ရတု
(စာရေးသူ “ရတု” သည် နိုင်ငံရေးလေ့လာသုံးသပ်သူဖြစ်ပြီး မွန်စာပေ၊ ဂီတနှင့် အနုပညာဝါသနာရှင် လူငယ်တစ်ဦးလည်း ဖြစ်သည်။)
နိဒါန်း
ဦးမင်းအောင်လှိုင်မှ သမ္မတရာထူးကို ပြောင်းလဲရယူပြီးနောက်ပိုင်း ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့တွင် လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးရန် ထပ်မံဖိတ်ခေါ်ခဲ့ပြန်သည်။ ဤသည်မှာ အစိုးရသစ်အနေဖြင့် “ငြိမ်းချမ်းရေးဈေးဆိုင်သစ်” တစ်ခုကို ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။ ဤအခြေအနေတွင် လက်ရှိစစ်တပ်ကို တိုက်ခိုက်နေသည့် တော်လှန်ရေးအင်အားစုအများစုက ဤကမ်းလှမ်းချက်အပေါ် အယုံအကြည်မရှိကြောင်း ထုတ်ဖော်ပြောဆိုထားကြသော်လည်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ကမူ ဗျာထူးကာ အစောဆုံးဈေးဦးဖောက်သည့် Customer အဖြစ် နေပြည်တော်သို့ တက်လှမ်းလာခဲ့သည်။
ဤခြေလှမ်း၏ နောက်ကွယ်တွင် မြန်မာစစ်အုပ်စုနှင့် SNA တို့အကြား၌ အပြန်အလှန် အသုံးချမှုနှင့် အကျိုးစီးပွားများ ရှိနေသည်မှာ ထင်ရှားလှသည်။ စစ်တပ်ဘက်မှကြည့်လျှင် ၎င်းတို့ကိုယ်တိုင် တိုက်ရိုက်တိုက်စရာမလိုဘဲ SNA ကို လက်သပ်မွေးကာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် နွေဦးတော်လှန်ရေးအဖွဲ့များအား ကိုယ်စားတိုက်ခိုက်ခိုင်းရန် ရည်ရွယ်ထားပုံရသည်။ တစ်ဖက်တွင်လည်း ရှမ်းနီ (SNA) သည် မိမိတို့၏ အခွင့်အရေးနှင့် နယ်မြေတောင်းဆိုမှုများအတွက် သမိုင်းကြောင်းနှင့် နယ်မြေရေးရာအရ KIA နှင့် ညှိနှိုင်း၍မရဘဲ ရန်သူလိုဖြစ်နေချိန်တွင် မြန်မာစစ်တပ်နှင့် ပေါင်းလိုက်ခြင်းက ၎င်းတို့အတွက် နိုင်ငံရေး၊ စစ်ရေးအရ အကျိုးစီးပွား ပိုမိုများပြားလိမ့်မည်ဟု တွက်ဆထားဟန်တူသည်။
၁။ နေပြည်တော် ရွှေအိမ်စံဟိုတယ်က ဆွေးနွေးပွဲ
၂၀၂၆ ခုနှစ် ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော် ရွှေအိမ်စံဟိုတယ်၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲသို့ စစ်အစိုးရဘက်က NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ရှမ်းနီဘက်က ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁) စဝ်စိုင်းကမ်၊ ဗဟိုကော်မတီဝင် စဝ်ဆေကောင်းဆိုင်၊ တွဲဖက်အတွင်းရေးမှူး စဝ်ဆေဝမ်းဖှ၊ အလှည့်ကျ ဗဟိုကော်မတီဝင် စဝ်စိုင်းလင်းအောင်နှင့် ဗဟိုအကြံပေး စဝ်ဆေအိုက်စိုင်းဟန်တို့ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့က တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

