တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည့်အပြင် မောတောင်ဒေသ စခန်းသိမ်း တိုက်ပွဲများကြောင့် တနင်္သာရီဒေသအတွင်း လတ်တလောတွင် စစ်ဘေးရှောင် ၈၃၇၀၀နှင့်အထက် ရှိလာနေသည်ဟု သိရသည်။
၅ နှစ်တာကာလအတွင်း စစ်ရှောင်ဦးရေ ပုံမှန်ထက်များပြားလာသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပြည်သူလူထု၏ ပံ့ပိုးမှုနှင့်အတူ နိုင်ငံတကာအကူအညီများပါလျော့နည်းလာသောကြောင့် လွှမ်းခြုံကူညီနိုင်ရန်ခက်ခဲလာပြီး စစ်ရှောင်အရေအတွက်၏ သုံးပုံနှစ်ပုံတွင် အကူအညီမဲ့နေသည့် အနေအထား ဖြစ်နေသည်။
စစ်ရှောင်ကူညီရေးအဖွဲ့များ တစ်စုတစ်စည်းတည်း အသံထွက်နိုင်ရန်အတွက် CSOs များအပြင်၊ ဒေသတွင်းရှိ လက်နက်ကိုင်အစုအဖွဲ့များနှင့်၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြေပြင်ပြဿနာများကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းနေသည့် အခြေအနေနှင့်ပတ်သတ်၍ ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေး အဖွဲ့တာဝန်ခံ ကိုဇော်နိုင်ကို IMNA မှဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ လတ်တလော တနင်္သာရီမှာ စစ်ကြောင်းထိုးမှုနဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေ မြေပြင်မှာ ဘယ်လိုအခက်အခဲများ ကြုံတွေ့နေရပါသလဲ။
ဖြေ။ ။ ဒီတစ်လနှစ်လအတွင်းမှာ တိုက်ပွဲတွေ တောက်လျှောက်ဖြစ်တယ်။ ထားဝယ်ခရိုင်အတွင်းမှာရော ကျန်တဲ့ဒေသမြို့နယ်တွေမှာ တိုက်ပွဲဖြစ်တယ် စစ်ရှောင်အရေအတွက် ကျတော့တိတိကျကျ ပြောဖို့ ခက်ပါတယ်။ ထားဝယ်ခရိုင်မှာဆို လက်ရှိတိုက်ပွဲက နှစ်နေရာပေါ့နော် လောင်းလုံးမြို့နယ်၊ သရက်ချောင်း မြို့နယ်မှာ ဖြစ်နေတာရှိတယ်။ စစ်ကြောင်းထိုးတဲ့ဟာတွေရှိတယ်။ အဲ့ကနေတစ်ဆင့် စစ်ဘေးရှောင် တွေရှိတယ် အောက်ဘက်မှာဆိုရင် မောတောင်တို့ တနင်္သာရီဘက်မှာဆိုရင် စစ်ရှောင် နေရာများတယ်။ နောက်တစ်ခုက မိုးရာသီဖြစ်နေတော့ ယခင်ကထက် အခက်အခဲ ပိုပြီးတော့ များမယ် မိုးကာအခက်အခဲတွေ၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး အများကြီးရင်ဆိုင်ရတာတွေရှိမယ် တနင်္သာရီကလည်း သာမန်ထက်ပိုပြီးတော့ မိုးများတဲ့ အနေအထားမှာရှိတယ် မိုးရာသီမှာဆို တောတောင်တွေမှာ အလွယ်တကူရှောင်ဖို့ ခက်ခဲတယ်။ အဆင်ပြေတဲ့ ရပ်ရွာတွေမှာ သွားရှောင်ကြတယ် ဘုန်းကြီးကျောင်းလိုမျိုး၊ စာသင်ကျောင်း လိုမျိုးနေရာတွေမှာ သွားရှောင်ကြရတယ်။
