Homeဆောင်းပါးအလံအောက်မှာ အဓိပ္ပာယ်ရှိသည် - စတုတ္ထအကြိမ် မွန်လူငယ်ညီလာခံသို့

အလံအောက်မှာ အဓိပ္ပာယ်ရှိသည် – စတုတ္ထအကြိမ် မွန်လူငယ်ညီလာခံသို့

-

မာံသဟာဲ (မင်းစဟိုင်း) ရေးသားသည်။

မွန်လူငယ်များ ဆုံဆည်းကြသည့် ညီလာခံတစ်ရပ်သည် မတူညီသော နေရာနှင့် အတွေ့အကြုံများမှ လူငယ်တို့၏ အမြင်ကို စုစည်းနိုင်သည့် အခွင့်အရေး ဖြစ်သည်။ မိမိတို့ ရင်ဆိုင်နေရသော အခက်အခဲများကို အတူသုံးသပ်ပြီး ရှေ့ဆက်လုပ်ဆောင်မည့် အရေးများကို ဆုံးဖြတ်နိုင်သည့် နေရာလည်း ဖြစ်ရမည်။ အလံအောက်တွင် အဓိပ္ပါယ်များစွာ ရှိနေသည်။

စတုတ္ထအကြိမ်မြောက် မွန်လူငယ်ညီလာခံကို ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ရေးမြို့နယ်၊ ကျိုက်ဒေးတမော့ဗရတ် သာသနာပြုနယ်မြေ၌ ကျင်းပမည်ဖြစ်ကြောင်း မွန်လူငယ်ဆုံရပ် (MYF) က ကြေညာထားသည်။

ညီလာခံ၏ ရည်ရွယ်ချက်များတွင် လက်ရှိမွန်လူငယ်အခြေအနေကို သုံးသပ်၍ အမြင်ဖလှယ်ခြင်း၊ MYF ၏ နှစ်နှစ်တာလုပ်ငန်းဆောင်တာများ တင်ပြခြင်း၊ မွန်လူငယ်မူဝါဒနှင့် မဟာဗျူဟာကို ပြန်လည်သုံးသပ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ပြီး တာဝန်ခံအသစ်များ ရွေးချယ်ခြင်းတို့ ပါဝင်သည်။

ယင်းရည်ရွယ်ချက်များကို အကောင်အထည်ဖော်နိုင်ရန် လူငယ်များ၏ လက်တွေ့ဘဝနှင့် ပါဝင်ဆုံးဖြတ်ခွင့်ကို ဆက်စပ်စဉ်းစားရမည်။ တိုးတက်သော မွန်လူငယ်များအစည်းအရုံး (MYPO) ၏ သုံးသပ်ချက်နှင့် ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) ၏ အိတ်ဖွင့်ပေးစာတို့က ထိုဆွေးနွေးမှုအတွက် မတူညီသော ရှုထောင့်များကို ဖော်ပြထားသည်။

MYPO က ဖော်ပြသော လူငယ်တို့၏ လက်တွေ့ဘဝ

MYPO က ၂၀၂၆ ခုနှစ် ဩဂုတ်လ ၃၁ ရက်တွင် ထုတ်ဝေထားသည့် စာစဉ် (၂) ၌ “နိုင်ငံရေးအကျပ်အတည်းများအကြား မွန်လူငယ်တို့၏ တရားမျှတမှုလက်လှမ်းမီခြင်းအပေါ်သုံးသပ်ချက်” ကို ဖော်ပြထားသည်။

ယင်းသုံးသပ်ချက်တွင် စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးအခြေအနေပြောင်းလဲမှုနှင့်အတူ မွန်လူငယ်များ ကြုံတွေ့နေရသော စစ်ဆေးဖမ်းဆီးမှု၊ တရားစွဲဆိုမှုနှင့် အကျဉ်းချခံရမှုများကို ဆွေးနွေးထားသည်။ သတင်းအချက်အလက်နှင့် အတွင်းပိုင်းအမှုမှတ်တမ်းများကို ကိုးကား၍ ဖြစ်စဉ်နှင့် အထောက်အထားများအပေါ် အခြေခံတင်ပြထားခြင်း ဖြစ်သည်။

