ပုံရိပ်လွှာဆောင်းပါး – သော်တာ
“ကျနော့်ရဲ့ စာအုပ်အရေအတွက် ၁၀၀၀ မှာ ၁၀ ယောက်လောက်ပဲ ဖတ်ပြီး၊ အဲဒီ ၁၀ ယောက်က သေချာသိရှိနားလည်သွားတယ်ဆိုရင်ပဲ ကျနော် ကျေနပ်ပါတယ်။ ဒါမှ မွန်မျိုးဆက်သစ်တွေအတွက် မွန်သမိုင်းတွေ ရေရှည်ကျန်ရစ်ခဲ့မှာ ဖြစ်ပါတယ်”
ဤသည်ကား မွန်စာပေနှင့် သမိုင်းအမွေအနှစ်များကို အရေအတွက်ထက် အရည်အသွေးဖြင့် ရေရှည်တည်တံ့အောင် ထိန်းသိမ်းလိုသူ စာပေသုခုမပညာရှင်တစ်ဦး၏ ရင်တွင်းဖြစ် အမှန်တရားနှင့် ခိုင်မာသော ခံယူချက်ပင် ဖြစ်သည်။

စင်စစ်အားဖြင့် မွန်နိုင်ငံတော် ကျဆုံးသည့်အချိန်မှစ၍ မွန်လူမျိုးတို့၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် အနုသုခုမ ပညာရပ်များသည် ရာစုနှစ်ပေါင်းများစွာ ဖျက်ဆီးခြင်း ခံခဲ့ကြရသည်။ မိမိတို့၏ ရင်သွေးငယ်များကို ပုခက်လွှဲချော့သိပ်ရန် ‘မွန်သီချင်း’ ပင် မရှိတော့သည့် အဖြစ်မျိုးအထိ မွန်အတိတ်သမိုင်းတွင် ရင်နာစရာများ ကြုံတွေ့ခဲ့ရဖူးသည်။
ထိုသို့သော အပျက်အစီးများကြား မိမိတို့ပိုင်ဆိုင်သည့် အမွေအနှစ်များကို ပညာရှင်မဟုတ်သည့်တိုင် ဝါသနာရှင်များ၊ စာပေဂီတမြတ်နိုးသူများနှင့် တက်ကြွလှုပ်ရှားသူများက နည်းမျိုးစုံဖြင့် ပြန်လည်ရှာဖွေ ဖော်ထုတ်စုဆောင်းခဲ့ကြရသည်။
အဆိုပါ အဖိုးတန်လှသည့် သမိုင်းအမွေအနှစ်များကို ပြန်လည်ဖော်ထုတ်ရာတွင် ပြည်တွင်းရှိ မွန်လူမျိုးများကြား ရှာဖွေရန် ခဲယဉ်းသွားပြီဖြစ်သော မွန်ရိုးရာယဉ်ကျေးမှုများနှင့် ဂီတဂန္တဝင်များကို ထိုင်းနိုင်ငံရောက် မွန်မျိုးနွယ်စုများထံမှလည်းကောင်း၊ မူလဌာနေမွန်လူမျိုးများထံမှလည်းကောင်း အလုပ်အကိုင်တစ်ဖက်ဖြင့် ရှာဖွေသုတေသနပြုနေသူတစ်ဦး ရှိသည်။
သူသည် မွန်စာပေနှင့် ဂီတဂန္တဝင်ဆိုင်ရာ သုတေသနစာတမ်းများကို စဉ်ဆက်မပြတ် ပြုစုရေးသားနေသူ ရေးမြို့နယ်ဇာတိမှ စာပေသုခုမပညာရှင် ဆရာ ဥတ္တရ-စူဠဒီပ (မင်းအောင်ပိုင်) ပင် ဖြစ်သည်။
