ရေးမြို့နယ်မြောက်ပိုင်းကျေးရွာများတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက လုံခြုံရေးအကြောင်းပြကာ စစ်ဆေးမှုများ တင်းကြပ်စွာလုပ်ဆောင်နေပြီး၊ လမ်းသွားလမ်းလာဒေသခံပြည်သူများကို ဖမ်းဆီးရိုက်နှက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ဇူလိုင်လ ပထမပတ်အတွင်း အာယုတောင်ကျေးရွာနှင့် တောင်ဘုံကျေးရွာချင်းဆက်လမ်းပိုင်းတွင် လုံခြုံရေးယူနေသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များထံ တောင်ဘုံဒေသခံ လူလတ်ပိုင်းအရွယ်ရှိသည့် အမျိုးသား ၃ ဦးကို ဖမ်းဆီးစစ်ဆေးခံခဲ့ရသည်။
ဖမ်းဆီးခံရသူ ၃ ဦးအနက် ၂ ဦးမှာ ပြန်လည်လွတ်မြောက်ခဲ့သော်လည်း ကျန်အမျိုးသားတစ်ဦးကို အာယုတောင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ရိုက်နှက်နှိပ်စက်ခဲ့ကြောင်း ရေးဒေသခံတစ်ဦးက ပြောသည်။

“ဖြစ်သွားတာက အာယုတောင်ရွာနဲ့ တောင်ဘုံသွားတဲ့လမ်းပိုင်းမှာ။ အမျိုးသားနှစ်ယောက်က ဆိုင်ကယ်တစ်စီး၊ နောက်တစ်ယောက်က ဆိုင်ကယ်တစ်စီးနဲ့လာတာကို စစ်တပ်က သံသယဝင်လို့ ဖမ်းလိုက်တာ။ ပုံမှန်ဆိုရင် အဲ့ဒီလမ်းပိုင်းမှာ သူတို့အမြဲတမ်း လုံခြုံရေးတင်းကျပ်ထားတာ” ဟု ရေးဒေသခံတစ်ဦးက IMNA သို့ ပြောသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းမှစ၍ မြို့ပေါ်အပါအဝင် အာယုတောင်ကျေးရွာနှင့် အနီးအနားရှိ ကျေးရွာချင်းဆက်လမ်းပိုင်းများ၊ လမ်းဆုံလမ်းခွများတွင် စစ်ကော်မရှင်စစ်တပ်က နယ်မြေရှင်းလင်းရေးနှင့် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ကာ နေ့စဉ်စစ်ဆေးမှုများကို တင်းကြပ်စွာ ပြုလုပ်လျက်ရှိသည်။
လက်ရှိတွင်လည်း အာယုတောင်ကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခွများနှင့် ရွာအဝင်ရွာထိပ်များ၌ စစ်ကော်မရှင်စစ်တပ်က ကင်းပုန်းဝပ်ခြင်းနှင့် လုံခြုံရေးတိုးမြှင့်ချထားခြင်းများကြောင့် ဒေသခံများ လုံခြုံရေးအခြေအနေ စိုးရိမ်နေရသည်။
“သူတို့ (စစ်တပ်) က လုံခြုံရေးတွေရော၊ စစ်ဆေးမှုတွေရော မလုပ်တာကြာပြီ။ အခုတလောမှ ပြန်ဖြစ်လာတာ။ အားလုံးလည်း သွားရလာရမှာ ကြောက်နေကြတယ်။ အာယုတောင်မှာဆိုရင် ပြည်သူစစ် လင်းဦးက ရွာအနီးက လယ်တွေအများကြီး ဝယ်ထားတယ်။ အဲဒီနေရာမှာလည်း ကင်းစောင့်နေကြတယ်။ ” ဟု အခြားဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများလည်းလုပ်ဆောင်နေပြီး ဇူလိုင်လပထမပတ်အတွင်း အင်အား ၂၀နှင့် ၃၀ ကြားရှိသည် စစ်ကော်မရှင်စစ်ကြောင်းသည် ဝယ်ရဟိုင်းကျေးရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်မှုများ လုပ်ဆောင်နေသည်။
စစ်ကြောင်းထိုးလာပြီးနောက်ပိုင်းတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း လက်ရှိအချိန်ထိ စစ်ကော်မရှင်တပ်စစ်ကြောင်းသည် ပြန်လည်ဆုတ်ခွာလာခြင်းမရှိသည့်အပြင် လက်နက်ငယ်များဖြင့်ပါ ရမ်းသမ်းပစ်ခတ်မှု လုပ်ဆောင်နေသောကြောင့် ဒေသခံ ပြည်သူများ လုံခြုံရေး စိုးရိမ်နေရသည်။