မေး။ ။ စစ်ဘေးရှောင်ကူညီမှု အပိုင်းမှာ ဘာကြောင့် အားနည်းချက်တွေများလာပြီး အကူအညီပေးဖို့ ခက်ခဲမှုတာတွေ ဖြစ်နေလဲ။
ဖြေ။ ။ ၅ နှစ်တာကာလအတွင်းမှာဆို ပုံမှန်ထက် စစ်ရှောင်တွေများလာတယ်၊ ပုံမှန်ထက်လည်း လိုလာတယ်ပေါ့။ ကနဦးအစပိုင်းလောက်ဆို စစ်ရှောင်အရေအတွက်လည်း နည်းသေးတယ်၊ တိုက်ပွဲလည်း နည်းတယ် ရှိတဲ့အင်အားနဲ ရှိတဲ့အစုအဖွဲ့တွေရဲ့ ဘက်ဂျက်အနေအထားနဲ့ ကူညီလို့ အဆင်ပြေသေးတယ်။ လေးငါးနှစ်ကြာလာတယ် စစ်ရှောင်များလာတဲ့ အခင်းအကျင်းဖြစ်လာတော့ အကုန်လုံးကိုလွှမ်းခြုံကူညီနိုင်ဖို့ တော်တော်လေး ခက်ခဲလာပါတယ်။ လမ်းလှမ်းမမှီတဲ့နေရာတွေရှိတယ် စစ်ရှောင် ၅၀၀ လောက်ရှိတဲ့အနေအထားမှာ ကျနော်တို့ ၂၀၀ လောက်ပဲ ကူကောင်းကူနိုင်တယ် ကျန်တဲ့ ၃၀၀ ကိုမကူနိုင်တဲ့ အနေအထားဖြစ်လာတယ်။ အစုအဖွဲ့တွေချိတ်ဆက် စုပေါင်းပြီးတော့ အတူတူဖြေရှင်းရတယ် အချိန်ကြာလာတဲ့အမျှ ပံ့ပိုးမှုတွေနည်းလာတယ်။ လူထုရဲ့ပါဝင်မှုလည်း နည်းလာတယ် သူတို့ရဲ့ စားဝတ်နေရေး ဖြေရှင်းနေရတာက တစ်ကြောင်း၊ အခြားပညာရေး၊ ကျန်းမာရေးအပိုင်း ကူညီနေရတာက တစ်ကြောင်း တော်လှန်ရေး အချိန်ကြာလာတာနဲ့အမျှ ကူညီဖို့အတွက်ကို အားနည်းလာတာတစ်ကြောင်းပေါ့ စစ်ဘေးရှောင်ဘက်ကို ကူညီဖို့အားနည်းလာတာ ပေါ့နော် နောက်တစ်ခုကလည်း နိုင်ငံတကာအကူညီရရှိဖို့ ကလည်းနည်းလာတယ်။ အကူအညီ လှမ်းတောင်းပေမဲ့ အချိန်မှီမရတဲ့ဟာတွေရှိတယ်။ စစ်ရှောင်တွေ နေရပ်ပြန်ဖြစ်တော့မှ ရောက်လာတာမျိုး ရှိတယ်။
မေး။ ။ ဒီလို မြေပြင်စိန်ခေါ်မှုနှင့် အခက်အခဲတွေကို စစ်ဘေးရှောင်အရေး ကူညီသူတွေ ဘယ်လို ဖြေရှင်းကျော်ဖြတ်နေကြရပါသလဲ။
ဖြေ။ ။ ကျနော်တို့ တနင်္သာရီမှာ စဖြစ်ကတည်းက နိုင်ငံတကာအကူအညီရမှုကနည်းတယ်၊ အကြောင်းပြချက်က အမျိုးမျိုးရှိတယ်ပေါ့နော်။ ဒါက တနင်္သာရီဒေသတစ်ခုတည်း ကြုံရတဲ့အခက်အခဲမဟုတ်ဘူး တစ်နိုင်ငံလုံးကြုံရတဲ့ အခက်အခဲလို့ပဲ သိထားပါတယ်။ ကျနော်တို့ ဒေသအတွင်းမှာရှိတဲ့ စစ်ဘေးရှောင်အဖွဲ့ဟာဆိုရင် တစ်စုတစ်စည်းတည်း အသံထွက်နိုင်ဖို့ CSOs Nexus Consortium အဖွဲ့အစည်းတွေကနေတစ်ဆင့် စစ်ရှောင်တွေကို ကူညီနိုင်ဖို့ ကြိုးစားနေပါတယ်၊ တစ်ဖက်မှာလည်းပဲ ဒေသတွင်း လက်နက်ကိုင်အစုအဖွဲ့တွေ၊ အုပ်ချုပ်ရေး အစုအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ အချို့ပြဿနာတွေ ဖြေရှင်းရတဲ့ဟာတွေလည်းရှိတယ်။
