ကန်ချနပူရီရှိ ဘန်နောင်ဆောင် ကလေးထိန်းကျောင်းကို သြဂုတ် ၇ ရက်နေ့ သောကြာနေ့ နံနက်ပိုင်းက ယာဉ်တစ်စီး အရှိန်လွန် ဝင်တိုက်မှု ဖြစ်ပွားခဲ့ရာ ကလေး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ဝင်တိုက်မှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးအဖွဲ့များ၊ အရေးပေါ်ဆေးဘက်ဆိုင်ရာအဖွဲ့များနှင့် ရဲတပ်ဖွဲ့ဝင်များ အခင်းဖြစ်ပွားရာနေရာသို့ အလျင်အမြန်ရောက်ရှိလာပြီး ထိခိုက်ဒဏ်ရာရရှိသူ ကလေးငယ်များကို ရှေးဦးသူနာပြုကုသမှုပေးခဲ့သည်။
ထို့နောက် ဒဏ်ရာရရှိသူများအား အနီးရှိ ဆေးရုံများသို့ အရေးပေါ်ပို့ဆောင်၍ ဆက်လက် ကုသပေးလျက်ရှိသည်။
ရဲတပ်ဖွဲ့၏ ကနဦး စုံစမ်းစစ်ဆေးချက်အရ ယာဉ်မောင်းဖြစ်သူသည် မောင်းနှင်နေစဉ် “မူးမေ့သွားခဲ့ခြင်း” ကြောင့် ယာဉ်ကို မထိန်းချုပ်နိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်။
ဒါ့အပြင် ယာဉ်မောင်း၏ လွယ်အိတ်အတွင်း စစ်ဆေးရာမှ .22 မီလီမီတာ အရွယ်အစားရှိ ပစ္စတိုသေနတ် အတိုတစ်လက်ကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့သဖြင့် သက်သေခံအဖြစ် သိမ်းဆည်းထားပြီး ဥပဒေအရ တရားမဝင် လက်နက်ကိုင်ဆောင်မှုဖြင့် ထပ်မံ အမှုဖွင့် အရေးယူရန် ပြင်ဆင်လျက် ရှိသည်။



