Homeဆောင်းပါးဒီဂျစ်တယ်ခေတ်ရဲ့ အမှောင်ဘက်ခြမ်းနဲ့ အမျိုးသမီးတွေအတွက် သတိပေးချက်

ဒီဂျစ်တယ်ခေတ်ရဲ့ အမှောင်ဘက်ခြမ်းနဲ့ အမျိုးသမီးတွေအတွက် သတိပေးချက်

-

သတင်းဆောင်းပါး-သော်တာ

နည်းပညာတွေ တိုးတက်လာတဲ့ ဒီကနေ့ခေတ်မှာ ဆိုရှယ်မီဒီယာနဲ့ အင်တာနက်ဟာ နေ့စဉ်ဘဝရဲ့ မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။ ဒါပေမယ့် ဒီလို လွယ်ကူလျင်မြန်မှုတွေရဲ့ နောက်ကွယ်မှာ ကြောက်စရာကောင်းတဲ့ အမှောင်ဘက်ခြမ်းတစ်ခု ရှိနေပါတယ်။

အခုရက်ပိုင်းအတွင်း TFGBV လို့ခေါ်တဲ့ နည်းပညာကို အသုံးပြုပြီး ကျူးလွန်တဲ့ လိင်အခြေပြု အကြမ်းဖက်မှု" ကိစ္စတွေ  တဖန် များပြားလာပါတယ်။ အင်တာနက်၊ လူမှုကွန်ရက်မီဒီယာ၊ ဖုန်း ဒါမှမဟုတ် အခြားနည်းပညာတစ်ခုခုကို သုံးပြီး လိင်ကွဲပြားမှု၊ ဂျန်ဒါခွဲခြားမှုအပေါ်မူတည်ပြီး ထိခိုက်နစ်နာအောင် လုပ်ဆောင်ခြင်းနည်းပါ။

ကိုယ့်ရဲ့ အလုံခြုံဆုံးလို့ ထင်ထားတဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ ဓာတ်ပုံတွေဟာ မသမာသူတွေရဲ့ လက်ထဲကို ရောက်သွားတဲ့အခါ ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဟာ စကားလုံးနဲ့ ဖော်ပြလို့မရအောင် ကြီးမားလှပါတယ်။

ယုံကြည်ရသူကို ပေးပို့မိတာ၊ ဖုန်း ပျောက်ဆုံးသွားတာ၊ ဖုန်းပြင်ဆိုင်မှာ အချက်အလက်တွေ အခိုးခံရတာ၊ ဒါမှမဟုတ် ဆိုရှယ်မီဒီယာ အကောင့်တွေ အဟက် (Hack) ခံရတာ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ဒီလို ဓာတ်ပုံတွေ ပေါက်ကြားတတ်ပါတယ်။

ဒီဆောင်းပါးဟာ လက်ရှိ စာရေးသူကိုယ်တိုင် ကြုံတွေ့နေရတဲ့ အတွေ့အကြုံကို အခြေခံပြီး အခြားသော အမျိုးသမီးတွေ သတိချပ်စေရန် အသိပေး ရေးသားခြင်းဖြစ်သည်။

အဆိုးရွားဆုံး စိန်ခေါ်မှုများနှင့် စိတ်ပိုင်းဆိုင်ရာ ကစားကွက်များ

ကိုယ်ရေးကိုယ်တာ အချက်အလက်တွေနဲ့ ဓာတ်ပုံတွေဟာ ဘယ်ကနေ ဘယ်လို ပေါက်ကြားသွားသလဲလို့ ပြန်လည်ဆန်းစစ်တဲ့အခါ အဖြေရှာမရဘဲ လမ်းပျောက်နေတတ်ပါတယ်။

ဒီလိုအချိန်မှာ ကိုယ်ယုံကြည်လို့ ပေးပို့ထားတဲ့ သူတွေကိုပဲ ပိုပြီး သံသယဝင်လာသလို၊ တစ်ဖက်မှာလည်း နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်ကြောင့် အဟက် (Hack) ခံရတာများလား ဆိုပြီး တွေးစရာတွေက များလာပါတယ်။

 နောက်ဆုံးမှာတော့ ဘယ်သူ့ကိုမှ ယုံကြည်လို့မရတော့တဲ့ အထီးကျန်ဆန်တဲ့ အခြေအနေဆိုးကြီးထဲကို ရောက်သွားပါတော့တယ်။ အကြောင်းရင်းက ဘယ်လိုပဲဖြစ်နေပါစေ၊ တစ်ဖက်လူဆီမှာ မိမိရဲ့ ပုံတွေ အမှန်တကယ် ရှိနေကြောင်း သက်သေပြလာတဲ့ အချိန်မှာတော့ ခံစားရတဲ့ စိုးရိမ်ပူပန်မှု သောကတွေဟာ စကားလုံးနဲ့ ဖော်ပြလို့မရလောက်အောင် ကြီးမားလှပြီး တကယ်ကို ရူးမတတ် ခံစားခဲ့ရပါတယ်။