ကလောင်အမည်နှင့် ပုဂ္ဂိုလ်အမည်ကို ကြားလိုက်သည်နှင့် မွန်စာပေနှင့် ဂီတလောကတွင် မသိသူရှားလောက်အောင်ပင် ယနေ့အထိ စာပေဂီတအရေးကို တက်တက်ကြွကြွ ဦးဆောင်နေသည့် အဓိကမဏ္ဍိုင်တစ်ဦး ဖြစ်သည်။
ငယ်စဉ် ဘုန်းကြီးကျောင်းသား ဘဝကတည်းက စာပေဝါသနာ ထုံမွှမ်းခဲ့သူပီပီ လူငယ်ဘဝတွင်လည်း ၎င်းဇာတိရွာနှင့် ၃ မိုင်ခန့်ဝေးသည့် လက်ရှိလမိုင်းမြို့သို့ ပန်းရန်အတတ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုရင်း မွန်စာပေနှင့် ယဉ်ကျေးမှုအသင်း၊ လူငယ်အသင်းများ၌ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ဖူးသည်။
၁၉၈၈ ခုနှစ် ပြည်တွင်း၌ ကျောင်းသားနှင့် ဒီမိုကရေစီအင်အားစုများ တစ်ပါတီစစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အုံကြွမှု ဖြစ်ပေါ်စဉ်တွင် ဆရာ ဥတ္တရ-စူဠဒီပနှင့် သူငယ်ချင်းအပေါင်းအပါများသည် ထိုအရေးတော်ပုံတွင် တက်ကြွစွာ ပါဝင်ခဲ့ကြသည်။
နောက်ဆုံး စစ်တပ်က အာဏာသိမ်းပြီးနောက် ဒီမိုကရေစီလှုပ်ရှားမှုများကို စစ်အင်အားဖြင့် နှိမ်နင်းသောအခါ သောင်းနှင့်ချီသော ကျောင်းသားများ တော်လှန်ရေးနယ်မြေသို့ ဝင်ရောက်ခိုလှုံခဲ့ကြပြီး ဆရာဥတ္တရ-စူဠဒီပတို့အဖွဲ့လည်း မွန်ပြည်သစ်ပါတီဌာနချုပ်သို့ ရောက်ရှိသွားခဲ့သည်။
မွန်ပြည်သစ်ပါတီတွင် တာဝန်ထမ်းဆောင်စဉ်အတွင်း ပါတီ၏ စည်းရုံးရေးဌာန၊ နိုင်ငံတကာဆက်ဆံရေးဌာနနှင့် ကယ်ဆယ်ရေးဌာနတို့တွင် ဝင်ရောက်တာဝန်ယူခဲ့သကဲ့သို့ တစ်ဖက်ကလည်း ဆရာနိုင်သက်လွင်၊ နိုင်ကသုမွန်တို့နှင့်အတူ မိမိတို့ဝါသနာပါသည့် စာပေအရေးဆိုင်ရာ ကိစ္စရပ်များကို မပျက်မကွက် လုပ်ဆောင်ခဲ့ကြသည်။
ထို့နောက် ၁၉၉၃ ခုနှစ်တွင် သူ၏အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သူ မွန်-မြန်မာအဘိဓာန် ပြုစုထုတ်ဝေသူ ဆရာနိုင်သက်လွင်နှင့်အတူ မွန်ပြည်သစ်ပါတီမှ အတူတကွ ရပ်နားခဲ့ကြသည်။ ပါတီမှရပ်နားပြီးနောက် ထိုင်း-မြန်မာနယ်စပ်ရှိ စံခလပူရီဒေသတွင် အခြေချနေထိုင်ခဲ့ပြီး ထိုဒေသရှိ မွန်လူမျိုးရေးဆိုင်ရာ အဖွဲ့အစည်းများတွင် ဆက်လက်တက်ကြွစွာ ဝင်ရောက်လုပ်ကိုင်ခဲ့ပြန်သည်။
