မွန်ပြည်နယ်အတွင်း တစတစကျယ်ပြန့်လာသည့် အတွဲလိုက် ဆောင်းဘောက်စ်များကို ထိရောက်စွာ အရေးယူပေးရန် ဘီးလင်းမြို့နယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီက ဇွန်လ ၉ ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းသည်။
ကျင်းပလျက်ရှိသည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ပထမနေ့ (ဇွန်လ ၉ ရက်) တွင် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီက ယင်းအဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီက ကျန်းမာရေးကို ထိခိုက်နိုင်ပြီး စိတ်ကို အနှောင့်အယှက်ဖြစ်စေသည့် သာရေး နာရေး၊ ဘာသာရေးပွဲတော်များတွင် အတွဲလိုက် ဆောင်းဘောက်စ်များ ဖွင့်လှစ်ပြီး ဆူညံသံများဖြင့် နှောင့်ယှက်နေသည်ဟု ဆိုသည်။

အဆိုတွင် မွန်ပြည်နယ်အတွင်း တစတစကျယ်ပြန့်လာသည့် အတွဲလိုက်ဆောင်းဘောက်စ်များ မဆင်မခြင်ဖွင့်ခြင်း၊ မြန်မာ့ယဉ်ကျေးမှုနှင့် မလျော်ညီသည့် တီးလုံးများ ဖွင့်ခြင်း ကခုန်တွန့်လိမ်ခြင်း စသည့် သရုပ်ပျက်အပြုအမူများ ယှဉ်တွဲပါသည့် အတွဲလိုက် ဆောင်းဘောက်စ်များဖွင့်ပြီး ဆူညံသံများဖြင့် နှောင့်ယှက်ပြုမှုနေသည်ကို ထိရောက်စွာ အရေးယူ တားဆီးပိတ်ပင်ပေးရန် ပါရှိသည်။
“ပွဲတွေ ဘာတွေရှိရင် ဘယ်မှာနေလို့ နေရမှန်းတောင် မသိဘူး။ ဆောင်းဘောက်စ်အသံ မခံနိုင်ဘူးလေ။ တနေကုန်ဖွင့်၊ ရွာလှည့်ပြီး ဖွင့်တာ။ တားတဲ့လူလည်း မရှိ၊ ပြောတဲ့လူလည်း မရှိ၊ ဆောင်းဘောက်စ်အသံက အိမ်တွေပါ တုန်တယ်။” ဟု မွန်ဒေသခံတစ်ဦးက ပြောသည်။
အတွဲလိုက် ဆောင်းဘောက်စ် ဆူညံသံကြောင့် နားရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အစာအိမ် ရောဂါ၊ အူဆိုင်ရာ ရောဂါများ ဖြစ်ပွားမှု များလာကြောင်း သုတေသန အချက်အလက်များကို ကိုးကားပြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီက ဆိုသည်။
အတွဲလိုက် ဆောင်းဘောက်စ်များဖွင့်ပြီး ဆူညံသံများဖြင့် နှောင့်ယှက်မှုပြုနေသည်ကို ထိရောက်စွာ အရေးယူ တားဆီး ပိတ်ပင်ပေးရန်အဆို ဆွေးနွေးရန် ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇော်က ထောက်ခံဆွေးနွေးခဲ့သည့်အတွက် အဆိုကို ဆွေးနွေးသွားမည်ဖြစ်သည်။
တတိယအကြိမ် မွန်ပြည်နယ် ဒုတိယ ပုံမှန်အစည်းအဝေးကို ဇွန်လ ၉ ရက်နေ့က စတင်ကျင်းပခဲ့ပြီး အစည်းအဝေးတွင် အဆို ၄ ခု၊ မေးခွန်း ၂၉ ခု တင်သွင်း မေးမြန်းဆွေးနွေးသွားရန် ရှိသည်ဟု သိရသည်။