အဓိကဖော်ပြချက်တစ်ရပ်မှာ လူငယ်များသည် နိုင်ငံရေးလှုပ်ရှားမှု၌ ပါဝင်ခြင်းကြောင့်သာမက နေ့စဉ်သွားလာမှုနှင့် ဒစ်ဂျစ်တယ်ဆက်သွယ်မှုများကြောင့်လည်း အန္တရာယ်ကြုံတွေ့နေရခြင်း ဖြစ်သည်။ ဖုန်းအတွင်းရှိ ဓာတ်ပုံ၊ မက်ဆေ့ချ်နှင့် လူမှုကွန်ရက်မှတ်တမ်းများကို အကြောင်းပြု၍ အဖွဲ့အစည်းများနှင့် ဆက်သွယ်သည်ဟု စွပ်စွဲဖမ်းဆီးခြင်းနှင့် တရားစွဲဆိုခြင်းတို့ကို ဖော်ပြထားသည်။

မူးယစ်ဆေးဝါးအမှုများ၊ ရွှေ့ပြောင်းအလုပ်သမားလူငယ်များ၏ အခက်အခဲများနှင့် ငွေကြေးတတ်နိုင်မှုအလိုက် အကူအညီရရှိမှု ကွာခြားနိုင်သည့် အခြေအနေများလည်း ပါဝင်သည်။ ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးစခန်းသို့ ပို့ဆောင်ခံရခြင်း၊ ရှေ့နေနှင့် ဆက်သွယ်ခွင့်နှင့် မိသားစုတွေ့ဆုံခွင့် ကန့်သတ်ခံရခြင်း၊ အချုပ်ကာလရှည်ကြာခြင်းနှင့် မမျှတသော တရားရင်ဆိုင်မှုများကို ထောက်ပြထားသည်။

အကျဉ်းချခံရချိန်တွင်လည်း ဆေးဝါး၊ ဆေးကုသမှု၊ အစားအစာနှင့် အခြေခံအသုံးအဆောင်များ မလုံလောက်ခြင်း၊ နှိပ်စက်မှုနှင့် ခွဲခြားဆက်ဆံမှုများ ကြုံတွေ့ရကြောင်း ဖော်ပြထားသည်။

ထို့အတွက် မွန်တော်လှန်ရေးအင်အားစုများက လူငယ်တို့၏ ကိုယ်ရေးအချက်အလက်ကို ကာကွယ်ရန်၊ အရပ်ဘက်အဖွဲ့အစည်းများက လုံခြုံရေးမူဝါဒများ ကျင့်သုံးရန်နှင့် လူငယ်များက ဒစ်ဂျစ်တယ်လုံခြုံရေးအသိပညာနှင့် သွားလာရေးသတိပြုမှု တိုးမြှင့်ရန် MYPO က အကြံပြုထားသည်။ မိဘများက သားသမီးများနှင့် ဆက်သွယ်ဆွေးနွေး၍ ကာကွယ်စောင့်ရှောက်မှု ပေးရန်နှင့် နိုင်ငံတကာအဖွဲ့အစည်းများက ထိရောက်သော အကူအညီပေးနိုင်မည့် နည်းလမ်းများ ရှာဖွေရန်လည်း တိုက်တွန်းထားသည်။

နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုများရှိသော်လည်း မွန်လူငယ်များအတွက် လုံခြုံရေးနှင့် တရားမျှတမှုလက်လှမ်းမီရေး အတားအဆီးများ ဆက်ရှိနေကြောင်း ယင်းသုံးသပ်ချက်က ဖော်ပြနေသည်။

NRFF က ထောက်ပြသော ညီလာခံနှင့် လူငယ်အရေး

MYPO က လူငယ်တို့၏ လက်တွေ့အခက်အခဲများကို ဖော်ပြထားချိန်တွင် NRFF က ယင်းအရေးများကို ဆွေးနွေးမည့် ညီလာခံ၏ အခြေအနေကိုပါ ထောက်ပြထားသည်။