ဤတွေ့ဆုံပွဲတွင် ဈေးဦးဖောက်သူ SNA အဖွဲ့က ၎င်းတို့အဓိကအလိုရှိသည့် ကုန်ပစ္စည်းအဖြစ် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရှမ်းနီ (တိုင်းလျန်၊ တိုင်းလိုင်) တိုင်းရင်းသားများအတွက် “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ” ရရှိရေးကို ပြတ်ပြတ်သားသား အဆိုပြုတောင်းဆိုခဲ့ကြသည်။ ဆွေးနွေးမှုများအတွင်း ရှမ်းနီတိုင်းရင်းသားများ၏ နေထိုင်မှုအခြေအနေ၊ ဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် လိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ SNA ဒုတိယဥက္ကဋ္ဌ (၁) စဝ်စိုင်းကမ်က အစိုးရသစ်ကာလ ရက် ၁၀၀ စီမံကိန်းမှာ ပါဝင်ဆွေးနွေးခွင့်ရသည့်အတွက် ဝမ်းသာပါကြောင်းနှင့် ဒေသတည်ငြိမ်ရေးအတွက် မြန်မာစစ်တပ်နှင့် ပူးပေါင်းကာ ဆက်လက်လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော် ဆိုင်ရှင်ဖြစ်သည့် စစ်အစိုးရဘက်က ဤကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောင်းဆိုချက်အပေါ် ချက်ချင်းပေးရန် သဘောတူခြင်း ရှိ၊ မရှိ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိပေ။ စစ်ကောင်စီ၏ NSPNC ဘက်ကမူ ရှမ်းနီလူမျိုးများ၏ သမိုင်းကြောင်းအရ ပျံ့နှံ့နေထိုင်မှု၊ မှတ်ပုံတင်တွင် အသုံးပြုသည့် လူမျိုးအမည်အသုံးအနှုန်းများနှင့် ဒေသအသိအမှတ်ပြုရေးဆိုင်ရာ ကိစ္စရပ်များကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှတ်တော်သို့ တင်ပြဆောင်ရွက်နိုင်မည့် အခြေအနေများကိုသာ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ဤသည်မှာ နိုင်ငံရေးအရ အချိန်ဆွဲထားသည့် အသွင်အပြင်သာဖြစ်ကြောင်း သုံးသပ်နိုင်သည်။
၂။ ရှမ်းနီပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိရေး
မြန်မာစစ်အုပ်စုဘက်မှ ကြည့်လျှင် SNA အား ချဉ်းကပ်ခြင်းသည် အလွန်အကျိုးရှိသော ဗျူဟာမြောက် စစ်ရေးရွှေ့ကွက်တစ်ခု ဖြစ်လာသည်။ လက်ရှိမြေပြင်တွင် မြန်မာ့တပ်မတော်စစ်ကြောင်းများသည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း နယ်စပ်တစ်ကြောတွင် KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့များ၏ ထိုးစစ်များကို တိုက်ရိုက်ခုခံရန် စစ်ရေးအရ အကြပ်ရိုက်နေရသည်။ ထို့ကြောင့် ၎င်းတို့ကိုယ်တိုင် တိုက်ရိုက်စစ်ပွဲမဆင်နွှဲဘဲ သမိုင်းကြောင်းအရရော နယ်မြေရေးရာအရပါ ကချင်အဖွဲ့အစည်းများနှင့် အငြင်းပွားမှုရှိနေသည့် SNA ကို လက်သပ်မွေးမြူကာ ကိုယ်စားတိုက်ခိုက်ခိုင်းသည့် ဗျူဟာကို အသုံးချသွားပေလိမ့်မည်။
