ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ ဆန်တက်လာသော စစ်အုပ်စု စစ်ရေယာဉ်များ တိုက်ခိုက်ခံရပြီးနောက် တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့ မိသားစုဝင် အများအပြား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထံ လက်နက်ချအညံ့ခံခဲ့ကြောင်း ဒေသတွင်းသတင်းများ ဖော်ပြချက်အရ သိရသည်။
မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘော ၁၅ စီးခန့်သည် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အနီးတွင် KIA နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့ တိုက်ခိုက်မှုကြောင့် ၁ စီး နစ်မြှပ်သွားပြီး ၄ စီး မီးလောင်ပျက်စီးသွားကြောင်း သိရသည်။
အဆိုပါ မီးလောင်ပျက်စီးသွားသည့် ၄ စီးအနက် ၂ စီးမှာ ကမ်းကပ်၍ KIA ထံ လက်နက်ချ အညံ့ခံလိုက်ခြင်းဖြစ်သည်။
ဗန်းမော်တပ်နယ်တွင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်ဟုဆိုကာ တပ်မိသားစုများပါ စေလွှတ်လိုက်ပြီး လက်ရှိတွင် အင်အား ၁၀၀ ခန့်က KIA ထံ အညံ့ခံလိုက်ရခြင်းဖြစ်သည်။

“စစ်ရေယာဉ်တွေမှာ လက်နက်ချတာပေါ့နော်၊ စစ်လော်ဘီတွေကတော့ ငြင်းတယ်။ KIA ဘက်ကလည်း တရားဝင် ထုတ်ပြန်ထားတာ မရှိသေးဘူး။ ဒါပေမဲ့ စကခ ၂၁ ရဲ့ မှီခိုသူမိသားစုဝင်တွေ ဂေါဝိန်ဆိပ်ကမ်း ကတည်းကနေ သူတို့ပါသွားတယ်။ ဘာလို့ဆို သူတို့က ဒီတစ်ခေါက်ရောက်သွားလို့ရှိရင် ဗန်းမော်တပ်နယ်မှာ တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်မယ် ဆိုပြီးတော့ မိသားစုဝင်တွေကိုပါ ထည့်ပြီးတော့ လွှတ်လိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘဲနဲ့ အခု မိသားစုဝင်တွေပါ ထပ်ပြီးတော့ လက်နက်ချရတဲ့ အနေအထားမျိုးပေါ့၊ စစ်သင်္ဘောနှစ်စင်းဝန်းကျင်ဆိုတော့ အင်အား ၁၀၀ လောက်လို့တော့ မှန်းရပါတယ်” စစ်ဘက်ရေးရာ ဝေဖန်သုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်က IMNA သို့ ပြောသည်။
လက်ရှိတွင် ဗန်းမော်မြို့သို့ စစ်သင်္ဘော ၇ စီး ရောက်ရှိသွားသည့်အတွက် KIA နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့ တိုက်ခိုက်မှုကြောင့် ထက်ဝက်ခန့် ပျက်စီးသွားသည်ဟု ပြော၍ ရကြောင်း ၎င်းက ဆက်ပြောသည်။
စစ်တပ်ထောက်ခံသည့် တယ်ရီဂရန်ချန်နယ်များတွင် KIA အနေဖြင့် စစ်ရေယာဉ်များကို နှောက်ယှက်ပစ်ခတ်ခြင်း အဆင့်သာ လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ရွှေတူးဖော်ရေးစက် အလံထောင်ခြင်းနှင့် ရောချ၍ ဝါဒဖြန့်ခြင်းသာဖြစ်ကြောင်း ရေးသားနေကြသည်။
KIA ထံ စစ်အုပ်စုတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ လက်နက်ချ အညံ့ခံခြင်း၊ လက်ရှိ စစ်ရေးအခြေအနေများကို သိရှိနိုင်ရန် KIA မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူထံ မေးမြန်းရန် ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။
“ဒီသင်္ဘောတွေကိုပဲ KIA ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ဖို့အတွက် စနစ်တကျနဲ့ပေါ့နော်၊ ကြိုတင်ပြီးတော့ စောင့်ဆိုင်းနေတာ ဖြစ်တယ်ပေါ့နော်၊ သူတို့တွေရဲ့ တိုက်ခိုက်မှုက အောင်မြင်တယ်။ လက်နက်ကြီးတွေ၊ လေယာဉ်ပစ် စက်သေနတ်ကြီးတွေနဲ့ပါ၊ အနီးကပ် တည့်တည့်ပစ်ခတ်နိုင်တဲ့အနေအထား မြစ်ကျဉ်းဆိုတာ မီတာ ၁၀၀ လောက်ပဲ ရှိမယ်။ မီတာ ၁၀၀ လောက်ရှိတာကို နှစ်ဖက်ညှပ်ပြီးတော့ ပစ်ခံရတဲ့ အနေအထားမျိုး တွေ့ရတယ်” ဟု ဗိုလ်ကြီးဇင်ယော်က ဆက်ပြောသည်။
လက်ရှိတွင် ဗန်းမော်မြို့နယ် စင်းခန်းနှင့် စင်းဘုံတို့တွင် ဆက်လက်၍ စစ်အုပ်စု နှင့် KIA ပူးပေါင်းမဟာမိတ်တို့အကြား တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။