အောက်တိုဘာလ ၁၇ ရက်စွဲပါ အိတ်ဖွင့်ပေးစာတွင် NRFF က ညီလာခံ၏ ရည်ရွယ်ချက်များကို ဝမ်းသာကြိုဆိုကြောင်း ဖော်ပြထားသည်။ တစ်ဖက်တွင် စစ်အုပ်စုအာဏာစက်အောက်၌ ကျင်းပရသည့်အခြေအနေကြောင့် လွတ်လပ်စွာ ဆွေးနွေးနိုင်မှုနှင့် တက်ရောက်သူများ၏ လုံခြုံရေးအပေါ် စိုးရိမ်ကြောင်း ဖော်ပြထားသည်။

စစ်အုပ်စုကို ဆန့်ကျင်တွန်းလှန်နေသည့် တော်လှန်ရေးအင်အားစုများမှ မွန်လူငယ်များ မပါဝင်နိုင်သဖြင့် မွန်လူငယ်ထုတစ်ရပ်လုံးကို ကိုယ်စားပြုလွှမ်းခြုံရန် မလုံလောက်ကြောင်းလည်း သုံးသပ်ထားသည်။

ထို့ပြင် စစ်မှုထမ်းဥပဒေကို “အဓမ္မစစ်မှုထမ်းဥပဒေ” ဟု ရည်ညွှန်းပြီး လူငယ်တို့၏ အသက်ဘဝလုံခြုံရေး ခြိမ်းခြောက်ခံရခြင်း၊ နေရပ်စွန့်ခွာရခြင်းနှင့် မိသားစုများအပေါ် ဖိစီးမှုဖြစ်ပေါ်ခြင်းတို့ကို ညီလာခံ၌ အထူးဆွေးနွေးရန် တိုက်တွန်းထားသည်။ လူငယ်အရေးတွင် ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင်အပြင် ဂုဏ်သိက္ခာရှိစွာ အသက်ရှင်ရပ်တည်နိုင်ရေးကိုပါ ထည့်သွင်းထားခြင်း ဖြစ်သည်။

အိတ်ဖွင့်ပေးစာတွင် စစ်အုပ်စုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ ကိစ္စရပ်များကိုလည်း ဖော်ပြပြီး အရေးယူဆောင်ရွက်နိုင်ရေး ဆွေးနွေးရန် တိုက်တွန်းထားသည်။ နိဂုံးတွင် အာဏာရှင်စနစ်သည် မွန်အမျိုးသားလွတ်မြောက်ရေးနှင့် လူငယ်တို့၏ ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေကြောင်း ရပ်တည်ကာ လူငယ်ထု၏ စုစည်းအင်အားဖြင့် ပူးပေါင်းဆန့်ကျင်ရန် တိုက်တွန်းထားသည်။

MYPO နှင့် NRFF တို့၏ တင်ပြချက်များသည် သီးခြားစီ ဖြစ်သည်။ ရည်ရွယ်ချက်နှင့် တင်ပြပုံ ကွာခြားသည်။ သို့သော် လူငယ်တို့၏ လုံခြုံရေး၊ အခွင့်အရေးနှင့် ပါဝင်နိုင်မှုတို့ကို ဆက်စပ်ကြည့်ရန် အကြောင်းပြချက်များ ပေးထားသည်။

မူဝါဒနှင့် အကောင်အထည်ဖော်မှုကို တွဲကြည့်ရန်

မွန်လူငယ်မူဝါဒကို မွန်လူငယ်တိုင်း ဖတ်ရှုထားသင့်ပြီး အလွယ်တကူ ဖတ်ရှုနိုင်အောင်လည်း စီမံထားသင့်သည်။ မူဝါဒကို ပြန်လည်သုံးသပ်မည့်သူများက မူဝါဒကို နားလည်အောင် လေ့လာထားရမည်။

မူဝါဒမူကြမ်းတွင် အခန်းသုံးခန်း ပါဝင်သည်။ အခန်း (၁) တွင် ပန်းတိုင်၊ ရည်ရွယ်ချက်၊ လမ်းစဉ်၊ မွန်လူငယ်အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် အခြေခံမူများကို ဖော်ပြထားသည်။ အခန်း (၂) တွင် နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ စာပေ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ ဂီတအနုသုခုမ၊ မူးယစ်ဆေးဝါး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မြေယာ/သဘာဝပတ်ဝန်းကျင်/သယံဇာတဆိုင်ရာ ကဏ္ဍကြီး ၁၁ ခု ပါဝင်သည်။

