၇၉ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ဗဟိုတစ်နေရာတည်း၌ လုပ်ဆောင်နိုင်ခြင်းမရှိသဖြင့် မိမိတို့နှင့် နီးစပ်ရာ အာဇာနည်ဗိမာန်များသို့ သွားရောက်၍ အောက်မေ့ဖွယ်အထိမ်းအမှတ်များ ပြုလုပ်နိိုင်ကြောင်း မွန်လူငယ်ဖိုရမ် (MYF) က ယနေ့ သြဂုတ် ၂၅ တွင် ထုတ်ပြန်တိုက်တွန်းသည်။
လာမည့် သြဂုတ်လ ၂၈ ရက်နေ့ ကျရောက်သည့် ၇၉ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ကို လမ်းပမ်းဆက်သွယ်ရေးအခြေအနေ ခက်ခဲခြင်း၊ ပကတိနိုင်ငံအခြေအနေကြောင့် အတူတကွဦးဆောင်ပြီး တစ်နေရာ တစ်စုတစ်စည်းတည်း လုပ်ဆောင်ရန် မလွယ်ကူဘဲ ဖြစ်လာသည်ဟု ဆိုသည်။
သို့သော် MYF မှ မွန်လူမျိုးအကျိုးအတွက် အသက်စွန့်ခဲ့သည့် မွန်တော်လှန်ရေးခေါင်းဆောင်များအား အောက်မေ့အမှတ်ရ ဂါရဝပြုနိုင်ရန်၊ ဇာတိသွေးဇာတိမာန်တက်ကြွစေရန်၊ မွန်တော်လှန်ရေးသမိုင်းဖြစ်စဉ်ကို သိရှိပြီး လူမျိုးအကျိုးဆက်လက်သယ်ပိုးနိုင်စေရေး မွန်လူငယ်နှင့် မိဘပြည်သူများ အနေဖြင့် မိမိတို့မြို့နယ်အလို အာဇာနည်ရုပ်တု၊ ဂူဗိမာန်အဖြစ် သတ်မှတ်ထားသည့် နေရာတွင် အောက်မေ့ဖွယ် အစီအစဥ်များ လုပ်ဆောင်ကြရန် တိုက်တွန်းသည်။

နိုင်ငံရေး၊ လူမျိုးရေးနှင့်ပတ်သတ်သည့် အခမ်းအနားများ ကန့်သတ်ခံနေရပြီး အကျဉ်းချုံးသာ လုပ်ဆောင်နေခြင်းသည် အနှစ်သာမရှိကြောင်းလည်း ဖြစ်နိုင်သည်ဟု မွန်လူငယ်အရေး ဦးဆောင်နေသူတစ်ဦးက IMNA သို့ ပြောသည်။
“အရင်တုန်းကတော့ ဘာအခမ်းအနားပဲ ဖြစ်ဖြစ်၊ လုပ်ပိုင်ခွင့် ရှိတယ်။ လူငယ်တွေကို ပေးချင်တဲ့သတင်းစကားတွေ၊ သင်ခန်းစာတွေကို ရင်အထဲထိ ရောက်အောင် ပြောလို့ရတယ်။ ဒါပေမဲ့ အခုက နိုင်ငံရေး၊ လူမျိုးရေးနဲ့ပတ်သက်တဲ့ အခမ်းအနားတွေ ကျင်းပတာက ပိတ်ပင်မှုတွေ၊ ကန့်သတ်မှုတွေနဲ့ ကြုံတွေ့နေရတယ်။ အဲကြောင့် ဘယ်အခမ်းအနားမဆို အကျဉ်းချုပ်ပဲ လုပ်နေရတယ်။ ကြာလေ၊ အခြေအနေပိုဆိုးလာလေပဲ” ဟု အထက်ပါ မွန်လူငယ်ခေါင်းဆောင်က ပြောသည်။
စစ်အာဏာမသိမ်းခင်က မွန်တော်လှန်ရေးအခမ်းအနားကို မွန်လူငယ်ဖိုရမ် (MYF) ၏ ဦးဆောင်မှုဖြင့် မုဒုံမြို့နယ်၊ ဝင်းစိန်တောရ၊ မွန်အာဇာနည်ဗိမာန်ကုန်းတွင် နယ်နီးနယ်ဝေးမှ ရဟန်းသံဃာ၊ လူကြီး၊ လူငယ်များ ပါဝင်ပြီး တစ်စုတစ်စည်းတည်း လုပ်ဆောင်ခဲ့သည်။
မွန်တော်လှန်ရေးနေ့အခမ်းအနားသည် မွန်အမျိုးသားရေးအတွက် အသက်ပေးတိုက်ပွဲဝင်ခဲ့ကြသူများနှင့် တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သည့် အာဇာနည်များကို မွန်ပြည်သူလူထုများက အောက်မေ့ ဂုဏ်ပြုသည့်နေ့ ဖြစ်သည်။
အာဇာနည်ဗိမာန်ကုန်းရှိရာ နေရာတွင်သာမက မွန်လူမျိုးများ နေထိုင်ရာ ဒေသများနှင့် ပြည်ပရောက် မွန်လူမျိုးများကလည်း နီးစပ်ရာ အာဇာနည်ဗိမာန်၊ ဘုန်းကြီးကျောင်းများ၊ မွန်ပြည်သစ်ခရိုင်ရုံးများတွင် နှစ်စဉ်မပြတ် ကျင်းပပြုလုပ်နေကြောင်း သိရသည်။




