Homeဆောင်းပါးNCA ၁၁ နှစ်တာနှင့် ပျောက်ဆုံးနေဆဲ ငြိမ်းချမ်းရေး

NCA ၁၁ နှစ်တာနှင့် ပျောက်ဆုံးနေဆဲ ငြိမ်းချမ်းရေး

-

၂၀၁၅ ခုနှစ် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့စဉ်က မြန်မာနိုင်ငံ၏ ဆယ်စုနှစ်များစွာကြာ လက်နက်ကိုင်ပဋိပက္ခများကို အဆုံးသတ်နိုင်မည့် ငြိမ်းချမ်းရေးလမ်းကြောင်းတစ်ခု ပေါ်ပေါက်လာပြီဟု မျှော်လင့်ခဲ့ကြသည်။ သို့သော် NCA လက်မှတ်ရေးထိုးခဲ့သည်မှာ ၁၁ နှစ်တာ ပြည့်လာခဲ့သော် ထိုမျှော်လင့်ချက်နှင့် လက်တွေ့အခြေအနေကြား ကွာဟချက်က ပိုမိုထင်ရှားလာသည်။ ငြိမ်းချမ်းရေးထက် ပဋိပက္ခများသာ ပိုမိုကျယ်ပြန့်လာသည့် အခြေအနေကို တွေ့မြင်ရသည်။

စစ်ခေါင်းဆောင်များ အခြေစိုက်ရာ နေပြည်တော်တွင် NCA ၁၁ နှစ်ပြည့်အခမ်းအနားကို ခြိမ့်ခြိမ့်သဲ ကျင်းပနေသော်လည်း နိုင်ငံတစ်ဝန်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရဆဲဖြစ်သည်။ ငြိမ်းချမ်းရေးအခမ်းအနား ကျင်းပနိုင်ခြင်းသည် ငြိမ်းချမ်းရေး အမှန်တကယ်ရရှိနေပြီဖြစ်ကြောင်း သက်သေမဟုတ်ပေ။

NCA သည် အစိုးရ၊ စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲကာ နိုင်ငံရေးပြဿနာများကို စစ်ရေးနည်းလမ်းဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် အဖြေရှာရန် ရည်ရွယ်ခဲ့သည့် သဘောတူစာချုပ်ဖြစ်သည်။ ဦးသိန်းအစိုးရလက်ထက်တွင် ပြင်ဆင်ညှိနှိုင်းခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး KNU၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ-PC၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ RCSS၊ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALPနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တို့က စတင်လက်မှတ်ရေးထိုးခဲ့သည်။ ထိုနောက် ၂၀၁၈ ဖေဖော်ဝါရီလတွင် မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ ထပ်မံပါဝင်လာခဲ့သဖြင့် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၁၀ ဖွဲ့အထိ ရှိလာသည်။

အစပိုင်းတွင် NCA ကို လက်နက်ကိုင်ပဋိပက္ခများ လျှော့ချရန်နှင့် နိုင်ငံရေးဆွေးနွေးမှုများ ဖော်ဆောင်ရန် အရေးပါသည့် ခြေလှမ်းတစ်ခုအဖြစ် ရှုမြင်ခဲ့ကြသည်။ သို့သော် NCA လက်မှတ်ရေးထိုးထားခြင်းတစ်ခုတည်းဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးကို အာမခံနိုင်ခဲ့ခြင်း မရှိပေ။ NCA ပြင်ပတွင် ရှိနေသည့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်သည့် သဘောထားကွဲလွဲမှုများ၊ အကောင်အထည်ဖော်ရေးဆိုင်ရာ အငြင်းပွားမှုများနှင့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မှု အားနည်းခြင်းတို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် စိန်ခေါ်မှုများ ဖြစ်စေခဲ့သည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းတွင်မူ NCA အ‌ပေါ် ယုံကြည်မှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အနာဂတ်သည် ပိုမိုရှုပ်ထွေးလာခဲ့သည်။ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုများနှင့် လက်နက်ကိုင်တော်လှန်မှုများ ပေါ်ပေါက်လာသကဲ့သို့ ယခင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့ကလည်း စစ်တပ်နှင့် ဆက်ဆံရေးကို ပြန်လည်သတ်မှတ်ခဲ့ကြသည်။ KNU၊ ABSDF နှင့် CNF တို့က အာဏာသိမ်းမှုသည် NCA ၏ အခြေခံမူများနှင့် ရည်ရွယ်ချက်များကို ထိခိုက်ပျက်စီးစေခဲ့ကြောင်း ထောက်ပြခဲ့ကြပြီး စစ်တပ်နှင့် ဆက်လက်ဆွေးနွေးသည့် လုပ်ငန်းစဉ်အပေါ် ၎င်းတို့၏ ရပ်တည်ချက်များကို ပြောင်းလဲခဲ့ကြသည်။

တခြားတဘက်တွင် NCA ကို ဆက်လက်အသိအမှတ်ပြုသည့် အဖွဲ့အစည်းများနှင့် အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆန့်ကျင်သည့် အဖွဲ့ဝင်များအကြား သဘောထားကွဲလွဲမှုများလည်း ပေါ်ပေါက်ခဲ့သည်။ စစ်တပ်အာဏာသိမ်းမှုသည် ယခင်ထက်ပိုမိုကျယ်ပြန့်သည့် စစ်မီး၏ သော့ချက်ဖြစ်ခဲ့သလို NCA ကိုလည်း အနှစ်သာရ မဲ့စေခဲ့သည်။

ABSDF အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီက “ABSDF ကတော့ NCA နဲ့ ဘာမှမဆိုင်တော့ဘူး။ NCA လည်း နောက်ပြန်လှည့်ဖို့ မရှိတော့ပါဘူး။” ဟု ပြောသည်။ ၎င်း၏ ပြောဆိုချက်သည် အာဏာသိမ်းမှုနောက်ပိုင်း အချို့သော အဖွဲ့အစည်းများအတွက် ယခင် NCA လမ်းကြောင်းသို့ ပြန်လည်ဝင်ရောက်ရန် ခက်ခဲလာသည့် နိုင်ငံရေးအခြေအနေကို ဖော်ပြနေသည်။

NCA ၏ အဓိကရည်ရွယ်ချက်မှာ လက်နက်ကိုင်အဖွဲ့အစည်းများအကြား ပစ်ခတ်မှုရပ်စဲရေးတစ်ခုတည်း မဟုတ်ပေ။ ပြည်သူလူထု၏ လုံခြုံရေး၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် နိုင်ငံရေးအခွင့်အရေးများကို အာမခံနိုင်မည့် နိုင်ငံရေးအဖြေတစ်ခု ရှာဖွေရေးနှင့်လည်း ဆက်စပ်နေသည်။ တိုင်းရင်းသားနိုင်ငံရေးအင်အားစုအများအပြားက ဖက်ဒရယ်ဒီမိုကရေစီစနစ်၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အလေးထားတောင်းဆိုခဲ့ကြသည်။ ထိုအချက်များသည် လုံခြုံရေးနှင့် အာဏာခွဲဝေမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများနှင့်လည်း နီးကပ်စွာ ဆက်စပ်နေသည်။

NCA အကောင်အထည်ဖော်ရေး ဆွေးနွေးမှုများတွင် လက်နက်ကိုင်တပ်ဖွဲ့များ၏ အနာဂတ်အခန်းကဏ္ဍနှင့် လုံခြုံရေးစနစ် ပြုပြင်ပြောင်းလဲရေးတို့သည် အရေးကြီးသော သဘောထားကွဲလွဲမှုများ ဖြစ်ခဲ့သည်။ စစ်တပ်က လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖျက်သိမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေး အဓိပ္ပာယ်ရသည့် DDR (Disarmament, Demobilization and Reintegration) ကို ဆွဲကိုင်ထားပြီး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကမူ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို ရည်ညွှန်းသည့် SSR (Security Sector Reform) ကို အဓိက တောင်းဆိုခဲ့ကြသည်။ ထို့ကြောင့် သဘောထားကွဲလွဲမှုမှာ လက်နက်ကိုင်တပ်ဖွဲ့များ၏ အနာဂတ်အခြေအနေတစ်ခုတည်းသာမက ဖက်ဒရယ်ပြည်ထောင်စုအတွင်း လုံခြုံရေးစနစ်ကို မည်သို့ ဖွဲ့စည်းမည်ဆိုသည့် နိုင်ငံရေးပြဿနာနှင့်လည်း ဆက်စပ်နေသည်။

KNU ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက NCA လုပ်ငန်းစဉ်အတွင်း ဖြစ်ပေါ်ခဲ့သည့် သဘောထားကွဲလွဲမှုများနှင့် ပတ်သက်၍ မင်းအောင်လှိုင်၏ အခန်းကဏ္ဍကို ဝေဖန်ပြောဆိုခဲ့သည်။ ၎င်းက “ပြန်ချုပ်လိုက်ရင် NCA က ဦးသိန်းစိန်လက်ထက်က လက်မှတ်ထိုးပြီးသားတွေကို ပြန်ဖျက်တာက ဗိုလ်မှူးကြီး မင်းအောင်လှိုင်ပဲ” ဟု ပြောသည်။ NCA လုပ်ငန်းစဉ်အတွင်း အဖွဲ့အစည်းများအကြား ယုံကြည်မှုနှင့် ဆက်ဆံရေး ပျက်စီးလာပုံကို ၎င်းတို့၏ ရှုထောင့်မှ ဖော်ပြခြင်းဖြစ်သည်။