ဤဗျူဟာအရ စစ်ကောင်စီသည် SNA အား ဒေသတွင်း၌ တပ်စွဲလှုပ်ရှားခွင့်၊ စစ်ရေးပြင်ဆင်ခွင့်နှင့် နယ်မြေစိုးမိုးခွင့်အချို့ ပေးထားပြီး ၎င်းတို့၏ ရန်သူဖြစ်သော KIA နှင့် နွေဦးတော်လှန်ရေးအဖွဲ့များကို တန်ပြန်တိုက်ခိုက်စေသည်။ ဇွန်လ ၄ ရက်နေ့ နေပြည်တော်ဆွေးနွေးပွဲတွင် NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က SNA အနေဖြင့် ဒေသတည်ငြိမ်ရေးကိစ္စရပ်များကို တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်နေပြီး ဒေသနေပြည်သူလူထု၏ လုံခြုံရေးကို ဆောင်ရွက်ပေးနေသည်ဟု တရားဝင်အမွှမ်းတင် ပြောကြားခဲ့ခြင်းက ဤပူးပေါင်းမှုကို သက်သေပြနေသည်။
အလားတူပင် ရှမ်းနီ (SNA) ဘက်ကကြည့်လျှင်လည်း မိမိတို့၏ ရှမ်းနီလူမျိုးစုအခွင့်အရေးနှင့်နယ်မြေတောင်းဆိုမှုများအတွက် KIA နှင့် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်း၍မရဘဲ မြေပြင်တွင် ရန်သူလို ထိပ်တိုက်ဖြစ်နေသည့်အခါ၌ မြန်မာစစ်တပ်နှင့် ပေါင်းလိုက်ခြင်းက ၎င်းတို့အတွက် လက်ငင်းစစ်ရေးနှင့် စီးပွားရေးအရ အကျိုးစီးပွား ပိုမိုများပြားလိမ့်မည်ဟု တွက်ဆထားပုံ ရသည်။ ရှမ်းနီလူမျိုးများသည် တချိန်က မိမိတို့၏ သမိုင်းဝင်နယ်မြေများဖြစ်ခဲ့သည့် မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်းခရိုင်၊ ဗန်းမော်ခရိုင်များနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ခန္တီးခရိုင်၊ ဟုမ္မလင်းခရိုင်၊ တမူးခရိုင်၊ ကလေးခရိုင်များကို စုစည်းကာ “ရှမ်းနီပြည်နယ်” သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိရေးကို ရည်မှန်းကြိုးပမ်းနေကြခြင်း ဖြစ်သည်။
၃။ တိုင်းရင်းသား ၁၃၅ မျိုးနှင့် ရှမ်းနီတို့၏ ဖွဲ့စည်းပုံအကျပ်အတည်း
ရှမ်းနီ (SNA) နှင့် နိုင်ငံရေးပါတီများအနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သို့မဟုတ် ပြည်နယ်တစ်ခု ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းနေကြသော်လည်း လက်ရှိမြန်မာနိုင်ငံ၏ တရားဝင် တိုင်းရင်းသား ၁၃၅ မျိုးစာရင်းအောက်တွင် ကြီးမားသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။
တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ စိုင်းဌေးအောင်၏ အဆိုအရ လက်ရှိမြန်မာနိုင်ငံ၏ တရားဝင်တိုင်းရင်းသားလူမျိုးစာရင်းတွင် “ရှမ်းနီ” ဟူသောအမည် ပါဝင်ခြင်းမရှိဘဲ “တိုင်းလိုင်-တိုင်းလျန်” ဟုသာ အသိအမှတ်ပြုထားကြောင်း သိရသည်။ တိုင်းလိုင်-တိုင်းလျန် ဆိုသည်မှာ တိုင်း (ရှမ်း) နှင့် လိုင်/လျန် (အနီရောင်) ကို ဆိုလိုခြင်းဖြစ်ပြီး ဗမာစကားဖြင့် တိုက်ရိုက်ဘာသာပြန်ပါက ရှမ်းနီသာဖြစ်သော်လည်း