တိုးတက်လာသော အေအိုင်ခေတ်တွင် “လူငယ်နှင့်နည်းပညာ” ကဏ္ဍကိုလည်း ထည့်သွင်းပြဋ္ဌာန်းသင့်သည်။ နည်းပညာသည် လူငယ်တို့၏ ပညာရေး၊ အလုပ်အကိုင်၊ လုံခြုံရေးနှင့် မွန်စာပေဖွံ့ဖြိုးရေးတို့နှင့် တိုက်ရိုက်သက်ဆိုင်နေပြီ ဖြစ်သည်။

အခန်း (၃) တွင် အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်များနှင့် ဆက်နွှယ်သော မူများ ပါဝင်သည်။ ပုဒ်မ ၁၇ တွင် မွန်လူငယ်မူဝါဒကို မွန်လူငယ်ထုတစ်ရပ်လုံးအတွက် အမြင့်ဆုံးမူဝါဒအဖြစ် သတ်မှတ်ထားသည်။ ထို့ကြောင့် ယင်းမူဝါဒကို ပြန်လည်သုံးသပ်ပြင်ဆင်ရာတွင် လူငယ်အစုအဖွဲ့အသီးသီး၏ ပါဝင်မှုကို အလေးထားရမည်။

ပုဒ်မ ၁၈ တွင် မွန်လူငယ်ဆုံရပ် (MYF) ၏ ဖွဲ့စည်းပုံကို ဖော်ပြထားသည်။ ညီလာခံတွင် တာဝန်ခံအသစ်များ ရွေးချယ်ရာ၌ ယင်းဖွဲ့စည်းပုံနှင့်အညီ တာဝန်ယူမည့် အခန်းကဏ္ဍများကို ရှင်းလင်းထားရန် လိုအပ်သည်။

ပုဒ်မ ၁၉ တွင် ညီညွတ်ရေးကို အခြေခံ၍ ပြည်တွင်း၌ မွန်လူငယ်နေ့အခမ်းအနားကို တစ်နေရာတည်းတွင်သာ ကျင်းပရန်နှင့် ပြည်ပရောက် မွန်လူငယ်များအတွက် သင့်တော်သလို ကျင်းပနိုင်ရန် ပြဋ္ဌာန်းထားသည်။ မလေးရှားရောက် မွန်လူငယ်များ၏ စည်ကားသိုက်မြိုက်သော မွန်လူငယ်နေ့အခမ်းအနားသည် ပြည်ပ၌ ကျင်းပသည့် ဥပမာတစ်ခု ဖြစ်သည်။ ယင်းပြဋ္ဌာန်းချက်က ပြည်တွင်းနှင့် ပြည်ပအခြေအနေ ကွာခြားမှုကို ထည့်သွင်းစဉ်းစားထားကြောင်း တွေ့ရသည်။

ပုဒ်မ ၂၀ တွင် ချမှတ်ထားသော မူဝါဒများကို ပုဂ္ဂိုလ်အနေဖြင့်ဖြစ်စေ၊ အဖွဲ့အစည်းအနေဖြင့်ဖြစ်စေ သယ်ပိုးအကောင်အထည်ဖော်ရန် မွန်လူငယ်တို့၏ တာဝန်အဖြစ် သတ်မှတ်ထားသည်။ ထို့ကြောင့် မူဝါဒပြန်လည်သုံးသပ်ရာတွင် ပြင်ဆင်ဖြည့်စွက်မည့်အချက်များနှင့်အတူ ရှိပြီးသားမူများကို မည်မျှအကောင်အထည်ဖော်ခဲ့ပြီးပြီလဲဆိုသည်ကိုပါ ဆန်းစစ်ရမည်။

