သုံးသပ်ချက်ဆောင်းပါး-ဂညန်း
မွန်ပြည်နယ်တွင် ယခင်က မိရိုးဖလား စီးပွားရေးလုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေး၊ ရော်ဘာစိုက်ပျိုးထုတ်လုပ်ရေး၊ ကုန်သွယ်ရေးနှင့် အသေးစား စီးပွားရေးလုပ်ငန်းများကို အခြေခံကာ ဒေသတွင်း စီးပွားရေး လည်ပတ်နေသည်။
လက်ရှိတွင် လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန်ထက် ရှိပြီးသား လုပ်ငန်းများ မဆုတ်ယုတ်သွားစေရန် အထူးထိန်းသိမ်း လုပ်ကိုင်နေရသည့် အခြေအနေဖြစ်နေသည်။
မိမိဒေသတွင်း စီးပွားရေးလုပ်ငန်းအကြောင်း သိရှိရန် ကျွမ်းကျင်ပညာရှင်များ၊ လုပ်ငန်းရှင်များအား မေးမြန်းစရာမလိုအောင်ပင် ပြည်တွင်းနေထိုင်သူများသည် နဖူးတွေ့ဒူးတွေ့ ခံစားနေကြရသည်။

မွန်ဒေသ၏ အဓိက စီးပွားရေးလုပ်ငန်းဖြစ်သည့် ရော်ဘာလုပ်ငန်းသည်လည်း သွင်းအားစုစရိတ်များ အဆမတန် ကြီးမြင့်လာခြင်း၊ စစ်ရေးပဋိပက္ခများကြောင့် ကောင်းမွန်စွာ မလည်ပတ်နိုင်ခြင်းတို့အပြင် တိုက်ပွဲများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားနေခြင်းကြောင့် ရော်ဘာခြံလုပ်ငန်းများကို လုံးဝရပ်နားထားရသည့် အခြေအနေများလည်း ရှိနေသည်။
လက်ရှိ စစ်ကောင်စီလက်ထက်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှု အခြေအနေများ မချောမွေ့သည့်အပြင် ထောက်ပံ့မှုများလည်း နည်းပါးလာခဲ့သည်။ ယခင်က ရှိခဲ့သည့် နိုင်ငံခြားစေ့ဆော်မှု စီမံကိန်းများနှင့် ပရောဂျက်များလည်း လျော့နည်းလာသဖြင့် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများ ပိုမိုကြုံတွေ့လာရသည်။
သွင်းကုန်နှင့် ထုတ်ကုန်လုပ်ငန်းများတွင် စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများမှစ၍ စက်ပစ္စည်းများအထိ တင်သွင်းရန် ခက်ခဲလာသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် ရသည့်နည်းလမ်းဖြင့် တင်သွင်းနေရသည်။ ထို့ကြောင့် ဖြစ်ပေါ်လာသည့် မှောင်ခိုဈေးကွက်နှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို ပြည်သူများက အလူးအလဲ ခံစားနေကြရသည်။
ထို့ပြင် ထိုင်းဘတ်၊ အမေရိကန်ဒေါ်လာနှင့် တရုတ်ယွမ်ကဲ့သို့ နိုင်ငံခြားငွေကြေးများ လဲလှယ်အသုံးပြုရာတွင်လည်း ခွင့်ပြုချက်နှင့် ပါမစ်များ ရယူရန် လိုအပ်လာခြင်းသည် စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုရှုပ်ထွေး စိန်ခေါ်မှုဖြစ်စေသည်။
၅ နှစ်အတွင်း အခြေခံကုန်စည်များအပါအဝင် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာသဖြင့် ဝင်ငွေနှင့် အသုံးစရိတ် မမျှတတော့ဘဲ ပြည်သူများမှာ စီးပွားရေး လုပ်ကိုင်ရန်ထက် နေ့စဉ် စားဝတ်နေရေးအတွက်သာ ရုန်းကန်နေကြရသည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
