ပြည်ပရောက် ပညာသင်လူငယ်များ ကျောင်းစရိတ်၊ အခွန်နှင့် ကုန်ဈေးနှုန်း မြင့်တက်လာမှုများကြောင့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များကိုသာ ဦးစားပေး လုပ်ကိုင်လာရသူများလာကြောင်း ပြည်ပရောက် မွန်လူငယ်များ၏ ပြောပြချက်အရ သိရသည်။
စစ်အာသိမ်းနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးအခြေအနေနှင့် စစ်မှုထမ်းဥပဒေကြောင့် လူငယ်များသည် အလုပ်အကိုင်အခွင့်အလမ်းအပြင် ပညာရေးကိစ္စအတွက် ပြည်ပသို့ ထွက်ခွာနေကြသည်။
ကျပ်ငွေတန်းဖိုးကျဆင်းနေသဖြင့် ပြည်တွင်းမှ ကျောင်းလခ လွှဲပြောင်းရသည့် မိသားစုအတွက် နှစ်ဆသုံးမက ပိုမိုကုန်ကျရခြင်း၊ ကျောင်းမှ ပညာသင်နှစ် တစ်နှစ်ထက်တစ်နှစ် ကျောင်းစရိတ်တိုးမြှင့်ပေးဆောင်ရသဖြင့် ပညာရေးယာယီရပ်နားထားရသည့် အခြေအနေများဖြစ်လာသည်။

ဂျပန်ရောက်မွန်လူငယ်အမျိုးသမီးတစ်ဦးက “ဒီကို language school နဲ့ လာတယ်။ အချိန်ပိုင်းလုပ်လို့ရတယ်လေ။ အစတော့ ကျောင်းဆက်တက်မလို့ပဲ။ ဒါပေမယ့် ကျောင်းစရိတ်ရော ဟိုအခွန်ဒီအခွန်ရော မတတ်နိုင်တော့လို့ ကျောင်းနားလိုက်တယ်။ အခု အလုပ်ပဲလုပ်နေတယ်။” ဟု သူမကပြောသည်။
မြန်မာနိုင်ငံမှ လူငယ်အများစုသည် စစ်အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံအတွင်း ပညာသင်ကြားရန် အဓိက ရွေးချယ်ကြပြီး အိမ်နီးချင်းနိုင်ငံဖြစ်သည့် စင်ကာပူ၊ မလေးရှားအပြင် အနောက်နိုင်ငံများဖြစ်သည့် အင်္ဂလန်၊ သြစတြေးလျနှင့် ကနေဒါနိုင်ငံတို့တွင်လည်း ရွေးချယ်တက်ရောက်သူများပြားလျှက်ရှိသည်။
ပြည်ပနိုင်ငံများ၌ နိုင်ငံသား ခွဲခြားဆက်ဆံခံရခြင်းသည်လည်း ပညာသင်လူငယ်များအတွက် ကြီးမားသည့်စိန်ခေါ်မှုဖြစ်နေကြောင်းလည်း မလေးရှားရောက် လူငယ်အမျိုးသမီးတစ်ဦးက ဆိုသည်။
“စစ်ရေးကြောင့် ဒီမှာကျောင်း ဆက်တက်ဖို့ ဆုံးဖြတ်ထားတာ။ ကျောင်းခ မတတ်နိုင်လို့ မတက်ရဘူး။ ဘယ်ကလာလဲလို့ သူတို့မေးရင် မြန်မာကလို့ သိပ်မဖြေရဲဘူး။ သူတို့အရမ်းနှိမ်တာ။ အလုပ်တွေမှာဆိုလည်း လစာဖြတ်ခံရတာ မနည်းတော့ဘူး။” ဟု မလေးရှားရောက် လူငယ်မိန်းကလေးတစ်ဦးက ပြောသည်။
ယနေ့ကာလတွင် လူငယ်များအတွက် ပညာသင်ယူခြင်းသည် လွယ်ကူသည့်ကိစ္စမဟုတ်တော့ဘဲ စစ်ဘေး၊ သဘာဝဘေး၊ နိုင်ငံရေးပဋိပက္ခများနှင့် စီးပွားရေးအခက်အခဲများကြား ကန့်သတ်ခံနေရသည်။ ထို့ကြောင့် လူငယ်များသည် မိမိတို့၏ ပညာရေးကို ခေတ္တရပ်နားထားသူများရှိသလို နေရပ်စွန့်ခွာ၍ ရုန်းကန်ထိုးဖောက်နေသူများလည်း ရှိသည်။
ထို့ကြောင့် ဒေသတွင်းလူငယ်အရင်းအမြစ် ပိုမိုရှားပါးလာပြီး မွန်လူမျိုးရေးဆိုင်ရာ ကဏ္ဍအသီးသီးတို့တွင် အခြားတိုင်းရင်းသားမျာထက် ဆုတ်ယုတ်လျက်ရှိကြောင်း မွန်လူငယ်သုတေသီများက သုံးသပ်ထားသည်။
UNDP ၏ ဩဂုတ်လ ၃၀ ရက်နေ့ အစီရင်ခံစာအရ အာဏာသိမ်းမှုကာလ ငါးနှစ်အတွင်း မြန်မာနိုင်ငံမှ လူငယ် ၁ သန်းခန့် ပြည်ပသို့ ထွက်ခွာနေကြပြီး လူငယ် အသက် ၁၈−၂၄ နှစ်ကြားရှိ လူငယ် ၄ ယောက်အနက် ၁ ယောက်တွင် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းတို့နှင့် ဝေးကွာနေကြောင်း ဖော်ပြထားသည်။
ပုံ-Viet Nam News