မူဝါဒတွင် ရည်ရွယ်ချက်နှင့် ပန်းတိုင်တူသော တိုင်းရင်းသားလူငယ်များနှင့် မဟာမိတ်လက်တွဲရေး၊ မွန်အမျိုးသားအကျိုးစီးပွားကို ခြိမ်းခြောက်သော သဘာဝဘေး၊ စစ်ဘေးနှင့် လူတို့ပြုလုပ်သည့်ဘေးများကို အတူရင်ဆိုင်ရေးတို့လည်း ပါဝင်သည်။ လက်ရှိလူငယ်များ ကြုံတွေ့နေရသည့် အခက်အခဲများအတွက် ယင်းမူများကို လက်တွေ့လုပ်ငန်းများနှင့် ချိတ်ဆက်အသုံးချသင့်သည်။

ဤနေရာတွင် MYF ၏ နှစ်နှစ်တာလုပ်ငန်းအစီရင်ခံမှုက အရေးပါသည်။ လုပ်ဆောင်ခဲ့သော လှုပ်ရှားမှုများအပြင် ရရှိခဲ့သောရလဒ်၊ မဆောင်ရွက်နိုင်ခဲ့သောအလုပ်နှင့် အခက်အခဲတို့ကို ရှင်းလင်းတင်ပြသင့်သည်။ ထိုအတွေ့အကြုံများကို ဆက်ခံနိုင်မှ ၂၀၂၇–၂၀၂၈ ကာလအတွက် ရွေးချယ်မည့် တာဝန်ခံအသစ်များ၏ ရှေ့လုပ်ငန်းစဉ် ပိုမိုလက်တွေ့ကျလာမည်။

အားလုံးပါဝင်မှုနှင့်အညီ ဆုံးဖြတ်ရန်

စုစည်းမှုခိုင်မာရန် မတူညီသောအမြင်များကို နားထောင်နိုင်ဖို့ လိုအပ်သည်။ တက်ရောက်နိုင်သူများ၏ ဆွေးနွေးမှုကို တန်ဖိုးထားသကဲ့သို့ မတက်ရောက်နိုင်သူများ၏ အမြင်ကိုလည်း ရယူရမည်။ မည်သည့်အစုအဖွဲ့များ ပါဝင်နိုင်ပြီး မည်သည့်အစုအဖွဲ့များ မပါဝင်နိုင်သနည်းဆိုသည်ကို ရှင်းလင်းထားသင့်သည်။

၂၀၂၅ မွန်အမျိုးသားကွန်ဖရင့်တွင် ရာမညမွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအပေါ် သုံးသပ်အကြံပြုချက်များ ရှိသော်လည်း အတည်မပြုဘဲ ဆွေးနွေးချက်မှတ်တမ်းအဖြစ်သာ ထားရှိခဲ့သည်။ အစုအဖွဲ့အားလုံး မတက်ရောက်နိုင်ချိန်တွင် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သော ဆုံးဖြတ်ချက်ကို လွယ်လင့်တကူ မချမှတ်ခဲ့သည့် အတွေ့အကြုံအဖြစ် သင်ခန်းစာယူနိုင်သည်။

မွန်လူငယ်ညီလာခံတွင်လည်း ဆွေးနွေးချက်ကောင်းများ ထွက်ပေါ်လာနိုင်သည်။ သို့သော် ဆွေးနွေးချက်ကောင်းတစ်ရပ် ဖြစ်ခြင်းနှင့် လူငယ်ထုတစ်ရပ်လုံးအတွက် အတည်ပြုဆုံးဖြတ်နိုင်ခြင်းသည် မတူပါ။ အားလုံးပါဝင်မှု မပြည့်စုံသေးလျှင် မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များကို အလျင်စလို အတည်မပြုသင့်ပါ။

လိုအပ်ပါက အားလုံးပါဝင်နိုင်သော မူဝါဒပြင်ဆင်ရေးနှင့် မဟာဗျူဟာ ပူးပေါင်းကော်မတီကို တာဝန်နှင့် အချိန်ကာလ သတ်မှတ်၍ ဖွဲ့စည်းနိုင်သည်။ လက်ရှိလုပ်ပိုင်ခွင့်အတွင်း ဆောင်ရွက်နိုင်သည့် လုပ်ငန်းများကို ချမှတ်ရင်း ကျယ်ပြန့်သော သဘောတူညီမှုလိုသည့် ကိစ္စများကို ဆက်လက်ဆွေးနွေးနိုင်သည်။

