အယ်ဒီတာ့အာဘော်
မွန်ပြည်နယ်လွှတ်တော်က ပြည်သူလူထု၏ နစ်နာမှုများနှင့် တိုင်ကြားချက်များကို လက်ခံဖြေရှင်းပေးရန်ဆိုပြီး “တိုင်ကြားစာနှင့် အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီ” တရပ်ကို ဖွဲ့စည်းလိုက်သည်။ ဤခြေလှမ်းသည် စစ်အုပ်ချုပ်ရေးယန္တရား၏ ဖိနှိပ်မှုနှင့် မတရားမှုများအောက်က ပြည်သူလူထုများအတွက် လွှတ်တော်မှတစ်ဆင့် မိမိတို့အသံကို ဖော်ထုတ်ခွင့်ရမည့် လမ်းစတစ်ခု ပေါ်ထွက်လာစေသည်မှာ အမှန်ပင် ဖြစ်သည်။ ပြည်သူနှင့် လွှတ်တော်ကြား ဆက်သွယ်မှု ကွင်းဆက်တစ်ခု ဖန်တီးလိုက်ခြင်းကို ကြိုဆိုရမည် ဖြစ်သည်။
သို့သော် ယနေ့ မြေပြင်တွင် ပြည်သူလူထုများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လက်ရှိနိုင်ငံရေး အခင်းအကျင်း၏ ကန့်သတ်ချက်များကို ပြန်လည်ဆန်းစစ်ကြည့်လျှင် ဤကော်မတီသည် ပြည်သူလူထု ပြဿနာများကို အမှန်တကယ် ဖြေရှင်းပေးနိုင်မည်လား၊ သို့မဟုတ် ဟန်ပြကော်မတီတစ်ခုအနေဖြင့်သာ လမ်းဆုံးသွားမည်လားဆိုတာကို စောင့်ကြည့်ရမည်ဖြစ်သည်။

ပြည်နယ်အတွင်းက မြေယာသိမ်းဆည်းခံရမှုပြဿနာများ၊ အာဏာပိုင်အဆင့်ဆင့်တို့၏ အဂတိလိုက်စားမှုနှင့် အာဏာအလွဲသုံးစားပြဿနာများအပါအဝင် ကြီးမားသော နစ်နာမှုများစွာကို ပြည်သူလူထုက နှစ်ရှည်လများ အံကြိတ်ခံစားနေကြရသည်။ တချိန်တည်းတွင် လက်ရှိတိုင်းပြည်ကို အသွင်ပြောင်းအုပ်ချုပ်နေသည့် စစ်တပ်မှ အဓမ္မတပ်သားသစ်စုဆောင်းခြင်း၊ ပြည်သူလူထု အပေါ် လူ့ အခွင့်ရေး နေ့ စဉ်နှင့် အမျှ ချိုးဖောက်နေသည်ကို တိုင်ကြားလာခဲ့လျှင် တိုင်ကြားရေးကော်မတီမှ တပ်ခေါင်းဆောင်နှင့် ကျူးလွန်သူများကို ကိုင်တွယ်နိုင်မည်လား မေးခွန်းထုတ်စရာပင်ဖြစ်သည်။ ထို့ကြောင့် ယခုအခြေအနေတွင် လွှတ်တော် တိုင်ကြားစာကော်မတီတစ်ခု အသက်ဝင်လာခြင်းသည် ကောင်းမွန်သော်လည်း ထိုကော်မတီ၏ အမှန်တကယ် လုပ်ပိုင်ခွင့်အာဏာ မည်မျှရှိသနည်း ဆိုသည့်အချက်သည် အဓိက မေးခွန်းထုတ်စရာအချက်ပင် ဖြစ်သည်။
ကော်မတီသည် တိုင်ကြားစာများကို လက်ခံရယူပြီး အစီရင်ခံစာ ရေးသားခြင်း၊ အကြံပြုချက် တင်ပြခြင်းကဲ့သို့သော အကြံပေးအဆင့်မျှသာ လုပ်ပိုင်ခွင့်ရှိပြီး၊ အမှန်တကယ် ပြစ်မှုကျူးလွန်ထားသည့် အုပ်ချုပ်ရေးအာဏာပိုင်များနှင့် လုံခြုံရေးတပ်ဖွဲ့များကို ထိရောက်စွာ အရေးယူနိုင်ခြင်း မရှိလျှင် ပြည်သူလူထု၏ တိုင်ကြားစာများသည် လွှတ်တော်၏ စက္ကူပုံထဲတွင်သာ လမ်းဆုံးသွားမည် ဖြစ်သည်။
၎င်းပြင် လက်ရှိ ဒေသတွင်း လုံခြုံရေးအခြေအနေအရ မိမိတို့၏ နစ်နာမှုကို ရဲရဲဝံဝံ တိုင်ကြားမည့် ပြည်သူလူထု၏ လုံခြုံရေးနှင့် နောက်ဆက်တွဲ အန္တရာယ်များအတွက် ကော်မတီအနေဖြင့် မည်သို့သော အကာအကွယ်နှင့် အာမခံချက်များ ပေးနိုင်မည်နည်းဆိုသည်ကိုလည်း ရှင်းလင်းစွာ ချပြရန် လိုအပ်သည်။
တိုင်ကြားစာကော်မတီအနေဖြင့် ပြည်သူလူထု၏ ယုံကြည်မှုကို အမှန်တကယ် ရယူလိုပါက တိုင်ကြားစာများကို လက်ခံရုံဖြင့် မပြီးဘဲ၊ မည်မျှအထိ ထိရောက်စွာ ဖြေရှင်းနိုင်ကြောင်းကို ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာ အစီရင်ခံသည့် စနစ်တစ်ခု ရှိရမည် ဖြစ်သည်။ ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း အာဏာပိုင်အဖွဲ့အစည်းများကို ကြောက်ရွံ့ခြင်း မရှိဘဲ၊ ပြည်သူလူထုဘက်က မားမားမတ်မတ် ရပ်တည်ပြီး အမှန်တရားကို ဖော်ထုတ်ရဲသည့် သတ္တိနှင့် ကတိကဝတ်ကို လက်တွေ့သက်သေပြရမည် ဖြစ်သည်။ အုပ်ချုပ်သူများကို ဝေဖန်ထိန်းကျောင်းနိုင်မည့် လက်တွေ့အဖြေများကိုသာ ပြည်သူလူထုက မျှော်လင့်စောင့်ကြည့်နေကြသည်။ ကော်မတီအနေဖြင့် ပြည်သူလူထုအားကိုးရာ အစစ်အမှန် ဖြစ်ကြောင်း ဟန်ပြထက်ကျော်လွန်သည့် သက်သေကို အမြန်ဆုံး ပြသနိုင်ပါစေကြောင်း လေးနက်စွာ နှိုးဆော် တိုက်တွန်းလိုက်ရသည်။