“မူလက လုပ်ကိုင်ခဲ့တဲ့ စီးပွားရေးအခြေအနေက အရင်ခေတ်က မိရိုးဖလာအတိုင်းပဲ ဆက်သွားနေတယ်။ ဈေးရောင်းတဲ့သူဆို ဈေးရောင်း၊ ကုန်သွယ်ရေးလုပ်တဲ့သူဆို ကုန်သွယ်ရေးပေါ့၊ စီးပွားရေး ချဲ့နိုင်တဲ့အထိတော့ မဟုတ်ဘူးပေါ့နော်။ ဒီ ၅ နှစ်အတွင်းဆို အစစအရာရာ ဈေးနှုန်းကြီးတာ အဆမတန်ပါပဲဆိုတော့ ၁၀ ဆကနေ ၅ ဆအထိဆိုတော့ တစ်နေ့ စားဝတ်နေရေးနဲ့ ဝင်ငွေကိစ္စက ရုန်းကန်ကြရတာပဲ။ ” ဟု ၎င်းက ပြောသည်။
ထို့ပြင် လောင်စာဆီ ပြဿနာကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေး၊ စားသောက်ကုန် ရောင်းဝယ်ရေး၊ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်းနှင့် အသေးစားလုပ်ငန်းများအထိ ရိုက်ခတ်မှုများရှိနေပြီး ကုန်စည်သယ်ယူစရိတ် သယ်ယူစရိတ်များကြောင့် အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာလည်း အဆမတန်မြင့်တက်လျက်ရှိသည်။
၂၀၂၄ ခုနှစ်မှစ၍ မော်လမြိုင်မြို့တွင် မွန်စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရှင်များ ပူးပေါင်းပြီး စီးပွားရေးဆိုင်ရာ အခက်အခဲများ ကျော်လွှားနိုင်ရေး၊ စီးပွားရေးအမြင် အထောက်အကူဖြစ်စေရေးတို့အတွက် သင်တန်းများ (Training)၊ ဆွေးနွေးပွဲများ (Seminar) နှင့် အလုပ်ရုံဆွေးနွေးပွဲများ (Workshop) မှတစ်ဆင့် အမြင်ဖလှယ်ခြင်း၊ အတွေ့အကြုံနှင့် ဗဟုသုတမျှဝေသည့် ပွဲများကို ဆက်တိုက်ကျင်းပခဲ့ကြသည်။
သို့သော်လည်း လုပ်ငန်းအမျိုးအစား မတူညီသည့် လယ်သမား၊ ခြံသမားများနှင့် ကုန်သွယ်ရေးဆိုင်ရာ အခြေအနေများနှင့် မကိုက်ညီသည့်အတွက် လုပ်ငန်းရှင်များအတွက် အထောက်အကူဖြစ်စေမှုနှင့် လွှမ်းခြုံနိုင်မှုမှာ အနည်းငယ်မျှသာ ရှိနေသေးကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။
“ကုမ္ပဏီကြီးကနေ လုပ်ငန်းကြီးကြီးမားမား ပူးပေါင်းလုပ်ဆောင်ဖို့တော့ မဖြစ်သေးဘူး။ နောက် လုပ်ငန်းပိုင်းဆိုင်ရာ မတူညီချက်တွေ၊ ဥပမာ လယ်သမား၊ ခြံသမားတို့ဆို ဒီပွဲနဲ့ သိပ်မအပ်စပ်သလို ဖြစ်သွားစေတယ်။ ကုန်သွယ်ရေးအနေနဲ့ရော ဆွေးနွေးတာလည်း သူတို့အလုပ်နဲ့ မကိုက်ညီတာမျိုး ရှိတတ်တော့ အကုန်လုံးတော့ မလွှမ်းခြုံနိုင်ဘူး” ဟု ၎င်းက ပြောသည်။
ကိုဗစ် ၁၉ ကြောင့် အထိနာခဲ့သည့် စီးပွားရေးလုပ်ငန်းကို ပြန်လည်ကုစားရန် မျှော်လင့်မှန်းဆမှုရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလဆန်း ၁ ရက်နေ့တွင် စစ်အာဏာသိမ်းလိုက်ချိန်မှစ၍ ထိုအချိန်က ယနေ့အထိ ပြန်ဦးမော့နိုင်ခြင်းမရှိပေ။
လတ်တလော ဘုရားသုံးဆူနှင့် မြဝတီနယ်စပ်ဘက်မှ တင်သွင်းလားသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီတို့က လိုက်လံသိမ်းဆည်းနေသည့်အပြင် စက်သုံးဆီအခက်ခဲကြောင့် ယခုလအတွင်း ကုန်စည်ပစ္စည်းဈေးနှုန်း ထပ်မံမြင့်တက်လာနေသည်။
မွန်ဒေသ၏ စီးပွားရေး အလားအလာများ ပြန်လည်ကောင်းမွန်လာရေးသည် နိုင်ငံရေးအခြေအနေအပေါ်တွင် အဓိက မူတည်နေပြီး၊ နိုင်ငံရေးနှင့် လုံခြုံရေး အခြေအနေများ တည်ငြိမ်ကောင်းမွန်လာမှသာ ကုန်သွယ်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ထုတ်လုပ်မှု လုပ်ငန်းများ ပြန်လည် တိုးတက်လာနိုင်မည် ဖြစ်သည်။