လက်ရှိတွင် လူမျိုးစုအမည်မှာ တရားဝင်စာရင်းမပေါက်သေးဘဲ ဖြစ်နေသည်။ ထို့ကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောင်းဆိုနိုင်ရန်အတွက် ပထမဦးဆုံး မှတ်ပုံတင်တွင် “ရှမ်းနီ” လူမျိုးအမည် တရားဝင်သတ်မှတ်ရေးကို လွှတ်တော်၌ တင်ပြသွားရန် ပါတီအနေဖြင့် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ ၎င်းတို့အနေဖြင့် သမ္မတဦးသိန်းစိန်လက်ထက်တွင် မုန်းဝန်းမျိုးနွယ်စုများကို မုန်းဝန်း (ဗမာ) ဟူ၍ တရားဝင် စာရွက်စာတမ်းများဖြင့် ပြောင်းလဲသတ်မှတ်ပေးခဲ့သည့် သာဓကကို အခြေခံကာ ၁၉၈၂ ခုနှစ် နိုင်ငံသားအက်ဥပဒေ ပုဒ်မ ၆ နှင့် ပုဒ်မ ၈ အရ အမည်တရားဝင်ရရှိရေး လွှတ်တော်တွင် တင်ပြရန် ကြိုးပမ်းခြင်းလည်း ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ညီလာခံ၏ ချမှတ်ထားသော ၁၀၄ ချက်မူအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောင်းဆိုခွင့်ရရန်အတွက် တစ်မြို့နယ်တည်းတွင် လူဦးရေ ၅၀ ရာခိုင်နှုန်းကျော်ရှိရမည်ဖြစ်ပြီး မြို့နယ် ၂ မြို့နယ် တစ်ဆက်တည်းရှိရမည် ဖြစ်သည်။ လက်ရှိလူဦးရေအချိုးအစားအရ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိဟုမ္မလင်းမြို့နယ်တွင် ရှမ်းလူဦးရေ ၈၀ ရာခိုင်နှုန်းကျော်နှင့် ဗန်းမောက်မြို့နယ်တွင် ၆၈ ရာခိုင်နှုန်းကျော် ရှိနေသဖြင့် ရှမ်းနီလူမျိုးသာ အမည်ပေါက်ခဲ့မည်ဆိုပါက ဤမြို့နယ်နှစ်ခုကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ပထမဦးဆုံး ရရှိနိုင်မည်ဟု စိုင်းဌေးအောင်က တွက်ချက်ထားသည်။ သို့သော်လည်း ရှမ်းနီလူထုအတွင်း၌ပင် အချို့က တိုင်းလျန်၊ တချို့က တိုင်းလိုင်၊ တချို့က ရှမ်းနီ သို့မဟုတ် တိုင်းလိုင်း ဖြစ်ချင်ကြသဖြင့် သဘောထားကွဲလွဲမှုများ ရှိနေဆဲပင် ဖြစ်သည်။
၄။ မြေပြင်က စခန်းသိမ်းပွဲနှင့် ကုန်စည်ဖြတ်တောက်မှု
နေပြည်တော်တွင် ဆွေးနွေးမှုများ ပြုလုပ်နေချိန် မြေပြင်တွင်မူ ပြင်းထန်သော စစ်ရေးလှုပ်ရှားမှုများ တစ်ဆက်တည်း ပေါ်ပေါက်ခဲ့သည်။ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် စစ်ကိုင်းတိုင်းအထက်ပိုင်း ရွှေပြည်အေးမြို့အနီး၌ SNA တပ်မဟာ (၈၉၁)၊ တပ်ရင်း (၂) က KIA နှင့် PDF ပူးပေါင်းတပ်များ အခြေစိုက်ထားသည့် တီလောင်တပ်စခန်း တောင်ဘက်ရှိ စခန်း ၅ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ဤတိုက်ခိုက်မှုသည် မြန်မာစစ်တပ်ဘက်က တိုက်ရိုက်ပါဝင်ခြင်း မရှိသော်လည်း SNA ကို အသုံးချ၍ ၎င်းတို့၏ ရန်သူများကို ရှင်းလင်းခိုင်းသည့် ဗျူဟာမြောက် ရလဒ်တစ်ခု ဖြစ်ခဲ့သည်။ SNA ဘက်ကမူ ၎င်းတို့၏ နယ်မြေအတွင်း ဝင်ရောက်နေရာယူထားမှုကို တန်ပြန်တိုက်စစ်ဆင်ခြင်းဖြစ်ကြောင်း ဆိုသော်လည်း ဤစစ်ရေးလှုပ်ရှားမှုများ၏ နောက်ဆက်တွဲဆိုးကျိုးကို ဒေသခံပြည်သူများကသာ အလူးအလဲ ခံစားနေရခြင်း ဖြစ်သည်။
အထူးသဖြင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် တိုက်ပွဲများ ပြင်းထန်လာမှုကြောင့် ကုန်စည်စီးဆင်းမှု လမ်းကြောင်းများ ပြတ်တောက်သွားခဲ့ရသည်။ မုံရွာမှ ဆန်တက်လာသည့် ကုန်တင်ရေယာဉ်များကို ပိတ်ဆို့မှုများ ရှိနေသလို မန္တလေး-မုံရွာ-ဟုမ္မလင်း ယာကြီးလမ်းနှင့် မဟာမြိုင်လမ်းတို့တွင်လည်း စစ်ရေးစိုးမိုးမှုများကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်း-ခန္တီး-နာဂဒေသတွင် ကုန်စည်စီးဆင်းမှု လုံးဝပြတ်တောက်နေသည်။ ကုန်စည်ပြတ်လပ်မှုနှင့်အတူ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုစီးပွားဘဝများ နိမ့်ကျခက်ခဲခြင်းဒဏ်ကို ဒေသခံ ရှမ်းနီပြည်သူများနှင့် အခြားတိုင်းရင်းသားများက မြေစာပင်အဖြစ် ခါးစည်းခံနေရသည်ကို တွေ့ရသည်။
၅။ ရှမ်းနီလူမျိုးစုတွင်းက သွေးကွဲကြောင်း
SNA နှင့် မြန်မာစစ်အုပ်စုတို့၏ ပူးပေါင်းမှုသည် ရှမ်းနီလူထုတစ်ရပ်လုံး၏ သဘောထားကို ကိုယ်စားပြုခြင်း ရှိ၊ မရှိ ဆိုသည့်အချက်မှာလည်း အငြင်းပွားဖွယ်ရာ ဖြစ်လာသည်။ လက်ရှိ နွေဦးတော်လှန်ရေးကာလအတွင်း ရှမ်းနီလူငယ်များစွာသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရန်အတွက် ရှမ်းနီ PDF များနှင့် ရှမ်းနီတော်လှန်ရေးတပ် (SSIA) ကဲ့သို့သော အဖွဲ့အစည်းသစ်များကို ထူထောင်ကာ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းခဲ့ကြသည်။ ထို့ကြောင့် ရှမ်းနီလူမျိုးစု နေထိုင်ရာဒေသများတွင် SNA ဟာ ရှမ်းနီလူထုကို ကိုယ်စားမပြုဘူးဆိုသည့် ပြောဆိုမှုများလည်း ထွက်ပေါ်သည်။
ဤအခြေအနေကြောင့် ရှမ်းနီလူမျိုးစုအတွင်း၌ပင် မြန်မာစစ်တပ်နှင့် ပူးပေါင်းသည့် SNA နှင့် စစ်အာဏာရှင်ကို တော်လှန်သည့် ရှမ်းနီတပ်ဖွဲ့များအကြား သွေးကွဲကြောင်းများ ပိုမိုနက်ရှိုင်းလာခဲ့သည်။ ၂၀၂၆ ခုနှစ် ဧပြီလအတွင်းက ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အုန်းစံဆိုင်ရွာရှိ စစ်ကောင်စီလက်အောက်ခံ SNA တပ်စခန်းနှစ်ခုကို KIA နှင့် ရှမ်းနီ SSIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဖြစ်ရပ်က ဤအခြေအနေကို သက်သေပြနေသည်။ ၎င်းသည် စစ်ကောင်စီ၏ သွေးခွဲအုပ်ချုပ်မှုဗျူဟာကြောင့် ရှမ်းနီအချင်းချင်းကြားတွင်ပင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားကာ သွေးချောင်းစီးနေရသည့် ဝမ်းနည်းဖွယ် မြင်ကွင်းတစ်ခု ဖြစ်နေတော့သည်။