စိတ်အနှောင့်အယှက် ဖြစ်စရာကတော့ ခြိမ်းခြောက်သူတွေဟာ မိမိ နေ့စဉ်အသုံးပြုနေတဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေကိုပါ အတိအကျ သိရှိနေပြီး အဲဒီကနေတစ်ဆင့် လာရောက် ဆက်သွယ်လာခြင်းပဲ ဖြစ်ပါတယ်။ သူတို့က ကိုယ့်ရဲ့ပုံတွေ အွန်လိုင်းမှာ ပြန့်နေပြီလို့ စိတ်ဓာတ်ကျအောင် ပြောပေမယ့် တကယ်တမ်း ကိုယ်တိုင်လိုက်ရှာတဲ့အခါ ဘယ်ပလက်ဖောင်းမှာ ပြန့်နေသလဲဆိုတာကို အတည်ပြုလို့ မရပါဘူး။

ဒီလို အကျပ်အတည်း ကြုံလာရပြီဆိုရင် မိမိတစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းဖို့ဆိုတာ လုံးဝ မလွယ်ကူတော့ပါဘူး။ အခြေအနေကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ဖို့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အကူအညီတွေ အများကြီး လိုအပ်လာသလို၊ ကိုယ့်ရဲ့ ကြောက်ရွံ့မှုတွေကို ယုံယုံကြည်ကြည်နဲ့ ရင်ဖွင့်တိုင်ပင်နိုင်မယ့်၊ ခွန်အားပေးဖေးမမယ့် သူတွေလည်း မရှိမဖြစ် လိုအပ်လာပါတယ်။

ငွေကြေးသာမက လိင်ပိုင်းဆိုင်ရာ အကျပ်ကိုင် ခြိမ်းခြောက်ခြင်း (Sextortion)

တစ်ခါတစ်ရံမှာ ခြိမ်းခြောက်သူတွေဟာ တိုက်ရိုက် ခြိမ်းခြောက်ရုံသာမကဘဲ စိတ်ဓာတ်ရေးပိုင်း ကျဆင်းသွားစေသည်အထိ နည်းမျိုးစုံနဲ့ နှောင့်ယှက်တတ်ကြပါတယ်။

ဘယ်သူဘယ်ဝါမှန်း မသိရတဲ့ အကောင့်တုတွေ အများကြီးသုံးပြီး Message Box တွေထဲကို ရိုင်းစိုင်းတဲ့ စကားလုံးတွေ၊ အရှက်တကွဲဖြစ်စေမယ့် စာတွေ (Spam messages) နေ့စဉ်ရက်ဆက် ပို့လေ့ရှိပါတယ်။ ရည်ရွယ်ချက်ကတော့ Victim အနေနဲ့ လုံခြုံမှုမရှိတော့ဘူးလို့ ခံစားရပြီး နောက်ဆုံးမှာ သူတို့ခိုင်းတာကို လက်ခံလာအောင် တွန်းအားပေးတာ ဖြစ်ပါတယ်။

နောက်ထပ် ကြောက်စရာကောင်းတဲ့ အချက်ကတော့ ဒီလို ခြိမ်းခြောက်သူတွေဟာ ငွေကြေးတောင်းခံတာမျိုး မဟုတ်ဘဲ သူတို့ကို လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေခိုင်းတာ၊ နောက်ထပ် ဓာတ်ပုံ/ဗီဒီယို အသစ်တွေ ထပ်တောင်းတာမျိုး (Sextortion) တွေနဲ့ အကျပ်ကိုင်လာခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ အမျိုးသမီးတွေရဲ့  သိက္ခာနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ရက်ရက်စက်စက် ဖျက်ဆီးနေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။

အရေးကြီးဆုံး တုံ့ပြန်သင့်တဲ့နည်းလမ်း

ခြိမ်းခြောက်မှုသံသရာကနေ ရပ်တန့်ဖို့၊ ထိရောက်တဲ့ အရေးယူမှုတွေကို လုပ်ဆောင်နိုင်ဖို့ဆိုရင် ကိုယ့်ရဲ့တုန့်ပြန်မှုဟာလည်း အရေးကြီးဆုံးအခန်းကဏ္ဍမှာ ရှိနေပါတယ်။

ငွေပေးတာပဲဖြစ်ဖြစ်၊ လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေခိုင်းတာကိုပဲဖြစ်ဖြစ် လုံးဝမလုပ်ပါနဲ့။ တစ်ခါ လိုက်လျောလိုက်ရင် သူတို့အတွက် နောက်ထပ် ခြိမ်းခြောက်စရာ လက်နက်အသစ်တွေ ထပ်ရသွားနိုင်တာကြောင့် တစ်ဖက်မှ တောင်းဆိုတာကို လုံးဝ မလိုက်လျောဖို့ လိုအပ်ပါတယ်။

ခြိမ်းခြောက်တဲ့ စာတွေ၊ အကောင့်နာမည်တွေကို Screenshot ရိုက်ပြီး အထောက်အထား သိမ်းထားဖို့လည်း လိုအပ်ပါတယ်။

