ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေခြင်းကြောင့် မွန်ပြည်နယ်တွင် ဇူလိုက်လ ၂၀ ရက်နေ့အထိ နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။
ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘီးလင်းမြို့ရှိ ဘီးလင်းမြစ်ရေ မြင့်တက်လာသည့်အတွက် အနိမ့်ပိုင်းရပ်ကွက်များနှင့် မြစ်ကမ်းတလျှောက်ရှိကျေးရွာများတွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်။
ရေကြီးရေလျှံမှုကြောင့် ဘီးလင်းမြို့ပေါ် အနိမ့်ပိုင်းရပ်ကွက် ၄ ခုနှင့် မြစ်ကမ်းတလျှောက်ရှိကျေးရွာ ၂၀ ကျော်တို့မှ လူဦးရေ ၁၆၀၀ ကျော် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားရသည်ဟု လူမှုကယ်ဆယ်ရေးလုပ်ဆောင်နေသူတို့ထံမှ သိရသည်။

လက်ရှိတွင် ရေဘေးသင့်ပြည်သူများအတွက် ဘီးလင်းမြို့တွင် ယာယီကယ်ဆယ်ရေးစခန်း ၉ ခု ဖွင့်လှစ်ထားကြောင်းလည်း ဆိုသည်။
ဘီးလင်းမြစ်ရေသည် ယမန်နေ့ ဇူလိုင် ၁၂ ရက်နေ့က စိုးရိပ်ရေမှတ်အထက်ကျော်လွန် ရောက်ရှိခဲ့သော်လည်း ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့ နံနက်တွင် မြစ်ရေအနည်းအငယ် ပြန်ကျလာသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
သို့သော် မိုးဆက်လက်ကြီးနိုင်သည့်အတွက် မြစ်ရေလည်း တက်လာနိုင်သည့်အနေအထားကြောင့် အနိမ့်ပိုင်းနေသူများ စောင့်ကြည့်ရမည့်အခြေအနေဟု ဘီးလင်းဒေသခံ လူမှုကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။
“ဘီးလင်းမြစ်ရေးက မနေ့ညနေလောက်က ပြန်ကျလာတယ်။ ဒီမနက်ဆိုရင် စိုးရိမ်ရေမှတ်အောက် ပြန်ရောက်သွားတယ်။ မိုးဆက်မရွာဘူးဆိုရင် ရေပြန်ကျမယ်။ ပြောင်းရွှေ့ထားရတဲ့လူတွေလည်း ပြန်နိုင်မယ်။ မိုးအခြေအနေကိုပဲ စောင့်ကြည့်ရမယ်” ဟု ဆိုသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီး နေထိုင်သူများ မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်သူများ ရေကြီး၊ ရေလျှံမှုများကို သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးနှိုးဆော်ထားသည်။