နိဂုံး
နိဂုံးချုပ်အားဖြင့် ဆိုရသော် မြန်မာစစ်အုပ်စု၏ “ငြိမ်းချမ်းရေးဈေးဆိုင်သစ်” တွင် ရှမ်းနီ (SNA) က ပထမဆုံး ဈေးဦးဖောက်သူအဖြစ် ဝင်ရောက်လာခြင်းသည် နှစ်ဦးနှစ်ဖက် အပြန်အလှန် အသုံးချမှုပေါ်တွင်သာ အခြေခံထားသည်။ မြန်မာစစ်တပ်သည် မိမိ၏ ရန်သူများကို နှိမ်နင်းရန် SNA ကို “လက်သပ်မွေး” ထားသလို SNA ကလည်း ကချင်အဖွဲ့များနှင့် ညှိနှိုင်းမရသည့် အကျပ်အတည်းကို စစ်တပ်နှင့် ပေါင်း၍ ဖြေရှင်းရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ ဤကဲ့သို့သော အကြံအစည်များသည် စစ်မှန်သော နိုင်ငံရေးအခွင့်အရေးနှင့် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်မည် မဟုတ်ဘဲ ရှမ်းနီဒေသကို စစ်တလင်းအဖြစ် ပိုမိုတွန်းပို့ကာ လူမျိုးစုတွင်း စည်းလုံးညီညွတ်မှုကိုပါ ပျက်စီးစေနိုင်သည်။
ထို့နောက် မင်းအောင်လှိုင် အစိုးရသစ်၏ ဤငြိမ်းချမ်းရေးဈေးကွက်အတွင်းသို့ရှမ်းနီ (SNA) ကဲ့သို့ပင် မိမိတို့ အဖွဲ့အစည်းဆိုင်ရာ အကျိုးစီးပွားနှင့် နိုင်ငံရေးအရ အသက်ရှူပေါက်ရလိုမှုများကြောင့် ဝင်ရောက်ဆွေးနွေးလိုသည့် အခြားသောအဖွဲ့များလည်း ရှိနေဦးမည်မှာ သေချာလှသည်။ သို့ဖြစ်ရာ နေပြည်တော်က ဖွင့်လှစ်လိုက်သည့် ဤငြိမ်းချမ်းရေးဈေးဆိုင်သစ်တွင် ရှမ်းနီအဖွဲ့ပြီးနောက် ဒုတိယမြောက် ဈေးညှိမည့် Customer က မည်သူဖြစ်လာမလဲ ဆိုသည်ကို ဆက်လက်စောင့်ကြည့်ရဦးမည် ဖြစ်သည်။
ကိုးကားချက်များ
- Federal FM (၂၀၂၆၊ ဇွန် ၅) “ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပေးဖို့ အာဏာသိမ်းအစုထံ ရှမ်းနီတပ် SNA သွားတောင်း”
- Shan Ni Land News (၂၀၂၆၊ ဇွန် ၄) “ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိရေး NSPNC နှင့် ရှမ်းနီကိုယ်စားလှယ်အဖွဲ့ ဆွေးနွေး”
- CNI News (၂၀၂၆၊ ဇူလိုင် ၅) “ရွှေပြည်အေးမြို့အနီးက KIA-PDF စခန်း ၅ ခုကို SNA သိမ်းပိုက်”
- CNI News (၂၀၂၆၊ မေလ ၂၈) “အုပ်ချုပ်ခွင့်ရဒေသအတွက် ရှမ်းနီလူမျိုး တရားဝင်ရေး လွှတ်တော်တင်မည်” (တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ စိုင်းဌေးအောင်နှင့် တွေ့ဆုံမေးမြန်းခန်း)
- People’s Spring (၂၀၂၆၊ ဧပြီ ၂၇) “မိုးညှင်းရှိ စစ်တပ်လက်အောက်ခံ SNA စခန်း ၂ ခုကို KIA နဲ့ ရှမ်းနီ SSIA ပူးပေါင်းတပ် သိမ်းပိုက်”
- Homeland News Agency (၂၀၂၆၊ ဇွန် ၄) “နေပြည်တော်မှာ NSPNC နဲ့ ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့တို့ တွေ့ဆုံ”



