Homeသတင်းစပါးဈေးကောင်းသော်လည်း အထွက်နှုန်းလျော့ကျနိုင်ဟု တောင်သူများခန့်မှန်း

စပါးဈေးကောင်းသော်လည်း အထွက်နှုန်းလျော့ကျနိုင်ဟု တောင်သူများခန့်မှန်း

-

မွန်ပြည်နယ် မိုးစပါးဈေးနှုန်း သိန်း ၅၀ ကျော် အထိ ပေါက်ဈေးရှိနေသော်လည်း စပါးအထွက်နှုန်းလျော့ကျနိုင်ဟု တောင်သူများက ခန့်မှန်းပြောဆိုသည်။

ပြင်ပဈေးကွက်အတွင်း မွန်ဒေသထွက် ဆန်ချောအုပ်စုဝင်စပါးတင်း ၁၀၀ လျှင် သိန်း ၆၀ နီးပါးအထိ ရရှိနေသည့်အပြင် အလယ်အလတ်တန်းအုပ်စုဝင် စပါးတင်း ၁၀၀ ဈေး သိန်း ၅၀ ကျော် ဈေးရှိနေသဖြင့် ယမန်နှစ်ထက် ထက်ဝက်နီးပါး ဈေးကောင်းရရှိနေသည်။

မိုးစပါးစိုက်တောင်သူများသည် စပါးစိုက်ပျိုးစဉ်က အပင်ရေမြုပ်ခြင်း၊ စပါးပင်လှဲကျခြင်း၊ ပိုးမွှားကျရောက်ခြင်းတို့ကြောင့် စပါးစေ့မအောင်ခြင်း၊ အနှံမပြည့်ခြင်းတို့ ဖြစ်ပေါ်နေပြီး ပုံမှန်အထွက်နှုန်း တင်း ၁၀၀ အစား တင်း ၇၀ ခန့်သာ ရရှိနိုင်သည်ဟု တရနာရွာမှ လယ်သမားတစ်ဦးက ဆိုသည်။

“မိုးရွာတုန်းက ရေကြီးထားတော့ စပါးတွေ ရေမြှုပ်တယ်။ စပါးစေ့မအောင်ဘဲ အနှံမပြည့်တာ ဖြစ်နေတယ်။ ပြန်စိုက်တော့ ရေထပ်မြှုပ်တယ်။ ကျခေုနှစ်က ၁၀၀ ဆိုရင် ၇၀ လောက်ရမယ်ပဲ။ အပင်ကလည်း တိုတယ်။ အရင်ထုတ်နိုင်သလောက်ပဲ လုပ်ကြတယ်။ ” ဟု ၎င်းကပြောသည်။

လက်ရှိ စပါးဟောင်းများမှာ ဈေးမကျဘဲ ပုံမှန်ရောင်းဝယ်မှုရှိသလို အသစ်ပေါ်လာသည့် စပါးချောများလည်း အတက်အကျ မမြန်ဘဲ ပုံမှန်အရောင်းအဝယ်ရှိနေကြောင်းလည်း ကုန်သည်များမှ သိရသည်။

စပါးမရိတ်သိမ်းမီ ရက်ပိုင်းအတွင်း ဆစ်ပိုးကျရောက်သောကြောင့် ပေါင်မြို့နယ်အတွင်းက တောင်သူများ တစ်ဧက စပါးအထွက်နှုန်း တင်း ၂၀ ဝန်းကျင်သာရရှိသည်ဟု ပေါင်မြို့နယ်မှ လယ် ၂၀ ဧကလုပ်ကိုင်သူတစ်ဦးက ပြောပြသည်။

“ဒီနှစ်စပါးကောင်းတော့ ၅၀ လောက်မှန်းထားတာ၊ ဒါပေမဲ့ ဆစ်ပိုးကျလိုက်တော့ တစ်ဧက ၂၀၊ ၁၀ တင်းလည်း ထွက်တာရှိတယ်။ ပိုးကျတဲ့လယ်က သုံးပုံတစ်ပုံလောက်ရှိတယ်။ ဒါပေမဲ့ စပါးဈေးက ၄၀ ကျော်ပေါက်ဈေးရှိပေမဲ့ စပါးမရပြန်ဘူး” ဟု ၎င်းကပြောသည်။

စပါးစိုက်ပျိုးချိန်နောက်ကျသည့်အပြင် ရာသီဥတုပြောင်းလဲမှုကြောင့် မြေခြောက်သွေ့ပြီး စိုက်ပျိုးရေးအတွက် ရေအရင်းအမြစ် ပိုမိုမှီခိုလာရနိုင်သည့်အတွက် ဓာတ်ဆီဈေးကြီးမှုအခြေအနေကြောင့် ယခုနှစ် လယ်လုပ်ငန်းရပ်နားထားသည့် တောင်သူများ များနေကြောင်းလည်း သိရသည်။

စပါးပင် ရေနစ်မြုပ်မှု၊ ပိုးကျမှုမရှိသည့် မုဒုံလယ်ဧကများ၌ စပါးအထွက်ကောင်းရန် တောင်သူများ မျှော်လင့်ကြပြီး ရိတ်သိမ်းရက်မတိုင်မီ ပိုးမွှားအန္တရာယ်ကို ကြိုတင်ကာကွယ်နေကြကြောင်းလည်း သိရသည်။

မွန်ပြည်နယ်တွင် မိုးစပါး စိုက်ပျိုးမှုအနေဖြင့် နှစ်စဉ်ဧကပေါင်း ခုနှစ်သိန်းနီးပါး စိုက်ပျိုးသည့် ပြည်နယ်တစ်ခုဖြစ်ပြီး စပါးတင်းပေါင်း သိန်း ၄၃၀ ကျော် ထွက်ရှိကာ ထွက်ရှိလာသည့် စပါးများကို ဒေသတွင်းမှာ စားသုံးသည့်အပြင် အခြားတိုင်းနှင့် ပြည်နယ်များကို တင်ပို့ရောင်းချကြသည်။

 နှစ်စဉ် ရာသီဥတုဒဏ်၊ စပါးဖျက်ပိုးအန္တရာယ်၊ စိုက်ပျိုးစရိတ်ကြီးမြင့်မှုဒဏ်၊ လုပ်သားရှားပါးမှုဒဏ်၊ စက်သုံးဆီမလုံလောက်မှုဒဏ်ကြောင့် နလန်မထူနိုင်သည်အထိ ရှုံးကြသော်လည်း မိရိုးဖလားအလုပ်အကိုင်ဖြစ်သည့်အတွက် ရသမျှနည်းဖြင့် ဆက်လက် လုပ်ကိုင်နေကြရသည်။

သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကူညီထောက်ပံ့မှုနည်းပြီး စရိတ်မြင့်တက်မှုတို့ကြောင့် လယ်လုပ်ငန်း ရပ်နားမှုများလာသည့် အကျိုးဆက်အနေဖြင့် ရေရှည်တွင် မွန်ဒေသတွင်း၏ စပါးထုတ်လုပ်မှုနှင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံမှုအားလုံးအပေါ် သက်ရောက်လာနိုင်သည်ဟု စိုက်ပျိုးရေးပညာရှင်များက သုံးသပ်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,900SubscribersSubscribe

Latest posts