ကဗျာနှင့် သီချင်းများကို စိတ်ခံစားချက်ပေါ်လျှင် ပေါ်သလို ရေးသားဖြစ်သော်လည်း ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှသာ စာပေများကို စနစ်တကျရေးသားပြီး စာအုပ်ထုတ်ဝေဖြစ်ခဲ့ကြောင်း သူကပြောသည်။
"သီချင်းနဲ့ ကဗျာတွေစရေးဖြစ်တယ်။ ပိုရေးတာများတယ်ပေါ့။ စာအုပ်ထုတ်တာက ကျနော် မွန်ပြည်သစ်ဘက်ကို မထွက်ခင်ကတည်းက စာပေအချက်အလက်တွေ စုဆောင်းထားတာရှိတော့ ၂၀၀၀ ခုနှစ်မှာ ဂီတသုသေတန စာအုပ်အပါးအလေးတစ်အုပ်ကို ထုတ်နိုင်ခဲ့တယ်"
ဘိုးဘွားများလက်ထက်ကတည်းက ဝါသနာအရ စုဆောင်းခဲ့သည့် အချက်အလက်များနှင့် ဂီတနှင့်ပတ်သက်သည့် သုတေသနစာတမ်းကို ပထမဦးဆုံး ရေးသားနိုင်ခဲ့ပြီး “ခေတ်သုံးခေတ် မွန်စာသုတေသနစာတမ်း” နှင့် “မွန်ဂန္တဝင် သုတေသနစာတမ်း” တို့သည် ဆရာ့၏ လူဖတ်အများဆုံး ထင်ရှားသည့် စာအုပ်များဖြစ်သည်။
စာပေအတွက် ထိုင်းနှင့် မြန်မာနိုင်ငံအတွင်းရှိ မွန်သမိုင်းရှေးဟောင်းအချက်အလက် စုဆောင်းခြင်း၊ ပေစာ၊ ပုရပိုက်စာများကို စက္ကူစာအဖြစ်သို့ ပြောင်းလဲနိုင်ရန် လက်ရှိတွင် ဆရာက ပိုမိုအားထုတ်လုပ်ဆောင်နေသည်။
ဆရာထုတ်ဝေခဲ့ဖူးသည့် သုတေသနစာအုပ်များသည် လူငယ်များအဖို့ ဖတ်ရှုရန် အနည်းငယ်ခက်ခဲသဖြင့် စာအုပ်မူရင်းအာဘော်မပြတ်ဘဲ ဖတ်ရှုလွယ်သည့်ပုံစံဖြင့် ပြန်လည်မျှဝေ ရေးသားလိုသည့် လူငယ်များကိုလည်း ဖိတ်ခေါ်ကြောင်းလည်း ပြောသည်။
သုတေသနပညာရပ်အပြင် ဆရာ ဥတ္တရ-စူဠဒီပသည် လက်မှုပညာအတတ်များဖြစ်သည့် ပန်းချီ၊ ပန်းပုနှင့် ပန်းရန်အတတ်ပညာရပ်များတွင်လည်း အထူးကျွမ်းကျင်နှံ့စပ်သူ ဖြစ်သည်။ သူကိုယ်တိုင်ကပင် အနုပညာမျိုးရိုးမှ မွေးဖွားလာသူဆိုလျှင်လည်း မမှားပေ။
ဆရာ့၏ မိခင်ဘက်မှ အဘိုးအဘွားများသည် ပန်းချီ၊ ပန်းပု၊ ပန်းရန် စသည့် ပန်းဆယ်မျိုးအတတ်ကို ကျွမ်းကျင်ပိုင်နိုင်သူများဖြစ်ပြီး ဂီတပညာကိုလည်း ပိုင်နိုင်သူများဖြစ်သည်။ ထို့ကြောင့် မွန်တူရိယာမျိုးစုံကို ၎င်းတို့ကိုယ်တိုင်ထွင်းထု၍ အသံထွက်အကောင်းဆုံးဖြစ်အောင် ကိုယ်တိုင် ထုဆစ်ဖန်တီးနိုင်ကြသည်။
ဂီတနှင့် ပန်းအတတ်ပညာများကို ဘိုးဘွားများထံမှ အခြေခံမှစ၍ သင်ယူခွင့်ရခဲ့သော်လည်း လက်ရှိ ဆရာဥတ္တရ-စူဠဒီပ၏ မိသားစုမျိုးဆက်များသည် ယခုပညာရပ်များကို လက်ဆင့်ကမ်းနိုင်စွမ်း နည်းပါးသွားခဲ့ပြီဖြစ်ကြောင်း စိတ်မကောင်းသည့် မျက်ဝန်းများဖြင့် ပြောပြသည်။
"ကျနော်တို့ ဘိုးဘွားတွေက ဒီအတတ်ပညာတွေ ပျောက်ကွယ်သွားမှာ အရမ်းစိုးရိမ်ကြတာ၊ ဒါပေမယ့် နောက်ပိုင်းမှာ သူ့ရဲ့ သားစဉ်မြေးဆက်တွေထဲ ဒီအတတ်တွေ တတ်မြောက်တဲ့သူ ကုန်သလောက် ဖြစ်သွားပြီ"
ယနေ့လူငယ်များသည် မွန်စာပေကို ဦးစားပေးသူနည်းပါးလာပြီး၊ မွန်စကား ပြောဆိုရာတွင်လည်း အသံထွက်ပိုင်း ချို့ယွင်းချက်ရှိလာသည်ကို တွေ့မြင်လာရသဖြင့် မွန်စာပေများကို ရည်ရွယ်ချက်ကြီးမားစွာဖြင့် ဆက်လက်ရေးသားနေခြင်း ဖြစ်သည်ဟု သူက ဆိုသည်။
"မွန်စကားကို လူငယ်တွေက ပါးစပ်ပိတ်ပြောရမယ့် စကားလုံးမှာ မပိတ်ဘဲပြောနေကြတယ်။ ဥပမာ မွန်မှာ "တီ" အဲလို M အက္ခရာဆိုရင် ပါးစပ်ပိတ်ပြောရမယ့်အစား ပါးစပ်ဖွင့်ပြောနေကြတော့ အခုခေတ် မွန်စကားတွေမှာ ချို့ယွင်းချက်ရှိလာနေတယ်"
မွန်လူမျိုးများသည် သမိုင်းအကြောင်းနှင့်ပတ်သက်၍ အချင်းချင်း အခြေအတင် ဖြစ်ပွားတတ်သဖြင့် သူ၏ “ခေတ်သုံးခေတ် မွန်စာပေသုတေသနစာအုပ်” ကို ဖတ်ရှုရန်လည်း ဆရာက အမြဲတစေ တိုက်တွန်းလေ့ရှိသည်။
ဆရာသည် သူ၏ ဘဝဖြတ်သန်းမှုနှင့် ဂီတသုခုမခရီးလမ်းကို ရိုးရိုးရှင်းရှင်းပင် ယခုကဲ့သို့ ကောက်ချက်ချခဲ့ဖူးသည်။
“ကျနော့်ဘဝမှာ ဂီတနဲ့ အနုပညာကို အမြတ်နိုးဆုံးပဲ။ စာပေနဲ့ ဂီတက ကျနော့်ကို ထမင်းမေ့ဟင်းမေ့ ဖြစ်စေတာ” ဟူ၍ ဖြစ်သည်။
ထိုစကားအတိုင်းပင် ဆရာသည် သူချစ်သော စာပေဂီတနယ်ပယ်တွင် ယနေ့ထက်တိုင် ပျော်မွေ့လျက်၊ ဖန်တီးလျက်၊ သုတေသနပြုလျက်… မိမိအနုပညာဖြင့် ဘဝကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနေဆဲ ဖြစ်ပါတော့သည်။