မေး။ ။ ဘယ်လိုဒေသမှာ အကူအညီပေးဖို့ ပိုခက်ခဲတာတွေ ဖြစ်နေလဲ။
ဖြေ။ ။ ထားဝယ်အနေနဲ့ ဒီလိုမိုးရာသီတွေဆိုရင် ဝင်းဝစခန်းသိမ်းတိုက်ပွဲဖြစ်ရင် နည်းနည်းအလှမ်းဝေးတဲ့ ရပ်ရွာမှာရှောင်ကြတာပိုများပါတယ်၊ နွေရာသီလိုမျိုး
နီးစပ်ရာတောတောင်မှာ ရှောင်ကြတာများတယ် အခုလိုမျိုးကာလဆိုရင် သွားကူရခက်တော့ နီးစပ်ရာပဲရှောင်ရတယ်။ နောက်တစ်ခုက တိုက်ပွဲဖြစ်နေတဲ့ ကာလဆိုရင် သွားရှောင်တဲ့နေရာတွေကို အချို့ အခြေအနေတွေမှာ လမ်းကြောင်းပိတ်မိနေတဲ့ဟာတွေရှိတယ် စစ်တပ်စစ်ကြောင်းရှိတဲ့နေရာဆိုရင် အလွယ်တကူသွားလာလို့မရဘူး စစ်ရေး မငြိမ်မသက်ဖြစ်နေတဲ့ နေရာဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း အလွယ်တကူ မပေးဝင်တဲ့ဟာတွေပေါ့ မိုးရာသီကတော့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကတော့ မြစ်ရေလျှံနေတဲ့နေရာတွေမှာ လမ်းပျက်စီးလို့ အလွယ်တကူ သွားလာလို့မရတဲ့ အခြေအနေအများတွေ၊ အင်တာနက်အခက်အခဲကြောင့်မလို့ စစ်ရှောင်နေရာကို ဘာတွေလိုအပ် ဘာတွေခက်ခဲနေသလဲ လှမ်းမေးတဲ့အခါ အခက်အခဲအများကြီး ကြုံရပါတယ်။
မေး။ ။စစ်ဘေးရှောင်တွေရဲ့ လိုအပ်ချက်နဲ့ ရေရှည်ရပ်တည်နိုင်ဖို့ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေအပေါ် ဘာများပြောကြားလိုပါသလဲ။
ဖြေ။ ။အရေးပေါ်ရှောင်ရပြီးဆိုရင် ပုံမှန်လိုအပ်ချက်အရေးပေါ်စားနပ်ရိက္ခာဆေးဝါးပေါ့ ၊ ဆေးဝါးလို့ ပြောတဲ့နေရာမှာ ရာသီအလိုက်၊ ဖြစ်တတ်တဲ့ရောဂါတွေရှိတယ် ဒေသတစ်ခုလုံးအနေနဲ့ အခက်အခဲဖြစ်တဲ့ အရာဆိုရင် ဌက်ဖျားပေါ့နော်။ အချို့နေရာတွေမှာ ဌက်ဖျားမဖြစ်ဖူးတဲ့ရွာတွေမှာတောင်မှ စစ်ဘေးရှောင်တွေမှ လာရှောင်တဲ့ သူတွေကနေတစ်ဆင့် ကူးစက်တဲ့ဟာတွေ လူတွေသွားလာမှုကနေတစ်ဆင့် တစ်ယောက်နဲ့ တစ်ယောက် ကူးစက်တဲ့ဟာတွေ များလာတယ် အဲ့ဒီဟာကို ဖြေရှင်းဖို့ဆိုရင် ဆေးဝါးအလုံအလောက်မရှိတဲ့ ပြဿနာ အကူအညီတွေ အများကြီးလိုတယ်ပေါ့လေ ပုံမှန်ထောက်ပံ့နိုင်ဖို့လည်း အများကြီးခက်ခဲပါတယ်။ စစ်ရှောင်တွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုအနေနဲ့ လုပ်ပေးနိုင်တဲ့ဟာသည် ရှောင်လေ့ရှိတဲ့ ရွာတွေမှာ အဲ့ရပ်ရွာနဲ့ တိုင်ပင်ပြီးတော့ ရိက္ခာတွေကြိုတင်စုဆောင်းတဲ့အပိုင်းမှာ လုပ်နိုင်တယ် ဒါမဲ့တစ်ဖက်မှာလည်း အရေးပေါ် ကူညီရမဲ့ဟာတွေ များတယ်။ ကြားရှည်စုဆောင်းထားတဲ့ ရနည်းပါးတယ် ကျနော်တို့လည်း လုပ်ရကိုင်ရတာတွေခက်ခဲတယ်။



