Homeဆောင်းပါးစစ်မှုထမ်းနှင့် ကျွန်တော်

စစ်မှုထမ်းနှင့် ကျွန်တော်

-

မဟာမန် (အတွေးအမြင်ဆောင်းပါး)

ကျွန်တော်သည် နယ်မြို့ကလေးတစ်မြို့အနီးရှိ ရွာကြီးတစ်ရွာတွင် ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ ရွာကြီးဟုဆိုသည့်အတိုင်း လူဦးရေများသလို မွန်၊ ကရင်၊ ဗမာ စသည့် လူမျိုးစုများလည်း အတူယှဉ်တွဲ နေထိုင်ကြသည်။ သို့သော် ငယ်စဉ်က ကျွန်တော့်အတွက်တော့ သူတို့အားလုံးသည် “လူ” များသာဖြစ်ပြီး မည်သူက ဘာလူမျိုးဖြစ်သည်ကို စိတ်ဝင်စားမိခြင်း မရှိခဲ့ပါ။ ကျွန်တော် (အခြေခံပညာ) အလယ်တန်းအရွယ်သို့ ရောက်လာပြီးမှသာ လူမျိုးကွဲပြားမှုကို သတိပြုမိလာသည်။

ထိုသို့ သတိပြုမိခြင်းသည် လူမျိုးရေးခွဲခြားလိုစိတ်ကြောင့် မဟုတ်ဘဲ ကျောင်းအသစ်၊ သူငယ်ချင်းအသစ်များနှင့် တွေ့ဆုံရင်း လူတစ်ဦးချင်းစီ၏ နောက်ခံသမိုင်းများကို သိလာရခြင်းကြောင့် ဖြစ်သည်။ ကျောင်းသားဘဝတွင် အခြားလူငယ်များနည်းတူ ကျွန်တော့်ဘဝသည်လည်း ရိုးရှင်းခဲ့သည်။ နေ့ဘက်တွင် ကျောင်းတက်၊ ညနေပိုင်းတွင် သူငယ်ချင်းများနှင့် ဘောလုံးကစားသည်။ တစ်ချိန်က ကျွန်တော့်အိပ်မက်မှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ဦး ဖြစ်လာရန်ပင် ဖြစ်သည်။ သို့သော် မိဘများ၏ ဆန္ဒ၊ မိသားစု၏ အခြေအနေနှင့် လက်တွေ့ဘဝအခြေအနေများကြောင့် ထိုအိပ်မက်ကို လက်လွှတ်ခဲ့ရသည်။ ထိုအချိန်က ကျွန်တော် မသိခဲ့သေးသည်မှာ ထိုအိပ်မက်သည် ကျွန်တော့်ဘဝ၏ နောက်ဆုံးစွန့်လွှတ်ရသော အိပ်မက် မဟုတ်သေးခြင်းပင် ဖြစ်သည်။

စစ်ဗိုလ်ဖြစ်ချင်ခဲ့ဖူးသော အိပ်မက်

ကျွန်တော်တို့ရွာသည် အစိုးရတပ်နယ်အတွင်း တည်ရှိသဖြင့် ကျောင်း၏ ဆုပေးပွဲများနှင့် ဘာသာရေးအခမ်းအနားများတွင် စစ်ဗိုလ်များကို မကြာခဏ တွေ့မြင်ရလေ့ရှိသည်။ စစ်စိမ်းရောင်ယူနီဖောင်း၊ တည်ကြည်သော အမူအရာ၊ စည်းကမ်းရှိသော ဟန်ပန်တို့သည် ဆယ်ကျော်သက်အရွယ် ကျွန်တော့်မျက်စိထဲတွင် အားကျစရာကောင်းလှသည်။ ထိုအချိန်မှစ၍ ကျွန်တော်သည် စစ်ဗိုလ်တစ်ဦး ဖြစ်ချင်သော အိပ်မက်ကို စတင်မက်ခဲ့သည်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးနောက် ကျွန်တော်တို့ကျောင်းမှ စစ်တပ်မိသားစုဝင် ဆရာမများ၏ အားပေးလမ်းညွှန်မှုဖြင့် ဗိုလ်သင်တန်းကျောင်း ဝင်ခွင့်လျှောက်ရန် ပြင်ဆင်ခဲ့သည်။ ဝင်ခွင့်စာမေးပွဲအတွက် ဘာသာရပ်များကို ပြန်လည်လေ့လာခဲ့သည်။ ထိုအချိန်က စစ်တပ်သည် ကျွန်တော့်အတွက် အနာဂတ်တစ်ခု၊ အသက်မွေးဝမ်းကျောင်းတစ်ခု၊ ဂုဏ်ယူစရာ အလုပ်တစ်ခုသာ ဖြစ်ခဲ့သည်။ သို့သော် ထိုအိပ်မက်သည် အကောင်အထည် ပေါ်မလာခဲ့ပေ။

ထိုအိပ်မက်ကို ရပ်တန့်စေခဲ့သူမှာ စစ်ပွဲ၏ နာကျင်မှုဒဏ်များကို ကိုယ်တိုင်ဖြတ်သန်း ခံစားခဲ့ရဖူးသော ကျွန်တော့်အဖွား ဖြစ်သည်။ (၁၉၅၆) ခုနှစ်တွင် မွေးဖွားခဲ့သည့် အဖွားက ကျွန်တော့်ကို စကားတစ်ခွန်းသာ ပြောခဲ့သည်။ “စစ်သားဆိုရင် ဘယ်စစ်သားမှ မဖြစ်စေချင်ဘူး” ဟူ၍ ဖြစ်သည်။ ထိုစကား၏ အဓိပ္ပာယ်ကို ထိုအချိန်က ကျွန်တော် အပြည့်အဝ နားမလည်ခဲ့ပါ။ သို့သော် ယနေ့ ပြန်တွေးကြည့်သောအခါ ထိုစကားသည် စစ်ပွဲတစ်လျှောက် ရှင်သန်ခဲ့ရသူတစ်ဦး၏ ဘဝအကျဉ်းချုပ် ဖြစ်နေသည်ကို သဘောပေါက်လာသည်။

စစ်မှုထမ်းဥပဒေနှင့် ပြောင်းလဲသွားသော ဘဝ

စစ်ဗိုလ်ဖြစ်ချင်သော အိပ်မက်ကို စွန့်လွှတ်ပြီးနောက် ကျွန်တော်သည် အဝေးသင်တက္ကသိုလ်၌ ပညာဆက်လက်သင်ယူခဲ့သည်။ သို့သော် ကိုဗစ်ကပ်ရောဂါ၊ နောက်ဆက်တွဲ စစ်အာဏာသိမ်းမှုနှင့် စီးပွားရေးကျဆင်းမှုများက ကျွန်တော့်မိသားစု၏ ဘဝကို ထိခိုက်ပျက်စီးစေခဲ့သည်။ နောက်ဆုံးတွင် တက္ကသိုလ်နောက်ဆုံးနှစ်ကိုပင် မတက်ရောက်နိုင်တော့ဘဲ ပညာရေးကို လက်ပြနှုတ်ဆက်ခဲ့ရသည်။ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာသော်လည်း နိုင်ငံခြားသို့ ထွက်ခွာရန်တော့ မစဉ်းစားခဲ့ပါ။ မိသားစုနှင့်အတူ မိရိုးဖလာ ဥယျာဉ်ခြံလုပ်ငန်းကိုသာ ဆက်လက်လုပ်ကိုင်ခဲ့သည်။

မချမ်းသာသော်လည်း ကိုယ့်မြေပေါ်တွင် ကိုယ့်ဘဝကို တည်ဆောက်နိုင်သည်ဟု ယုံကြည်ခဲ့သည်။ သို့သော် ထိုယုံကြည်ချက်ကို (၂၀၂၄) ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြဋ္ဌာန်းလိုက်သော ပြည်သူ့စစ်မှုထမ်းဥပဒေက တဖြည်းဖြည်း ရိုက်ချိုးပစ်ခဲ့သည်။ တစ်ချိန်က စစ်ဗိုလ်ဖြစ်ချင်ခဲ့ဖူးသော ကျွန်တော်သည် ယနေ့တွင် “စစ်” ဟူသော စကားလုံးကို ကြားရုံမျှဖြင့် စိတ်ထဲတွင် မလုံခြုံမှုများ ဝင်လာတတ်သူ ဖြစ်နေချေပြီ။ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီးနောက် အဓမ္မဖမ်းဆီးခံရသူများ၊ လမ်းပေါ်မှ ခေါ်ဆောင်ခံရသူများနှင့် ငွေတောင်းခံရသူများ၏ သတင်းများကို နေ့စဉ်နီးပါး ကြားသိလာရသည်။

စစ်မှုထမ်းဥပဒေနောက်ကွယ်မှ လူငယ်တစ်ယောက်၏ ဘဝ

ထိုသတင်းများသည် သတင်းစာမျက်နှာပေါ်က အဖြစ်အပျက်များသာ မဟုတ်တော့ဘဲ ကျွန်တော့်နေ့စဉ်ဘဝ၏ ကြောက်ရွံ့မှုများအဖြစ် ပြောင်းလဲလာခဲ့သည်။ ညဘက်တွင် ခွေးဟောင်သံ ကြားရုံမျှနှင့်ပင် “စစ်သားတွေ လာနေပြီလား” ဟု စိတ်ထဲတွင် အလိုလို တွေးမိတတ်သည်။ မြို့ပေါ်သို့ သွားရမည့်အခါတိုင်း လမ်းတလျှောက် မျက်စိနှင့်နားကို အမြဲတစေ သတိထားနေရသည်။ အရင်က ပုံမှန်သွားလာခဲ့သည့် နေရာများပင် ယနေ့တွင် မလုံခြုံသည့် နေရာများအဖြစ် ပြောင်းလဲသွားခဲ့ပြီ။

စစ်မှုထမ်းဥပဒေသည် ကျွန်တော့်အတွက် စစ်မှုထမ်းရမည့် တာဝန်တစ်ခုတည်းကိုသာ ယူဆောင်လာခဲ့သည် မဟုတ်ပါ။ ၎င်းနှင့်အတူ ကြောက်ရွံ့မှု၊ မလုံခြုံမှုနှင့် နေ့စဉ်ဘဝ၏ လွတ်လပ်ခွင့်များကိုပါ ရိုက်လုသွားခဲ့သည်။ ဒေသန္တရအုပ်ချုပ်ရေး အမိန့်များကြောင့် ညမထွက်ရ၊ အမျိုးသားနှစ်ဦး ဆိုင်ကယ်မစီးရ စသည့် ကန့်သတ်ချက်များသည် ကျွန်တော်တို့မိသားစု၏ ဘဝကို တိုက်ရိုက် သက်ရောက်ခဲ့သည်။ ဆိုင်ကယ် မမောင်းနိုင်သည့် ဖခင်ဖြစ်သူအား ကျန်းမာရေးအတွက် မြို့သို့ ဆိုင်ကယ်ဖြင့် ကိုယ်တိုင်လိုက်လံပို့ဆောင်၍ မရတော့ပေ။ ကားငှားရသည့် စရိတ်မှာလည်း မိသားစုဝင်ငွေထက် ပိုမိုလေးလံလှသည်။ ယခင်က စစ်ဗိုလ်ဖြစ်ချင်ခဲ့ဖူးသော လူငယ်တစ်ယောက်အတွက် ယနေ့၏ အကြီးမားဆုံး ဆန္ဒမှာ စစ်သားဖြစ်ရန် မဟုတ်တော့ဘဲ မိသားစုနှင့်အတူ အေးအေးချမ်းချမ်း နေထိုင်နိုင်ရေးသာ ဖြစ်လာခဲ့သည်။

အဖွား၏ စကားနှင့် စစ်မှုထမ်းဥပဒေ

လူတစ်ယောက်၏ အိပ်မက်သည် အသက်အရွယ်ကြောင့် ပြောင်းလဲတတ်သည်ဟု ဆိုကြသည်။ သို့သော် ကျွန်တော့်အိပ်မက်သည် အသက်အရွယ်ကြောင့် မဟုတ်ဘဲ နိုင်ငံ၏ အခြေအနေကြောင့် ပြောင်းလဲခဲ့ရခြင်း ဖြစ်သည်။ တစ်ချိန်က စစ်ယူနီဖောင်းကို မြင်တိုင်း အားကျခဲ့ဖူးသည့် ကျွန်တော်သည် ယနေ့တွင် စစ်ကားသံ၊ စစ်ဖိနပ်သံ၊ “စစ်မှုထမ်း” ဟူသော စကားလုံးကို ကြားရုံမျှနှင့်ပင် ဝေးဝေးက ရှောင်ချင်သူ ဖြစ်လာခဲ့သည်။ ဤကဲ့သို့ ပြောင်းလဲသွားသည်မှာ ကျွန်တော်တစ်ယောက်တည်း မဟုတ်ပေ။ စစ်မှုထမ်းဥပဒေနောက်ပိုင်း မြန်မာလူငယ်များစွာ၏ အိပ်မက်များသည်လည်း အနာဂတ်ကို တည်ဆောက်ရန် စိတ်ကူးယဉ်ခြင်းမှသည် မည်သို့ လုံခြုံစွာ ရှင်သန်ရမည်ကိုသာ နေ့စဉ် စဉ်းစားနေရသည့် ဘဝများအဖြစ် ပြောင်းလဲသွားခဲ့သည်။ တစ်ချိန်က ကျွန်တော့်အဖွား၏ “စစ်သားဆိုရင် ဘယ်စစ်သားမှ မဖြစ်စေချင်ဘူး” ဟူသည့် စကားကို ကျွန်တော် နားမလည်ခဲ့ပါ။ ယနေ့တွင်တော့ ထိုစကား၏ အဓိပ္ပာယ်ကို ကျွန်တော့်ကိုယ်ပိုင် ဘဝအတွေ့အကြုံများဖြင့် နက်နက်ရှိုင်းရှိုင်း နားလည်လာခဲ့ပြီ ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts