မြန်မာနိုင်ငံတစ်ဝန်းရှိ စတားလင့်ခ်(Starlink) စက်ပစ္စည်းများကို ပိတ်ဆို့လိုက်ခြင်းကြောင့် ဆိုးရွားသည့်ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်နေသဖြင့် ဆိုက်ဘာလိမ်လည်မှုစင်တာကိုသာ ပစ်မှတ်ထားပိတ်ပင်ပေးရန် အရပ်ဘက်လူမှုအဖွဲ့ ၃၀၀ ကျော်မှ Space x နှင့် သက်ဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့များထံ အကြံပြုတောင်းဆိုထားသည်။
Space x မှ ထိုင်း-မြန်မာနယ်စပ်ဒေသ အပါအဝင် ပြည်တွင်းအသုံးပြုနေသည့် Starlink (စတားလင့်) အင်တာနက် စက်အချို့ကို ဇူလိုင် ၂ ရက်နေ့ မနက်ပိုင်းမှစ၍ ဖြတ်တောက်မှုလုပ်ဆောင်နေကြောင်း အသုံးပြုသူများမှ သိရသည်။

ရာဇဝတ်မှုကျူးလွန်ရာများကို ပစ်မှတ်ထားရန် ရည်ရွယ်သော်လည်း လက်တွေ့တွင် စာသင်ကျောင်းများ၊ ဆေးရုံများနှင့်လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးဝန်ထမ်းများ၏အဓိကဆက်သွယ်ရေးအသက်သွေးကြောများ မရည်ရွယ်ဘဲ ဖြတ်တောက်ခံနေရသကဲ့သို့ အရပ်ဘက်အဖွဲ့များက ဆိုသည်။
ထို့ကြောင့် Space x နှင့် သက်ဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့များအနေဖြင့် ဝန်ဆောင်မှုများ ပြန်လည်စတင်ခြင်း၊ ပစ်မှတ်ထား အရေးယူဖြေရှင်းရေယန္တရားတစ်ခု တည်ထောင်ရန်၊ ပူးပေါင်းအတည်ပြုရေး လမ်းကြောင်းတစ်ခု တည်ဆောက်ရန် တိုက်တွန်းထားသည်။
"အင်တာနက် Shut down ထားတာကြောင့် လူသားချင်းစာနာမှု ထိခိုက်နစ်နာမှုတွေ ဖြစ်နေတယ်။ ဒါကြောင့်မို့ အားလုံးပိတ်ချလိုက်တာထက် လူသားချင်းစာနာမှုကိစ္စတွေကိုလည်း ထည့်သွင်းစဉ်းစားပေးဖို့ ကျနော်တို့အရပ်ဘက်အဖွဲ့ကနေပြီးတော့ နီးနီးကပ်ကပ်ပြောကြားနေတာပါ"ဟု ပါဝင်လက်မှတ်ရေးထိုးထားသည့် ရပ်ဘက်အဖွဲ့တစ်ဖွဲ့မှ ဆိုသည်။
အလုံစုံပိတ်ဆို့ခြင်းသည် ရာဇဝတ်ဂိုဏ်များကို ယာယီအခက်အခဲသာဖြစ်စေပြီး အခြားရွေးချယ်စရာမရှိသော ကျေးလက်လူထုနှင့် ကျောင်းများနှင့် ဆေးရုံများကို အမြဲတမ်းအာဖြင့် မျက်စိနှင့် နားများပိတ်သွားစေမည်။
လက်ရှိတွင် အပိတ်ခံရသော စက်အရေအတွက်များ ပိုမိုများလာပြီး မှတ်ပုံတင် မလုပ်ရသေးသေးသောစက်အသစ်များ ပါဝင်သကဲ့သို့ မှတ်ပုံတင်ပြုလုပ်ထားသည့် စက်များလည်း ပါဝင်သည်ဟုလည်း နည်းပညာ ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။
"အဓိက ပါကင်ဖောက်စက်အသစ်တွေဆို ဖွင့်မရတာမျိုးပေါ့နော်။ ဒုတိယတစ်မျိုးကျတော့ ခွင့်ပြုချက်မရှိတဲ့နိုင်ငံမှာ သုံးနေတယ်ဆိုပြီး တော့ အီးမေလ်နဲ့သတိပေးတာ အဲလိုအလုံးတွေကျတော့ ဖွင့်ထားတာ တစ်လနှစ်လလောက်ပဲရှိသေးတဲ့အလုံးတွေပေါ့။ တတိယ တစ်မျိုးကျတော့ သုံစွဲခွင့်လုံးဝမရှိတဲ့ နိုင်ငံမှာဆိုပြီးတော့ လုံးဝပိတ်ချလိုက်တာ။"ဟု ဆိုသည်။
မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ၈၀ ဝန်းကျင်တွင် ပုံမှန်ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေပြီး အဆိုပါဒေသများတွင် လူဦးရေ ၁၃.၃ သန်းခန့် နေထိုင်နေကြပြီး စတားလင့်စ်သည် ၎င်းတို့၏ ဆက်သွယ်ရေးသွေးကြောဖြစ်နေသည်။
ထိုဒေသများတွင် လူသားချင်းစာနမှုနှင့် ဆေးဝါးကုသမှု၊ ပြည်သူလူထုဘေးကင်းလုံခြုံရေးနှင့် ကြိုတင်သတိပေးချက်များ၊ ပြည်သူ့ဝန်ဆောင်မှုနှင့် ဒီမိုကရေစီနည်းကျအုပ်ချုပ်ရေး၊ လွတ်လပ်သောမီဒီယာနှင့် လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းခြင်းတို့အတွက် အခြေခံကျသည့် မှီခိုရာဖြစ်နေကြောင်း သိရသည်။