မွန်လူငယ်တို့၏ ရှေ့ခရီး

မွန်လူငယ်တို့၏ စုစည်းအင်အားကို ပြောရာတွင် သမိုင်းအတွေ့အကြုံနှင့် ယနေ့အခန်းကဏ္ဍကို တွဲကြည့်ရမည်။ သမိုင်းတစ်လျှောက် မွန်နိုင်ငံရေးအပြောင်းအလဲကို ပြုလုပ်နိုင်ခဲ့သူမှာ မွန်လူငယ်များပင် ဖြစ်သည်။ မွန်လူငယ်တို့၏ ကြိုးပမ်းအားထုတ်မှုကြောင့် မွန်တော်လှန်ရေးကို အစပြုနိုင်ခဲ့သည်။ မွန်ဒေသ၏ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးရန် ကြံစည်သည့် အံဒင်ကျောက်မီးသွေးစက်ရုံစီမံကိန်းကိုလည်း သပိတ်မှောက်နိုင်ခဲ့သည်။ မွန်ပါတီပေါင်းစည်းရေးကိစ္စလည်း အောင်မြင်ခဲ့သည်။

ထို့ကြောင့် မွန်တပ်ပေါင်းစည်းရေးကိစ္စကိုလည်း မွန်လူငယ်တို့ ထပ်မံကြိုးစားသင့်သည်။ ပေါင်းစည်းရေးကို မည်သို့စတင်ဆွေးနွေးမည်၊ ဘုံရည်မှန်းချက်များကို မည်သို့ရှာဖွေမည်၊ လူငယ်တို့က မည်သည့်အခန်းကဏ္ဍမှ ပါဝင်မည်ဆိုသည်ကို စဉ်းစားသင့်သည်။

တစ်ချိန်တည်းတွင် မွန်တော်လှန်ရေးအဝန်းအဝိုင်းအတွင်းရှိ လူငယ်များကလည်း မိမိတို့ အသုံးချခံဖြစ်ပြီး အချိန်ကုန်နေပြီလားဟု ပြန်လည်ဆန်းစစ်ရမည့်အချိန် ဖြစ်သည်။ မိမိတို့၏ တာဝန်နှင့်အညီ ဆုံးဖြတ်ပိုင်ခွင့် ရရှိမှု၊ အကြံပြုချက်များကို အလေးထားခံရမှုနှင့် အားထုတ်မှုမှ ထွက်ပေါ်လာသောရလဒ်တို့ကို ကြည့်ရမည်။

လူငယ်တို့၏ စုစည်းပါဝင်မှုကို ရေရှည်ထိန်းသိမ်းနိုင်ရန် မိမိတို့ပါဝင်မှုက အဓိပ္ပါယ်ရှိရန် လိုအပ်သည်။

စတုတ္ထအကြိမ် မွန်လူငယ်ညီလာခံမှ လူငယ်တို့၏ လက်တွေ့လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်သော လုပ်ငန်းစဉ်များ၊ ကျယ်ပြန့်သော ပါဝင်ဆုံးဖြတ်မှုနှင့် တာဝန်ခံနိုင်သော ဦးဆောင်မှုတို့ ပေါ်ထွက်လာရန် မျှော်လင့်သည်။ အလံတစ်ခုအောက်တွင် ဆုံဆည်းခြင်း၏ အဓိပ္ပါယ်သည် မိမိတို့၏ အခက်အခဲကို အတူဖြေရှင်းပြီး အနာဂတ်ကို အတူပုံဖော်နိုင်ခြင်း၌ ရှိသည်။

မည်သို့ပင်ဖြစ်စေ မွန်တော်လှန်ရေးကို အစပြုခဲ့သည့် မွန်လူငယ်တို့က မွန်တော်လှန်ရေးကို အဆုံးသတ်ရန် တာဝန်ရှိနေသေးသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts