Homeအယ်ဒီတာ့အာဘော်စစ်ရေးဖိအားကြားက ဆွေးနွေးပွဲ

စစ်ရေးဖိအားကြားက ဆွေးနွေးပွဲ

-

ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့က မွန်ပြည်သစ်ပါတီ NMSP ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်အောင်မငေး၊ နိုင်ဗညားချမ်းနွန်၊ ဗဟိုကော်မတီဝင် နိုင်အမ်စိုက်ချမ်း၊ နိုင်ကွန်းစိုက်နှင့် ရုံးအဖွဲ့မှူး နိုင်ဇော်မင်းဦးတို့အဖွဲ့နှင့် စစ်အစိုးရ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များအဖွဲ့သည် “ငြိမ်းချမ်းရေး” ခေါင်းစဉ်ဖြင့် နေပြည်တော်ရှိ M Gallery ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မွန်ပြည်သစ်ပါတီ NMSP နှင့် စစ်အစိုးရ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC တို့၏ ယခုတစ်ကြိမ် တွေ့ဆုံဆွေးနွေးမှုသည် တိုင်းရင်းသားနိုင်ငံရေးအတွင်းသာမက ဒီမိုကရေစီအင်အားစုများကြားတွင်လည်း မေးခွန်းထုတ်စရာ ဖြစ်ပေါ်စေခဲ့သည်။ အထူးသဖြင့် ယင်းတွေ့ဆုံမှုမတိုင်မီ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသအတွင်းက လေကြောင်းတိုက်ခိုက်မှု အခြေအ နေများ ရှိနေခဲ့ခြင်းက တွေ့ဆုံဆွေးနွေးမှု၏ ရည်ရွယ်ချက်နှင့် အကျိုးရလဒ်အပေါ် ပိုပြီးမေးခွန်းထုတ်စရာ ဖြစ်စေခဲ့သည်။

စစ်ရေးဖိအား ဆက်လက်တည်ရှိနေသည့်အခြေအနေသည် ဆွေးနွေးမှုအတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံယုံကြည်မှုကို အားနည်းစေသည်။ မွန်ပြည်သစ်ပါတီ NMSP အနေဖြင့် စစ်ရေးဖိအားကြားက စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခြင်းသည် ဒေသခံပြည်သူများကို ကာကွယ်ရန်၊ စစ်ရေးတင်းမာမှုကို လျော့ချနှင့် နိုင်ငံရေးလမ်းကြောင်းကို ဖွင့်ထားချင်သည်ဆန္ဒဖြင့် တွေ့ဆုံသည်လည်း ဖြစ်နိုင်သည်။ သို့သော် တွေ့ဆုံဆွေးနွေးမှု တစ်ရပ်ကို ယုံကြည်စိတ်ချနိုင်ရန် အနည်းဆုံး မြင်တွေ့ရမည့်အချက်မှာ စစ်ရေးတင်းမာမှု လျှော့ချခြင်း၊ အရပ်သားများနှင့် သက်ဆိုင်သူများအပေါ် ဖိအားပေးမှုများ ရပ်တန့်ခြင်း၊ အပြန်အလှန် ယုံကြည်မှု တည်ဆောက်မည့် လက်တွေ့ဆောင်ရွက်ချက်များ ပေါ်ပေါက်လာခြင်းတို့ ဖြစ်သည်။ ယင်းအစား စစ်ရေးလုပ်ဆောင်မှုများ ဆက်လက်ဖြစ်ပွားနေပါက ဆွေးနွေးပွဲများသည် ငြိမ်းချမ်းရေးထက် နိုင်ငံရေးအရ တရားဝင်မှုနှင့် ပုံရိပ်ဖန်တီးရေးအတွက် အသုံးချခံရခြင်းသာ ဖြစ်နိုင်သည်။

မွန်ပြည်သစ်ပါတီ NMSP အနေဖြင့် စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုကို လုပ်ပိုင်ခွင့်ရှိသော်လည်း စစ်ရေး ဖိအားများ မရပ်တန့်သေးဘဲ ယုံကြည်မှု တည်ဆောက်နိုင်မည့် လက်တွေ့ခြေလှမ်းများ မရှိသေးသော အခြေအနေတွင် တွေ့ဆုံဆွေးနွေးခြင်းသည် ငြိမ်းချမ်းရေးထက် နိုင်ငံရေးအရ တရားဝင်မှု ဖန်တီးပေးသည့် ပုံရိပ်တစ်ခုအဖြစ် အသုံးချခံရနိုင်သည့် အန္တရာယ်ကို လျစ်လျူမရှုသင့်ပေ။ စစ်မှန်သည့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုသည် စားပွဲဝိုင်းတွင် ထိုင်ဆွေးနွေးရုံနှင့် မလုံလောက်ပေ။

အပြန်အလှန်ယုံကြည်မှုကို ပျက်စီးစေသည့် လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ရေးဖိအားများနှင့် ဖမ်းဆီးမှုများ ရပ်တန့်ခြင်းကသာ ဆွေးနွေးပွဲများကို အဓိပ္ပာယ်ရှိစေမည်ဖြစ်သည်။

ထိုသို့မဟုတ်ပါက တွေ့ဆုံဆွေးနွေးမှု များသည် ငြိမ်းချမ်းရေး မျှော်လင့်ချက်ထက် နိုင်ငံရေးအရအသုံးချခံရသည့် အစီအစဉ်တစ်ခုအဖြစ်သာ မြင်ခံရနိုင်သည်။

လက်ရှိ စစ်အစိုးရ၏ ရက်ပေါင်း ၁၀၀ အတွင် ငြိမ်းချမ်းရေးလုပ်ဆောင်ရန်မှာ လက်တွေ့ မကျသည့်အပြင် စေတနာမမှန်ပေ။ ယနေ့ တိုင်းပြည်အတွင်း ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ပြဿနာသည် နိုင်ငံရေးကြောင့် ဖြစ်သည်။ နိုင်ငံရေးပြဿနာအား အဓိက ဖြေရှင်းရမည့် ကိစ္စရပ်အား စစ်အစိုးရမှာ ပိတ်ပင်ထားခြင်းခြင့် ပြည်သူများ မျှော်လင့်သော ငြိမ်းချမ်းရေး ရရှိနိုင်မည် မဟုတ်ပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts