Homeသတင်းမော်လမြိုင် ကမ်းနားလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင် အနုကြမ်းစီးခံရ

မော်လမြိုင် ကမ်းနားလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တစ်ဆိုင် အနုကြမ်းစီးခံရ

-

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ ကိုကိုညီညီ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်နေအိမ် အနုကြမ်းစီးခံရပြီး၊ မီးခံသေတ္တာပါသွားကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၄ နာရီဝန်းကျင်အချိန်ခန့်က ကမ်းနားလမ်းရှိ ကိုကိုညီညီ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်နေအိမ်ထဲကို သေနတ်တို ကိုယ်စီ ကိုင်ဆောင်ထားသည့် လူ ၃ ဦး ဝင်ရောက်ပြီး မီးခံသေတ္တာအား ယူဆောင်သွားသည်ဟု ဆိုသည်။

“ဘေးက ဆောက်လက်စအဆောက်အအုံးကနေ နေအိမ်အပေါ်ထပ် သံဗန်းကို ရိုက်ချိုးပြီး အိမ်ထဲကို ဝင်ကြတယ်။ အိမ်မှာရှိတဲ့ မိန်းကလေး ၃ ယောက်ကို ကြိုးတုတ်ပြီးတော့ မီးခံသေတ္တာကို ယူသွားကြတယ်” ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

အနုကြမ်းစီး လူ ၃ ဦးသည် ဆိုင်ဘေး ဆောက်လက်စအဆောက်အဦးငြမ်းပေါ်ကနေတဆင့် နေအိမ် တတိယထပ်သို့ တွယ်တက်ပြီး အပေါ်ထပ် သံပန်းတံခါးအားဖျက်၍ အိမ်အတွင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

အိမ်ထဲတွင်ရှိနေသည့် အိမ်ရှင်တူမနှင့် ဝန်ထမ်းအမျိုးသမီးနှစ်ဦးတို့ကို တိပ်အဝါဖြင့် နောက်ပြန်တုတ်ချီပြီး အိမ်အောက်ထပ် ဘာဂျာတံခါးအား သော့တောင်း၍ ဖွင့်ခဲ့ကြောင်း၊ ယင်းနောက် မီးခံသေတ္တာထားသည့်နေရာကို သော့တောင်းရာ မသိကြောင်းပြောသဖြင့် အခန်းတံခါးအား အသင့်ပါလာသော သံတူရွင်းဖြင့် ရိုက်ဖျက်ဝင်ရောက်ပြီး မီးခံသေတ္တားကို အိမ်အောက်ထပ်သို့ မရွေ့သွားကြောင်း ရဲမှတ်တမ်းအရ သိရသည်။

၎င်းပြင် အနုကြမ်းစီးသူတို့က စာရွက်စာတမ်းများနှင့် ငွေစက္ကူများကိုလည်း ယူဆောင်သွားကြောင်း ဆိုသည်။

အနုကြမ်းစီးသူ ၃ ဦးသည် မျက်နှာဖုံးအနက်ရောင် စွပ်ထားပြီး၊ လက်အိပ်များ ဝတ်ဆင်ထားကြောင်း၊ တစ်ဦးက ဆိုင်ကယ်ဦးထုတ်ပါ ဆောင်းထားကြောင်း သိရသည်။

အနုကြမ်းစီးမှုဖြစ်သည့်အချိန်တွင် အိမ်ရှင်များ ရန်ကုန်သို့ ရောက်ရှိနေကြသည်ဟု သိရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် အမှုဖွင့်ကာ ကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး သက်ဆိုင်ရာက စုံစမ်းလျှက်ရှိသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့ကလည်း ရေးမြို့နယ်၊ လမိုင်းမြို့ရှိ ရွှေဆိုင်ရှေ့တွင် ရပ်ထားသည့်ကားကို သေနတ်ပြပြီး ကားလုယက်မှု ဖြစ်ပွားခဲ့သေးသည်။

ဩဂုတ်လ ၂၂ ရက်နေ့ကလည်း ချောင်းဆုံ (ဘီးလူးကျွန်း) မြို့နယ်တွင် ရွှေ၊ ငွေ လုယက်ပြီး အသက် ၇၆ နှစ်အရွယ် အဘိုး၊ အဘွား လင်မယားနှစ်ဦးကို သတ်ဖြတ်သွားသည့်ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts