Homeသတင်းဒေါနအရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းမှူးအပါ စစ်ကြောင်းတစ်ခုလုံးနီးပါး ပျက်စီး

ဒေါနအရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းမှူးအပါ စစ်ကြောင်းတစ်ခုလုံးနီးပါး ပျက်စီး

-

ကရင်အမျိုးသားအစည်းအရုံး KNU၊ တပ်မဟာ (၆) နယ်မြေ ဒေါနတောင်တန်းအရှေ့ခြမ်းတွင် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကော်မရှင်စစ်ကြောင်းက စစ်ကြောင်းမှူးအပါအဝင် စစ်ကြောင်းတစ်ခုလုံးနီးပါး ပျက်စီးသွားသည်ဟု KNU က ထုတ်ပြန်သည်။

ယနေ့ ဩဂုတ်လ ၃ ရက်နေ့တွင် တပ်မ (၂၂) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ-၂၀၃) နှင့် ခြေမြန်တပ်ရင်း (ခမရ-၂၁၀) တို့မှ အင်အားအလုံးအရင်းဖြင့် ဒေါနအရှေ့ခြမ်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်။

လက်လွှတ်ဆုံးရှုံးခဲ့ရသည့် နယ်မြေများအား ပြန်လည်ထိန်းချုပ်နိုင်ရန် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၂၈) မှူး ဒုတိယဗိုလ်မှူးကြီး စောဒါဘော ဦးဆောင်သော KNLA တပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲအတွင်း ခမရ (၂၀၃) မှ ဗိုလ်မှူးအဆင့်ရှိ စစ်ကြောင်းမှူးအပါအဝင် စစ်ကြောင်းတစ်ခုလုံးနီးပါး ပျက်စီးသွားသည်ဟု KNU က ဆိုသည်။

တိုက်ပွဲတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် အများအပြား သေဆုံးပြီး၊ MA-3 သေနတ် (၂) လက်၊ MA-2 သေနတ် (၂) လက်အပါအဝင် လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု KNU က ပုံနှင့် တကွ ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ နိုင်ငံတစ်ဝန်းရှိ လူငယ်လူရွယ်များအား အတင်းအဓမ္မ စစ်မှုထမ်းစေကာ ရှေ့တန်းစစ်မြေပြင်များသို့ စေလွှတ်လျက်ရှိသည်ဟု ဆိုသည်။

မိမိဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခံနေရသည့် တပ်သားများနှင့် တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ အသက်အန္တရာယ်နှင့် အနာဂတ်ကို ကာကွယ်နိုင်ရန် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ အလင်းဝင်ရောက်ကြရန် KNU က တိုက်တွန်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts