တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ရေဖြူ-ကလိန်အောင်လမ်းပိုင်းတွင် အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကော်မရှင်စစ်ကြောင်းများ ဝင်ရောက်တပ်စွဲထားကြောင်း ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။
ဇူလိုင်လကုန်ပိုင်းမှစပြီး ရေဖြူနယ်အခြေစိုက် ခြေမြန်တပ်ရင်းများ၊ မြိတ်မြို့အခြေစိုက် တပ်ရင်းများ၊ သရက်ချောင်းမြို့နယ်အခြေအစိုက်တပ်ရင်းများအပါအဝင် မောရဝတီရေတပ်မှ တပ်သားများဖြင့် စုစုပေါင်း အင်အား ၂၀၀ ကျော်တို့ စစ်ကြောင်းထိုးဝင်ရောက်လာသည။
ယနေ့အထိ စစ်ကြောင်းများက ရာဖူး၊ ကျွဲတလင်း၊ ကျောက်ကဒင်၊ အလယ်စခန်းကျေးရွာအထိအနီးတစ်ဝိုက်နေရာများတွင် တပ်စွဲထားဆဲဖြစ်ကြောင်း PDF အထူးတိုင်းစစ်ဌာန၊ နည်းဗျုဟာ ၃၃ မှ တာဝန်ရှိသူ စောဒါးကိုက IMNA သို့ ပြောသည်။

“ လကုန်ပိုင်းကစပြီး အများကြီး စစ်ကြောင်းထိုးလာတယ်။ ဒါပေမဲ့ အခုက နည်းနည်းပြန်ဆုတ် သွားတာ ရှိတယ်။ အားလုံးတော့ ပြန်ဆုတ်သွားတာ မဟုတ်ဘူး။ နေရာတော်တော်များများမှာ ကာကင်းတွေ ထားထားတယ်။ အင်အားကတော့ ၂၀၀ လောက် ရှိအုံးမယ် ” ဟု စောဒါးကိုက ပြောသည်။
အဆိုပါ စစ်ကြောင်းများ ကာကင်းစခန်းချကာ ကျေးရွာအနီးတစ်ဝိုက်တွင် တပ်စွဲနေထိုင်နေဆဲဖြစ်သဖြင့် တိုက်ပွဲဖြစ်ပွားလာမည်စိုးရိမ်သူများ ယာယီတိမ်းရှောင်နေကြသည်။
ပြည်သူများနေထိုင်ရာ ကျေးရွာအနီး ဝင်ရောက်တပ်စွဲထားခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့ဘက်က တိုက်ပွဲဖော်ဆောင်ရန် အခက်အခဲရှိနေပြီး ဒေသခံပြည်သူများအနေဖြင့် သတိပြုသွားလာသင့်ကြောင်း ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“လောလောဆယ် ထိတွေ့မှုတော့ ကြီးကြီးမားမား မဖြစ်သေးဘူး။ သူတို့ဘက်က အင်အားအများကြီးနဲ့ ထိုးနေတယ်၊ ရွာအနီးအနားမှာဆိုတော့ ဒီဘက်ခြမ်းကလူတွေလည်း ရင်ဆိုင်ဖို့တော့ နည်းနည်းအခက်အခဲ ရှိနေတာပေါ့။ အဓိကကတော့ ပြည်သူတွေ၊ ရွာတွေ အနီးမှာ နေနေကြတယ်ဆိုတော့လေ” ဟု ပြောသည်။
ရေဖြူ-ကလိန်အောင်လမ်းပိုင်းသည် ရေဖြူမြို့နယ်နှင့် သရက်ချောင်းမြို့နယ်ကို ဆက်သွယ်ထားသည့် အရေးပါသည့်လမ်းကြောင်းတစ်ခု ဖြစ်ပြီး စစ်ရေးအရလည်း နှစ်ဖက်တပ်များက အလှည့်ကျ လှုပ်ရှားလေ့ရှိသည့် ဒေသတစ်ခု ဖြစ်သည်။
ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်အဖွဲ့မှ တပ်သားထွက်ပြေးမှု မကြာခဏဖြစ်ပေါ်နေပြီး လွတ်မြောက်ထွက်ပြေးသွားသည့် တပ်သားများကို အနီးဝန်းကျင်ရှိ ကျေးရွာများတွင် လိုက်လံရှာဖွေမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။



