာ ဦးစားပေးနေသည့် စစ်ကော်မရှင်၏ လုံခြုံရေးစနစ်သည် ပြည်သူ့လုံခြုံရေးကို အမှန်တကယ် ဦးစားမပေးနိုင်ကြောင်း ဖော်ပြနေပြီး သက်ဆိုင်ရာ၏ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာသည်။
လုံခြုံရေးအတွက် သက်ဆိုင်ရာအကူအညီများ မရရှိနိုင်တော့သည့်အခြေအနေတွင် ပြည်သူများ မိမိနှင့် မိမိပတ်ဝန်းကျင် လုံခြုံရေးကို ကိုယ်တိုင်ဦးစားပေး ကာကွယ်လာကြရသည်။
ညဘက် သွားလာခြင်းနှင့် လူသူကင်းရှင်းသည့် နေရာများကို ရှောင်ကြဉ်ကြပြီး၊ အခြေခံလူတန်းစားမဟုတ်သူများ CCTV လုံခြုံရေး အစီအမံများကို ကိုယ်တိုင် ပြင်ဆင်ထားကြရသည့် အခြေအနေသို့ ဆိုက်ရောက်လာသည်။
ယခုကဲ့သို့ ခိုး၊ ဆိုး၊ လုယက်မှုများ ပိုမိုများပြားလာရသည့် နောက်ကွယ်၌ စားဝတ်နေရေး ကျပ်တည်းလာမှု၊ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာမှုနှင့် လောင်းကစား ပြဿနာများက အဓိက အကြောင်းအရင်းများမှာလည်း တစ်ခုအပါအဝင်ဖြစ်သည်။
မွန်ဒေသတွင် ရေရှည်သက်ဆိုးရှည်နေသည့် လက်နက်ကိုင်ပဋိပက္ခ အာဏာသိမ်းအစိုးရ၏ တာဝန်မဲ့ပျက်ကွက်မှုများကြောင့် လူမှုဝန်းကျင် ဆိုးဆိုးရွားရွာပျက်ပြားနေကြောင်း ရာမညအင်စတီကျူ နိုင်ငံရေးသုတေသနအဖွဲ့၏ လူမှုစီးပွားအစီရင်ခံတွင်လည်း ဖော်ပြပါရှိသည်။
စနစ်ဆိုးအောက်တွင် ပျက်ပြားနေသော လူမှုဝန်းကျင်ကို ပြန်လည်ကုစားရန် မွန်ပြည်နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs)၊ အရပ်ဘက်အဖွဲ့အစည်းများ (CSOs) နှင့် ရပ်မိရပ်ဖများကြား ပြည်သူဗဟိုပြုသော ဒေသန္တရမူဝါဒများနှင့် လူမှုစီးပွားမြှင့်တင်ရေး သဘောတူညီချက်များကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် စတင်တည်ဆောက်ကျင့်သုံးသွားရန်လည်း RICE မှ တိုက်တွန်း ထုတ်ပြန်ထားသည်။