သို့သော် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းတွင်လည်း မင်းအောင်လှိုင်က NCA ကို ဆက်လက်ဖော်ဆောင်မည်ဟု ပြောဆိုခဲ့ပြီး ငြိမ်းချမ်းရေးအခမ်းအနားများနှင့် တွေ့ဆုံဆွေးနွေးမှုများတွင် NCA ကို အခြေခံသည့် လုပ်ငန်းစဉ်အကြောင်း ထပ်တလဲလဲ ထည့်သွင်းပြောဆိုခဲ့သည်။

နိုင်ငံရေး လေ့လာသုံးသပ်သူများနှင့် တိုင်းရင်းသား ခေါင်းဆောင်အချို့က စစ်တပ်သည် NCA ကို ငြိမ်းချမ်းရေးအတွက်သာမက နိုင်ငံရေးတရားဝင်မှု ရရှိရေးအတွက်လည်း အသုံးချနေသည်ဟု ဝေဖန်ကြသည်။ အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်၏ နိုင်ငံရေးတရားဝင်မှုအပေါ် အငြင်းပွားမှုများ ရှိနေချိန်တွင် NCA ကို ဆက်လက်ဖော်ဆောင်ကြောင်း ပြသခြင်းသည် ပြည်တွင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းထံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်နေကြောင်း တင်ပြရန် ရည်ရွယ်ချက်ပင်ဖြစ်ကြောင်း သုံးသပ်ကြသည်။

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဌ ခွန်မြင့်ထွန်းကလည်း စစ်တပ်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် နိုင်ငံရေးစိတ်ဆန္ဒနှင့် ပတ်သက်၍ “စစ်တပ်အနေနဲ့ ဘယ်တုန်းကမှ ငြိမ်းချမ်းရေးကို လိုလားခဲ့တာ မဟုတ်ဘူး။ အဘယ်တုန်းကမှလည်း ငြိမ်းချမ်းရေးကို တကယ့် နိုင်ငံရေးစိတ်ဆန္ဒရှိရှိနဲ့ ဆောင်ရွက်ခဲ့တာ မရှိဘူးလို့ ကျွန်တော် အဲ့လိုမြင်ပါတယ်။” မှတ်ချက်ပြုသည်။ ၎င်းက စစ်တပ်သည် နိုင်ငံရေးတရားဝင်မှု လိုအပ်သည့် အချိန်များတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အသုံးချတတ်ကြောင်းလည်း ထောက်ပြခဲ့သည်။

၂၀၂၆ ခုနှစ် အောက်တိုဘာလအထိ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအပါအဝင် နေရာအများအပြားတွင် စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ တိုက်ပွဲများကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရခြင်း၊ နေရပ်စွန့်ခွာထွက်ပြေးရခြင်းနှင့် အခြေခံစားဝတ်နေရေး အခက်အခဲများ ကြုံတွေ့ရခြင်းတို့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ လက်တွေ့ရလဒ်ကို ဆန်းစစ်ရာတွင် လျစ်လျူရှု၍မရသည့် အချက်များဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အချက်အလက်များအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်နှင့် စစ်တပ်ထောက်ခံအဖွဲ့များကြောင့် ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် အရပ်သားများအပါအဝင် လူပေါင်း ၈၅၀၀ ကျော် သေဆုံးခဲ့သည်။ ယင်းစာရင်းသည် AAPP က အတည်ပြုမှတ်တမ်းတင်ထားနိုင်သည့် အရေအတွက်ဖြစ်ပြီး အမှန်တကယ် သေဆုံးသူအရေအတွက်မှာ ပိုမိုများပြားနိုင်ကြောင်း ဖော်ပြထားသည်။

NCA စာချုပ်တွင် သက်ဆိုင်သူအားလုံးက ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် သဘောတူထားသော်လည်း လက်တွေ့မြေပြင်တွင် အရပ်သားများသည် လေကြောင်းတိုက်ခိုက်မှုများ၊ ကျေးရွာမီးရှို့ဖျက်ဆီးမှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ ထိုသို့သော လုပ်ရပ်များကို အဆက်မပြတ် လုပ်ဆောင်နေခြင်းက ငြိမ်းချမ်းရေးလမ်းစဉ်နှင့် လုံးဝ သွေဖယ်နေပြီး၊ မငြိမ်းချမ်းမှု၏ ဘေးထွက်ဆိုးကျိုးများကို ပြည်သူများကသာ ခါးစီးခံနေရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts