Homeသတင်းစစ်တပ် စစ်ကြောင်းက ဖမ်းဆီးသွားသည့် ဘီးလင်းဒေသခံ ၂ ဦး ပျောက်ဆုံးနေ

စစ်တပ် စစ်ကြောင်းက ဖမ်းဆီးသွားသည့် ဘီးလင်းဒေသခံ ၂ ဦး ပျောက်ဆုံးနေ

-

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တက်တူကုန်းကျေးရွာဘက် စစ်ကော်မရှင် စစ်ကြောင်းထိုး ဝင်ရောက်လာချိန် ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံ အရပ်သား ၂ ဦး ပျောက်ဆုံးနေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့က အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကော်မရှင် ပူးပေါင်းစစ်ကြောင်းများသည် တက်တူကုန်းကျေးရွာရှိ ကရင်အမျိုးသားအစည်းအရုံး KNU ကုန်သွယ်ရေးဂိတ်စခန်းကိုဝင်ရောက်စီးနင်းခဲ့သည်။

ထိုသို့ ဝင်ရောက်စီးနင်းစဉ် ကုန်ပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်မောင်းအမျိုးသား တစ်ဦးနှင့် တက်တူကုန်းကျေးရွာနေ ခွန်ထက်ဦးတို့ ၂ ဦးကို စစ်ကြောင်းက ရိုက်နှက်ဖမ်းဆီးပြီး ခေါ်ဆောင်သွားခဲ့သည်။

၎င်းပြင် စစ်ကော်မရှင် စစ်ကြောင်းက ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များကိုလည်း သိမ်းဆည်းပြီး မီးရှို့ဖျက်ဆီးခဲ့သည်။

“စစ်ကြောင်းက လူ ၂ ဦးကို ဖမ်းသွားတယ်။ ပစ္စည်းတွေ ကားတွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်။ ဖမ်းသွားတဲ့ ၂ ဦးက ဘာသတင်းမှ မရဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကော်မရှင် စစ်ကြောင်းသည် တက်တူကုန်းကျေးရွာနှင့် ကြက်ခြေခတ်ကျေးရွာအကြားရှိ နေအိမ်များ၊ ကုန်စုံဆိုင်များကို စစ်တပ် စစ်ကြောင်းက ဖောက်ထွင်းဝင်ရောက်ပြီး အိမ်တွင်းရှိ ပစ္စည်းများကို သိမ်းယူသွားသည့်အပြင် နေအိမ် ၆ လုံးထက်မနည်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးသည်။

ဒေသတွင်း စစ်ကြောင်းထိုးလာသည် စစ်ကော်မရှင် စစ်ကြောင်းသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့နှင့်လည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။

ဘီးလင်းမြို့နယ်အတွင် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းနှင့် တိုက်ပွဲများကြောင့် ဒေသခံအရပ်သားပြည်သူများ၏ အသက်အိုးအိမ်၊ ပိုင်ဆိုင်မှုများ ထိခိုက်ဆုံးရှုံးရသည့်အပြင် လုံခြုံရေးအခြေအနေလည်း စိုးရိမ်ဖွယ်ရာ ဖြစ်ပေါ်နေသည်ဟု KNU က ထုတ်ပြန်ထားသည်။

ဘီးလင်းမြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အပြင် စစ်ကော်မရှင်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတို့ကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိနေသည့်အပြင် သောင်းနှင့်ချီသည့် ဒေသခံပြည်သူတို့လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts