ထိုင်းအစိုးရအဖွဲ့မှ နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူများနှင့် ပြစ်မှုကျူးလွန်သည့် နိုင်ငံခြားသားများကို ထိထိရောက်ရောက်နှင့် အမြန်ဆုံး အရေးယူနိုင်ရန် ပထမဆုံးသော ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ စည်းမျဉ်းသစ်ကို ဇူလိုင် ၁၄ ရက်နေ့က အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
ထိုင်းဒုဝန်ကြီးချုပ်မှ တင်ပြသည့် အဆိုပါ စည်းမျဉ်းသစ်မူကြမ်းကို ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်နေ့ အစိုးရအဖွဲ့အစည်းအဝေး၌ အတည်ပြုခဲ့ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ရတ်ချဒါး သာနားဒီရက်ခ် (Ratchada Thanadirek) က ထုတ်ပြန်ပြောကြားသည်။
ထိုင်းနိုင်ငံတွင် အများပြည်သူ အေးချမ်းသာယာရေးနှင့် ကိုယ်ကျင့်တရား ကာကွယ်စောင့်ရှောက်ရေးအတွက် နိုင်ငံခြားသားများအား ပြည်နှင်ဒဏ်ပေးနိုင်သည့် အဓိကအကြောင်းပြချက် (၆) ခုကို ထိုင်းအစိုးရက သတ်မှတ်ခဲ့သည်။

နယ်စပ်များမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်း တရားမဝင် ခိုးဝင်လာခြင်း (သို့မဟုတ်) ဗီဇာသက်တမ်း ကုန်ဆုံးပြီးနောက် ဆက်လက်နေထိုင်ခြင်းအပြင်၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မရှိဘဲ နိုင်ငံခြားသား အလုပ်သမားဆိုင်ရာ ဥပဒေများကို ချိုးဖောက်ကာ တရားမဝင် အလုပ်လုပ်ကိုင်ခြင်းတို့ ပါဝင်သတ်မှတ်ထားကြောင်း သိရသည်။
ထို့အပြင် နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းဆိုင်ရာ အက်ဥပဒေ (Foreign Business Act) အား ချိုးဖောက်ပြီး အမည်ခံစနစ်ဖြင့် တရားမဝင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းနှင့် ဗီဇာ သို့မဟုတ် နေထိုင်ခွင့် အပါအဝင် အစိုးရ၏ တရားဝင် ရုံးသုံးစာရွက်စာတမ်းများကို အတုပြုလုပ်ခြင်း၊ စာရွက်စာတမ်းအတုများ အသုံးပြုခြင်းတို့သည်လည်း ပြည်နှင်ဒဏ်ပေးခံရမည်ဖြစ်ကြောင်း ဆိုသည်။
နောက်ဆုံးအနေဖြင့် ထိုင်းနိုင်ငံအတွင်း အနည်းဆုံး ထောင်ဒဏ် (၃) နှစ်နှင့်အထက် ပြစ်ဒဏ်ကျခံစေနိုင်သော ကြီးလေးသည့် ရာဇဝတ်မှုများကို ကျူးလွန်ခြင်း သို့မဟုတ် ဖော်ပြပါ ပြစ်မှုအမျိုးအစား အားလုံးတွင် တရားခံအဖြစ် ပါဝင်ပတ်သက်ခြင်း၊ နောက်ကွယ်မှ စေခိုင်းခြင်းနှင့် ကူညီအားပေးသူအဖြစ် ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ပါက နှောင့်နှေးခြင်းမရှိဘဲ နိုင်ငံပြင်ပသို့ နှင်ထုတ်ခံရမည်ဟု သတ်မှတ်ထားသည်။
ယခု စည်းမျဉ်းသစ်သည် ဥပဒေချိုးဖောက်သည့် နိုင်ငံခြားသားများကို အချိန်ကြန့်ကြာမှုမရှိဘဲ အမြန်ဆုံး နှင်ထုတ်နိုင်ရန်နှင့် အစိုးရ၏ ထိန်းသိမ်းရေးစခန်း ကုန်ကျစရိတ်များကို လျှော့ချရန် ရည်ရွယ်ထုတ်ပြန်ရခြင်း ဖြစ်သည်။
စည်းမျဉ်းမူကြမ်းအရ နိုင်ငံခြားသားအကျဉ်းသားများကို မလွှတ်ပေးမီ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်သည် ၎င်းတို့၏ အချက်အလက်များကို ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် (သို့မဟုတ်) တာဝန်ပေးအပ်ထားသော အရာရှိထံ ကြိုတင်ပေးပို့ရမည်ဖြစ်သည်။
ထို့နောက် အဆိုပါ အမြဲတမ်းအတွင်းဝန်သည် အမှုတွဲကို ပြည်ထဲရေးဝန်ကြီးထံ ဆက်လက်တင်ပြရမည်ဖြစ်ပြီး၊ ပြည်ထဲရေးဝန်ကြီးက နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ပြည်နှင်ဒဏ်ပေးရန် အမိန့်ထုတ်ပြန်ရေးကို စဉ်းစားဆုံးဖြတ်မည်ဖြစ်သည်။
ပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်နှင်ဒဏ်ပေးရာတွင် ပြစ်မှုကျူးလွန်သူ ပုဂ္ဂိုလ်အား ၎င်း၏ မိခင်နိုင်ငံသားဖြစ်ရာ တိုင်းပြည်သို့ ပြန်လည်ပို့ဆောင်ရန် တာဝန်ယူရမည်ဖြစ်သော်လည်း၊ နိုင်ငံသားဖြစ်မှုကို အတည်မပြုနိုင်ပါက ထိုင်းနိုင်ငံသို့ မဝင်ရောက်မီ နောက်ဆုံးနေထိုင်ခဲ့သည်ဟု ပြောဆိုသော နိုင်ငံသို့ ပြည်နှင်ဒဏ်ပေးရန် ဆိုသည်။
ထို့ပြင် သံတမန်လမ်းကြောင်းမှတစ်ဆင့် တောင်းဆိုချက်ရှိပါက ၎င်းပုဂ္ဂိုလ်၏ သဘောတူညီချက် စာဖြင့်လက်မှတ်ရေးထိုးမှုဖြင့် မိမိနိုင်ငံသားမဟုတ်သော အခြားနိုင်ငံ သို့မဟုတ် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတစ်ခုခုထံ လွှဲပြောင်းပေးနိုင်ပြီး၊ အဆိုပါ လက်ခံမည့်နိုင်ငံ (သို့မဟုတ်) အဖွဲ့အစည်းက စောင့်ရှောက်ခြင်းနှင့် နှင်ထုတ်ခြင်းဆိုင်ရာ ကုန်ကျစရိတ်အားလုံးကို တာဝန်ယူရမည်ဖြစ်သည်။
ကိုးကား-Khaosod



