ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဂျိုင်းမြစ်ရေမြင့်တက်နေပြီး ရေပြန်မကျသေးသဖြင့် မြစ်ကမ်းအနီးရှိ ဒေသခံများ လှေငယ်များ အသုံးပြုသွားလာနေရကြောင်း သိရသည်။
အထူးသဖြင့် ဂျိုင်းမြစ်ကမ်းအနီးရှိ ကမ်းနီး၊ သရက်တော၊ ကော့မိတ်၊ ကော့ဗိန်း၊ ခရစ်ကျောက်တန်း ကျေးရွာတို့တွင် ၃ ရက်အထိ ရေကြီးနစ်မြုပ်နေကြောင်း သိရသည်။
ခရစ်ကျောက်တန်းရွာမှ ဒေသခံတစ်ဦးက “အခုလက်ရှိက လှေနဲ့သွားလာလှုပ်ရှားနေတာပေါ့။ ဒီနေ့လည်းမိုးရွာနေတုန်းပါပဲ။ ရေအမြင့်က လူတစ်ယောက်ရဲ့ လည်ပင်းလောက်အထိရောက်နေတယ်။ ကျတော်တို့ရွာက နိမ့်တဲ့ဒေသမှာပါတော့ သူများရွာတွေထက်ကို ပိုမြုပ်တတ်တယ်။ ရေလည်းတော်တော်နဲ့မကျဘူး။ မနှစ်ကဆို တစ်လနီးပါး ရေကြီးတယ်။” ဟု ဆိုသည်။

ယနေ့အထိ စားသောက်ရေးနှင့် သွားလာလှုပ်ရှားရန် အဆင်ပြေသော်လည်း မိုးဆက်လက်ရွာသွန်းပြီး ရေထပ်မံမြင့်တက်လာပါက စာသင်ကျောင်းများကို ထပ်မံပိတ်သိမ်းရမည့်အခြေအနေတွင်ရှိကြောင်း အထက်ပါဒေသခံက ပြောသည်။
စစ်ကော်မရှင်လက်အောက် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဇူလိုင် ၁၆ ရက်နေ့ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်အပါအဝင် ကရင်ပြည်နယ်၌ နောက်နှစ်ရက်အထိ နေရာကွက်၍ မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း ဖော်ပြထားသည်။
ကော့မိတ်၊ ကော့ဗိန်း၊ ကမ်းနီးနှင့် သရက်တောကျေးရွာရှိ ဒေသခံများထံ ဆက်သွယ်မေးမြန်းချက်များအရ ဂျိုင်းမြစ်ရေသည် နေ့စဉ်မြင့်တက်လျက်ရှိသော်လည်း စိုးရိမ်ရေအမှတ်သို့ မရောက်ရှိသေးသဖြင့် ဒေသခံများအနေဖြင့် လက်ရှိအချိန်အထိ ရွှေ့ပြောင်းနေထိုင်ခြင်း မရှိသေးကြောင်း သိရသည်။
“မိုးဆက်မပြတ်ရွာနေတာ တစ်ပတ်လောက်ရှိနေပြီ။ အခုကသွားလာလို့ရနေသေးတယ်။ ဒါပေမဲ့ မြစ်ရေက မြင့်တက်လာနေတုန်းပါပဲ။” ဟု ကော့မိတ်ဒေသခံအမျိုးသမီးတစ်ဦးကဆိုသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီး နေထိုင်သူများ မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်သူများ ရေကြီး၊ ရေလျှံမှုများကို သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးနှိုးဆော်ထားသည်။
ကရင်ပြင်နယ်တွင် မြစ်ရေဆက်လက်မြင့်တက်နိုင်သည့် အခြေအနေတွင်ရှိသဖြင့် ရေဘေးကြိုတင်ကာကွယ်မှုများ ကြိုတင်လုပ်ဆောင်နေခြင်းများလည်းရှိကြောင်း သိရသည်။
ပုံ-ပေးပို့(ခရစ်ကျောက်တန်းရွာအတွင်း ရေဝင်ရောက်မှု အခြေအနေ)



