Homeသတင်းဓမ္မသရွာဘုရားပွဲ အချိန်အကန့်အသတ်ဖြင့် ပြန်လည်ကျင်းပ

ဓမ္မသရွာဘုရားပွဲ အချိန်အကန့်အသတ်ဖြင့် ပြန်လည်ကျင်းပ

-

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ စစ်ဘေးဒဏ်သင့်ခဲ့ရသည့် ဓမ္မသကျေးရွာ ဘုရားပွဲကို အချိန်အကန့်အသတ်ဖြင့် ပြန်လည် ကျင်းပခဲ့ကြောင်း ဒေသခံများမှ သိရသည်။

နှစ်စဥ် သီတင်းကျွတ်လဆုတ် ၆ ရက်မှ ၉ ရက်နေ့အထိ မွန်ရိုးရာအစဉ်အလာအတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည့် ဓမ္မသရွာ ဘုရားပွဲကို ပြီးခဲ့သည့် ၂၀၂၄ မတ်လက စစ်ကောင်စီ၏ လက်နက်ကြီးနှင့်ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဘုရားပွဲကျင်းပနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

ယနေ့အထိ ရွာဘုန်းကြီးကျောင်းနှင့် ဘုရားဝင်းအတွင်း တပ်ဆွဲအခြေချထားသော စစ်တပ်အဖွဲ့များရှိနေဆဲဖြစ်သည့်အပြင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် အချိန်အကန့်အသတ်ဖြင့်သာ ကျင်းပခဲ့ကြောင်း ကျိုက်မရောဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

“လုပ်တာလုပ်နေရတာပါ။ ဒီအခြေအနေနဲ့ လုပ်ရတာ တကယ်မလွယ်ဘူး။ ပြီးတော့ စစ်တပ်ကလည်း ဒီမှာပဲ တပ်ချထားတယ်ဆိုတော့ ကျွန်တော်တို့က အခြေအနေကို ကြည့်ပြီး လုပ်နေရတယ်။ ဒီနှစ်က ဘုရားဖူးသူတွေ အရမ်းများလာတယ်။ ” ဟု ဓမ္မသဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

တောင်ပေါ် ဘုရားဖူးချိန်ကို ည ၈ နာရီ အထိသာ ခွင့်ပြုထားသည့်အပြင် ဇာတ်ပွဲနှင့် အခြားဖျော်ဖြေရေးအစီစဉ်များကို နေ့ပိုင်းသာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မူလအခြေအနေသို့ မကျင်းပနိုင်သေးသော်လည်း ဘုရားဖူးဧည့်သည်များ ယမန်နှစ်ကထက် လာရောက်သူများကြောင်း ရွာခံများက ဆိုသည်။

ဘုရားပွဲကာလအတွင်း စစ်ကောင်စီတပ်များက ကျောင်းဝင်းတွင် ဝင်ရောက်တပ်စွဲထားပြီး စစ်လက်နက်များလည်း ရှိနေသည့်အတွက် ဘုရားဖူးလာရောက်သူများကို အခက်အခဲဖြစ်စေသည့်အပြင် လွတ်လပ်မှုမရှိဟုလည်း ဘုရားပွဲသွားရောက်ခဲ့သည့် လူငယ်အမျိုးသမီးတစ်ဦးက ဆိုသည်။

“ဒီတစ်ခါသွားတာ တိတ်ဆိတ်နေတယ်လို့ ခံစားရတယ်။ လွတ်လပ်မှုလည်း မရှိဘူး။ ကျောင်းကို စစ်သားတွေ ပိုင်နေသလိုပဲ။ နေရာတိုင်းမှာ သူတို့ပဲ။ သူတို့ပေးလုပ်တဲ့နေရာမှ လုပ်ရတယ်။ ပြီးတော့ သူတို့ပစ္စည်းတွေလည်း ကျောင်းထဲမှာပဲ ထားထားကြတယ်။ ” ဟု သူက ဆိုသည်။

ယခင် ကျိုက်တမော့ဘုရားပွဲနှင့်အပြိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သော ဓမ္မသရွာဘုရားပွဲသည် စစ်ဘေးဒဏ်ကြောင့် ယနေ့ထိတိုင် အကန့်အသတ်ဖြင့်သာ ကျင်းပခဲ့ကြသည်။

တော်လှန်ရေးပူးပေါင်းအဖွဲ့များက ကော့ဘိန်းတိုက်နယ်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဓမ္မသရွာကို မတ်လ ၂၇၊ ၂၀၂၄ တွင် စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှုနှင့် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုတို့ကြောင့် နေအိမ်ရာနှင့်ချီ မီးလောင်ပြာကျခဲ့ရသည်။

ရွာအတွင်းရှိ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းဝင်းများ အပါအဝင် ရွာအဝင်၊ အထွက်လမ်းပိုင်းတွင် စစ်တပ်များ တပ်ချထားပြီး ခရီးသွားများကို စစ်ဆေးရေး တင်းကျပ်ထားဆဲဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,900SubscribersSubscribe

Latest posts