Homeသတင်းကော့ကရိတ်-ကြာအင်းဆိပ်ကြီး၌ မြေပြင်လုံခြုံရေးတိုးမြှင့်ကာ လေကြောင်းဖြင့်ကင်းထောက်မှုများလုပ်ဆောင်

ကော့ကရိတ်-ကြာအင်းဆိပ်ကြီး၌ မြေပြင်လုံခြုံရေးတိုးမြှင့်ကာ လေကြောင်းဖြင့်ကင်းထောက်မှုများလုပ်ဆောင်

-

ကရင်ပြည်နယ်၊ ကော့‌ကရိတ်နှင့် ကြာအင်းဆိပ်ကြီးဒေသတစ်ဝိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြေပြင်လုံခြုံရေးတိုးမြှင့်ကာ လေကြောင်းဖြင့် ကင်းထောက်ပျံဝဲမှုများ ယခုရက်ပိုင်းအတွင်း လုပ်ဆောင်လာနေကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များက ပြောသည်။

ဇွန်လ ၁၂ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ကော့ကရိတ်မြို့နယ် ကော့ဘိန်းဒေသတစ်ဝိုက် စစ်ကော်မရှင်မှ ၎င်းတို့တပ်စွဲထားသည့်နေရာများတွင် လုံခြုံရေးအင်အားတိုးမြှင့်ပြီး  ညပိုင်းကင်းစောင့်လှည့်လည်ခြင်းများကို ဆက်တိုက်ဆောင်ရွက်နေသည်ဟု ကော့ကရိတ်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“သူတို့ပစ်ခတ်ပြီးကတည်းက ကင်းလည်းလှည့်လာပြီး။ ဒီဘက်ခြမ်းမှာ ညပိုင်း ကင်းမလှည့်တာ တော်တော်ကြာနေပြီး။ ပြီးတော့ ည ၈ နာရီကျော်ရင်လည်း ဟိုဘက်ကမ်းဒီဘက်ကမ်း မသွားနေနဲ့၊ အပြင် မထွက်ကြတော့နဲ့ အသိပေးထားတယ်။ တံတားတွေမှာလည်း ကာထားတယ်” ဟု ၎င်းက ဆိုသည်။

နေ့ခင်းပိုင်းများတွင်လည်း Y-8 ၊ Y-12လေယာဉ်များအသုံးပြုပြီး ကင်းထောက်စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။

အလားတူ ကြာအင်းဆိပ်ကြီးဒေသတစ်ဝိုက် မွန်ပြည်သစ်ပါတီ NMSP-AD ထိန်းချုပ်နယ်မြေရှိ ကျေးရွာများသို့  စစ်ကော်မရှင်က လေယာဉ်နှစ်စီးဖြင့် ကင်းထောက်ပျံသန်းနေသလို ညပိုင်းအချိန်တွင်လည်း လေယာဉ်သံများ ကြားနေရကြောင်း ကြာအင်းဆိပ်ကြီးဒေသခံတစ်ဦးက ပြောသည်။

“လေယာဉ်တွေက နိမ့်နိမ့်ပဲ ကင်းထောက်ပျံသန်းနေတယ်။ ရဟတ်ယာဉ်လိုမျိုးတော့ မဟုတ်ဘူး။ တိုက်လေယာဉ်လိုမျိုးပဲ။ တောင်တွေကြားမှာရော၊ ရွာဘေးနားမှာရော ကွေ့ဝိုက်ပျံသန်းနေတယ်။ ညပိုင်း (ဇွန် ၁၃) ရက်နေ့ကလည်း လေယာဉ်သံကြားသေးတယ်” ဟု အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကော်မရှင်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား အဆိုပါ ကြာအင်းဆိပ်ကြီးဒေသတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားမှု နည်းပါးနေသော်လည်း တော်လှန်ရေးလှုပ်ရှားမှုနယ်မြေတွင် စစ်ကော်မရှင်က ယခုကဲ့သို့ လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းမှု လုပ်ဆောင်နေသည့်အပေါ် ဒေသခံများက စစ်ရေးအခြေအနေ စိုးရိမ်နေရသည်။

တော်လှန်ရေးအင်အားစုများ၏ လှုပ်ရှားမှုများကို ကြိုတင်ထောက်လှမ်းရန်၊ စစ်ရေးအရ အရေးပါသည့် လမ်းကြောင်းများကို စိုးမိုးရန်နှင့် အချိန်မရွေး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နိုင်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း မြေပြင်တော်လှန်ရေးရဲဘော်များက သုံးသပ်ကြသည်။

စစ်ကော်မရှင်က အရပ်သားပြည်သူများအပေါ် လေကြောင်းအသုံးပြုတိုက်ခိုက်မှုများ ဆက်တိုက်ပြု လုပ်နေခြင်းကြောင့် တော်လှန်ရေးထိန်းချုပ်နယ်မြေရှိရာ ပြည်သူများအနေဖြင့် လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကြုံတွေ့ချိန် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ပြုမှုနေထိုင်သင့်ကြောင်း တော်လှန်ရေး အဖွဲ့များက မကြာခဏ အသိပေးထုတ်ပြန်နေသည်။

ကင်းထောက်လေယာဉ်များ နေ့စဉ်ပျံဝဲနေသော အဆိုပါဒေသသည် အပစ်ရပ်စဲရေးစာချုပ် NCA လက် မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ သထုံခရိုင်နှင့် မော်လမြိုင်ခရိုင် ဒေသများဖြစ်ကြောင်းလည်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts