တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်စီးပွားရေးဇုန်အနီးရှိ စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်အဖွဲ့များ ယနေ့ ဇူလိုင် ၁၆ ရက်နေ့အထိ ကျေးရွာများတွင် ဝင်ရောက်တပ်စွဲထားစွဲထားဆဲဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။
ထားဝယ်အထူးစီးပွားရေးဇုန်ရှိ လုံခြုံရေးစခန်းအတွင်း တပ်သားအင်အားများ ဖြည်းတင်းသည့်နောက် ဇူလိုင်လ ၉ ရက်နေ့မှစ၍ အနီးတစ်ဝိုက်ကျေးရွာများဘက်သို့ စစ်ကြောင်း ၃ ကြောင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
အင်အား ၆၀၀ ကျော်ရှိသည့် အဆိုပါ စစ်ကြောင်းများ စီးပွားရေးဇုန်အနီးရှိ ခမောင်းချောင်း၊ ဝက်ချောင်း၊ ဧကနိ၊ ဝဇွမ်းတော၊ ရငဲ၊ ကုန်းသာယာအင် စသည့် ကျေးရွာ ၁၀ ရွာနီးပါးတွင် ရောက်ရှိနေကြောင်း ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF) မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

“ အင်အားကတော့ ၆၀၀ ဝန်းကျင်လောက် ရှိတယ်။ အဲအင်အားက တပ်မအဆင့်နီးနီးလောက် ရှိတယ်။ နဘုလယ်ဒေသက စီးပွားရေးဇုန်အနီးမှာ ရှိနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို အပြီးရှင်းလင်းမဲ့ သဘောပေါ့။ ၂၀၂၇ ၊ ၁ လပိုင်းမှာ ထားဝယ်ရေနက် ဆိပ်ကမ်းကို သူတို့ဘက်က စအကောင်အထည်ဖော်မယ်လို့ သိထားတယ်။ ” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲထားသော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ဆုတ်ခွာထားသည့်အတွက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု မရှိသေးကြောင်း ဆိုသည်။
ကျေးရွာအတွင် ဝင်ရောက်လာသည့် စစ်ကော်မရှင်စစ်ကြောင်းက နေအိမ်များကို ဖောက်ထွင်းခိုးယူနေကြသလို မီးရှိုးဖျက်ဆီးမှုများလည်း လုပ်ဆောင်နေကြောင်း သူက ဆက်ပြောသည်။
“သူတို့ (စစ်ကော်မရှင်) က အခုထိလည်း ရှိနေတုန်းပဲ။ ဝဇွမ်းတောနဲ့ ဧကနိရွာထဲက နေအိမ်တွေကို သူတို့မီးရှိုးဖျက်ဆီးထားတာ ရှိတယ်။ အလုံးရေ အရေအတွက်ကတော့ ကျနော်တို့က အတိအကျ မပြောနိုင်သေးဘူး။ သူတို့က သာလွန်အင်အားနဲ့ ဖြစ်နေလို့ အခြေအနေအရ တော်လှန်ရေးအဖွဲ့တွေက စောင့်ကြည့်နေရတဲ့ အနေအထားပဲ ရှိသေးတယ်” ဟု ပြောသည်။
စစ်ကော်မရှင်၏ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ထားဝယ်ရေနက် ဆိပ်ကမ်းကဲ့သို့ မဟာဗျုဟာမြောက်စီမံကိန်းများနှင့် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးဖြစ်သည့် ရေး-ထားဝယ်-မြိတ်-ဘုတ်ပြင်း- ကော့သောင်းလမ်းကြောင်းရှိ တော်လှန်ရေးတပ်ဖွဲ့များကို ထိရောက်စွာ ရှင်းလင်းသွားမည်ဖြစ်ကြောင်း ဇွန်လ ၂၄ ရက်နေ့တွင် ပြောဆိုထားသည်။
ထိုသို့ ပြောဆိုလာသည့်နောက် အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းရှိ နေရာများတွင် စစ်ကော်မရှင်တပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား နှစ်ဖက်ထိတွေ့မှုများ ဖြစ်ပွားလာသလို ထားဝယ်အထူးစီး ပွားရေးဇုန်ဒေသရှိ တော်လှန်ရေးတပ်ဖွဲ့များကို ချေမှုန်းရှင်းလင်းရန် ကြိုးပမ်းလာနေခြင်း ဖြစ်ကြောင်း သိရသည်။
တပ်စွဲထားသည့် ကျေးရွာအတွင်းရှိ ဒေသခံအမျိုးသား ၃၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းများ ထွက်ပေါ်နေပြီး IMNA အနေဖြင့် ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။
ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့ကလည်း ထားဝယ်အထူးစီးပွားရေးဇုန်ရှိ မူးဒူးကျေးရွာအတွင်း အာဏာသိမ်းစစ်တပ် စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ဒေသခံ ၂၀၀၀ ကျော် တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။