အရှက်တရားကြောင့် နှုတ်ဆိတ်မနေဘဲ နားလည်ပေးနိုင်တဲ့ မိသားစု၊ သူငယ်ချင်း ဒါမှမဟုတ် သက်ဆိုင်ရာ ဆိုက်ဘာမှုခင်း တားဆီးနှိမ်နင်းရေး အဖွဲ့အစည်းတွေကို ချက်ချင်း အကြောင်းကြား အကူအညီတောင်းပါ။

နည်းပညာပိုင်းအကူအညီအတွက် ဒစ်ဂျစ်တယ်အခွင့်အရေး ကာကွယ်ပေးနေသည့် MIDO ကဲ့သို့ အဖွဲ့များ၊ စိတ်ပိုင်းဆိုင်ရာ အားပေးမှုအတွက် စိတ်ကျန်းမာရေး ဆွေးနွေးကူညီရေးအဖွဲ့ Call me today, နွေဦးလုံခြုံရေးကဲသို့ အဖွဲ့တွေထံလည်း ဆက်သွယ်နိုင်ပါတယ်။

သတိပြုသင့်တဲ့ ဒီဂျစ်တယ် လုံခြုံရေးများ

ယခုကဲ့သို့ ဖြစ်ရပ်မျိုးမှ ကာကွယ်ရှောင်ရှားနိုင်ဖို့ အမျိုးသမီးအပါအဝင် လူမှုကွန်ရက်အသုံးပြုသူတွေအနေနဲ့ ဒီဂျစ်တယ်လုံခြုံမှုဆိုင်ရာ ကိစ္စတွေကို အထောက်အလျှောက် နားလည်ထားရန် လိုအပ်တယ်လို့ နည်းပညာ ကျွမ်းကျင်သူတစ်ဦးက IMNA ကို တိုက်တွန်းပြောဆိုပါတယ်။

ဒစ်ဂျစ်တယ် လုံခြုံရေးကို ဂရုစိုက်ပြီး မိမိရဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေကို Two-Factor Authentication (2FA) ခံထားပါ။ လျှို့ဝှက်နံပါတ် (Password) ကို ခန့်မှန်းရခက်ခဲအောင် ပေးထားပါ။

ကိုယ်ရေးကိုယ်တာ ဓာတ်ပုံများ သိမ်းဆည်းတဲ့အခါမှာ အလွန်အရေးကြီးတဲ့၊ ပုဂ္ဂိုလ်ရေးဆန်လွန်းတဲ့ ဓာတ်ပုံတွေကို စက်ပစ္စည်းတွေ၊ Cloud Storage တွေမှာ လုံးဝမသိမ်းဆည်းထားတာ အကောင်းဆုံးပါ။

ဘယ်လောက်ပဲ ယုံကြည်ရတဲ့သူ၊ ချစ်ခင်ရသူ ဖြစ်ပါစေ၊ အွန်လိုင်းကနေတစ်ဆင့် ကိုယ်ရေးကိုယ်တာ ဓာတ်ပုံ၊ ဗီဒီယိုတွေ ပေးပို့ခြင်းကို လုံးဝ ရှောင်ကြဉ်ပါ။

နိဂုံး

ကိုယ်ရေးကိုယ်တာ ဓာတ်ပုံတွေကို ဖြန့်ဝေရောင်းချခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ အကျပ်ကိုင်ခြင်းတွေဟာ ကြီးလေးတဲ့ ပြစ်မှုတစ်ခု ဖြစ်သလို၊ လူ့အခွင့်အရေးကို ဆိုးဆိုးရွားရွား ချိုးဖောက်ခြင်းလည်း ဖြစ်ပါတယ်။

ဒီလို ပြစ်မှုတွေဟာ အမျိုးသားတွေထက် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ်မှာ ပိုမို ပစ်မှတ်ထား ကျူးလွန်လေ့ရှိပါတယ်။ ဒါဟာ ကျား၊ မ ရေးရာကို အခြေခံပြီး ခွဲခြားနှိမ်ချတဲ့ (Gender-based Violence) လုပ်ရပ်ဖြစ်လို့ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူစာချုပ် (CEDAW) ပါ အခွင့်အရေးများကို ချိုးဖောက်ရာ ရောက်ပါတယ်။

လူ့အဖွဲ့အစည်း အနေနဲ့လည်း ဒီလို ခံစားရသူ (Victim) တွေကို အပြစ်တင် ကဲ့ရဲ့တာမျိုး မလုပ်ဘဲ၊ သူတို့ရဲ့ ရပ်တည်မှုကို နားလည်ပေးဖို့ လိုအပ်ပါတယ်။

အမျိုးသမီးတိုင်း မိမိရဲ့ ဒစ်ဂျစ်တယ် လုံခြုံရေးကို မျက်ခြေမပြတ် သတိထားပြီး အသိသတိနဲ့ ကာကွယ်နိုင်ကြပါစေလို့ တိုက်တွန်း ရေးသားလိုက်ရပါတယ်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts