မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပုပ္ဖဝတီကျေးရွာရှိ ကျိုက်ဒေတမော့ဗရတ် သာသနာပြုကိုရင်လေးဆရာတော်ကျောင်းတွင် နှစ်စဉ်နှစ်တိုင်းကျင်းပမြဲဖြစ်သည့် ဆွမ်းတော်တစ်ထောင် တင်လှူပူဇော်ပွဲကို ယနေ့ တော်လသလင်းလဆန်း ( ၁၀ )ရက်နေ့ နံနက်ပိုင်းက အစဉ်အလာမပြတ် ကျင်းပပြုလုပ်ခဲ့သည်။
ဘုရားရင်ပြင်တွင် အနယ်နယ်အရပ်ရပ်မှ ဒေသခံ ထောင်နှင့်ချီတို့ ဆွမ်းတော်ကပ်လှူပူဇော်ကြပြီး နံနက် ၇ နာရီ ဝန်းကျင်ခန့်တွင် ကိုရင်လေး ဆရာတော်ထံမှ သီလကုသိုလ်များ ခံယူခဲ့ကြသည်။
ဆွမ်းတော်ကြီးတင်ပွဲကို ရေးမြို့နယ် အတွင်းရှိ လမိုင်း၊ မော့ကနင်၊ သောင်ပြင်၊ တောင်ဘုံ၊ အဘော်၊ ဒူးယား၊ အံဒင်၊ ဟံဂံ၊ ခေါဇာ စသည့် ကျေးရွာများမှ မွန်ဒေခံ ထောင်နှင့်ချီတို့ နှစ်စဉ်ပါဝင်ကုသိုလ်ယူလေ့ရှိသည်။

ကျိုက်ဒေတမော့ဗရတ်ကျောင်းဝင်းအတွင်းရှိ ဝေဇယန္တာဆံတော်ရှင်စေတီတော်မြတ်ကြီးကို အုန်မြစ်ချ စတင်တည်ထားခဲ့သည့် ကောဇာသက္ကရာဇ် ၁၃၅၆ ခုနှစ်နှင့် ၅၇ ခုနှစ်ကြား တော်သလင်းလဆန်း ( ၁၀ ) ရက်နေ့၊ ခရစ်နှစ် ၁၉၉၅ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ကိုအစွဲပြု၍ ဆွမ်းတော်တင်ကပ်လှူပူဇော်ပွဲကို ကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင် (၃၂) ကြိမ်မြောက် ပြည့်ခဲ့ပြီးဖြစ်သည်။
ဆွမ်းတော်ကြီးတင်ပွဲကို နှစ်စဉ်နှစ်တိုင်း ကိုရင်လေးဆရာတော်ဘုရားကြီးနှင့် တပည့်ဒါယကာ၊ ဒါယကာမအပေါင်းတို့က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။
မိုးတွင်းကာလဖြစ်သော်လည်း ဆွမ်းတော်တင်ပွဲပြုလုပ်သည့် နံနက်ပိုင်းတွင် မိုးမမိဘဲ ဒေသခံပြည်သူများ ဘုရားရင်ပြင်အပြည့် လာရောက်ကုသိုလ်ယူနိုင်ခြင်းသည် ဆွမ်းတော်တင်ပွဲ၏ ထူးခြားချက်တစ်ခုဖြစ်သည်ဟုလည်း ဒေသခံများက ပြောစမှတ်ပြုလေ့ရှိသည်။
မွန်လူမျိုးများ၏ (၁၂) လရာသီ ပွဲတော်များမှ တစ်ခုဖြစ်သည့် ဆွမ်းတော်ကြီးတင်ပွဲကို တော်တလင်းပြည့်နေ့နှင့် လပြည့်မတိုင်မီရက်ပိုင်းများတွင် ရပ်ရွာ၊ ဒေသအလိုက်ဘုန်းကြီးကျောင်းများတွင် သင်္ဘောပုံစံငယ်တည်ဆောက်ကာ ဆွမ်းကပ်လှူဒါန်းသည့်အပြင် စာသင်ကျောင်းများတွင်လည်း ကျောင်းသားလူငယ်များက ကျောင်းလှုပ်ရှားမှုတစ်ခုအဖြစ် ပြုလုပ်လာကြသည်။
ဆွမ်းပွဲများအတွင်း ဆွမ်း၊ တံခွန်၊ ကုက္ကာ၊ ပန်း၊ နံသာ၊ ဆီမီး၊ ကွမ်း စသည့် အမည်တစ်ထောင်နီးပါးရှိ လှူဖွယ်ဝတ္တုအမျိုးမျိုးတို့ဖြင့် လှူဒါန်းပူဇော်သည့်ဓလေ့ဖြစ်သဖြင့် ဆွမ်းတော်ကြီးတင်ပွဲကို ဆွမ်းတော်တစ်ထောင် တင်လှူပူဇော်ပွဲ(သို့မဟုတ်) သင်္ဘောဆွမ်း ကပ်လှူပူဇော်ပွဲဟု မွန်လူမျိုးများ ခေါ်ဆိုကြသည်။
ပုံ-ယနေ့တော်တလင်းလဆန်း ၁၂ ရက်နေ့ ကိုရင်လေးကျောင်း ရင်ပြင်ပေါ်တွင် ဆွမ်းတော်ကပ်လှူပူဇော်နေသည့် မြင်ကွင်း (Crd ဒေသခတစ်ဦး၏ လူမှုကွန်ရက်စာမျက်နှာ)




