မာံသဟာဲ (မင်းစဟိုင်း) ရေးသားသည်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ၂၀၂၆ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် ငြိမ်းချမ်းရေးဆိုင်ရာ သုတေသနစာတမ်းတစ်စောင် ထွက်ရှိထားသည်။ အာဏာသိမ်းချိန်မှ ၂၀၂၆ ခုနှစ် မတ်လအထိ ငါးနှစ်ကျော်ကာလအတွင်း မြေပြင်ပဋိပက္ခဖြစ်စဉ်များနှင့် ဗျူဟာမြောက်သော ရွှေ့ကွက်များကို အခြေခံ၍ ရေးသားထားသော ဤစာတမ်းသည် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် မည်သို့လမ်းပျောက်နေသည်ကို နိုင်ငံရေးသိပ္ပံနှင့် ပဋိပက္ခလေ့လာရေး သီအိုရီများဖြင့် ပေါင်းစပ်ဆန်းစစ်ထားသည်ကို တွေ့ရသည်။
ယင်းစာတမ်းတွင် ဖော်ပြချက်အရ စစ်ကောင်စီ (SAC) နှင့် နောက်ပိုင်းတွင် အသွင်ပြောင်းဖွဲ့စည်းခဲ့သည့် နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကော်မရှင် (SSPC) တို့သည် ၂၀၁၅ ခုနှစ်က တည်ဆောက်ခဲ့သည့် အားလုံးပါဝင်သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) မူဘောင်ကို လက်တွေ့တွင် လုံးဝစွန့်လွှတ်လိုက်ပြီ ဖြစ်ပါသည်။ ၎င်း၏အစား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) အချို့နှင့်သာ သီးခြားစီ နှစ်ဦးသဘောတူအပစ်ရပ်စဲသည့် ဗျူဟာကို ပြောင်းလဲကျင့်သုံးလာပါသည်။
ဤနေရာတွင် စစ်ကောင်စီကျင့်သုံးနေသည့် “Bilateral Ceasefires” ဟူသည်မှာ တရားဝင်စာချုပ်စာတမ်း သတ်သတ်မှတ်မှတ်မရှိဘဲ ခေါင်းဆောင်အချင်းချင်း သီးသန့်အပေးအယူလုပ်ကာ ကတိပြုကြသည့် “Gentleman’s Agreement” ပုံစံမျိုးဟု နားလည်ရပါသည်။ အများပြည်သူ သိရှိနိုင်ခြင်းမရှိဘဲ တံခါးပိတ်အမှောင်ချထားသည့် ဤသို့သော ခေါင်းဆောင်ချင်း အပေးအယူလုပ်မှုများသည် စစ်မှန်သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှု သို့မဟုတ် ဖက်ဒရယ်ဒီမိုကရေစီဆီသို့ ဦးတည်ခြင်း လုံးဝမဟုတ်ပါ။ စစ်ကောင်စီအနေဖြင့် ၎င်းတို့အာဏာခိုင်မြဲစေရန်၊ စစ်မျက်နှာများကို ခွဲထုတ်ထိန်းချုပ်ရန်နှင့် အတိုက်အခံအင်အားစုများကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ပြုလုပ်ခြင်းသာ ဖြစ်ပါသည်။
ဤသုံးသပ်ချက်တွင် ISP-Myanmar ၏ စာတမ်းပါအချက်အလက်များ၏ အဓိကကျသော အချက်အလက်များနှင့် သီအိုရီအသုံးချမှုများကို အပိုင်းလိုက် ခွဲခြား၍ ဆန်းစစ်တင်ပြသွားပါမည်။
၁။ သွေးခွဲအုပ်ချုပ်ရေးနှင့် တော်လှန်ရေးအရှိန်ကို ဖြတ်တောက်ခြင်း
စာတမ်း၏ အခန်း (၂) တွင် စစ်ကောင်စီ၏ လက်ရှိအပစ်ရပ်ရေးမူဝါဒသည် ဒေါ်နယ်အယ်လ်ဟိုရိုဝစ်ဇ် (Donald L. Horowitz) ၏ “သွေးခွဲအုပ်ချုပ်ရေး” (Divide-and-Rule) သီအိုရီနှင့် တိကျစွာ ကိုက်ညီနေကြောင်း ဆန်းစစ်ထားပါသည်။ ဆန့်ကျင်ဘက် အတိုက်အခံအဖွဲ့အစည်းများအကြား စုစည်းညီညွတ်မှု မရှိစေရန်နှင့် စုပေါင်းအင်အားဖြင့် တောင်းဆိုခြင်းကို ဖျက်ဆီးရန်အတွက် တစ်ဖွဲ့ချင်းစီကို သီးခြားခွဲထုတ်၍ အပေးအယူလုပ်သည့် ဗျူဟာဖြစ်ပါသည်။
စစ်ကောင်စီသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အပါအဝင် နွေဦးတော်လှန်ရေးနှင့် ဆက်စပ်နေသည့် နိုင်ငံရေး၊ လူထုအခြေပြုအဖွဲ့အစည်းများအားလုံးကို ဆွေးနွေးပွဲများမှ ရည်ရွယ်ချက်ရှိရှိ လုံးဝချန်လှပ်ထားပါသည်။ ထိုသို့ ချန်လှပ်ထားခြင်းဖြင့် ဆန့်ကျင်ဘက် အင်အားစုများအကြား စုစည်းညီညွတ်သော ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်အဖွဲ့ကြီး ပေါ်ပေါက်မလာစေရန် တားဆီးခြင်း ဖြစ်ပါသည်။ Darby နှင့် Mac Ginty တို့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သီအိုရီအရ ဆွေးနွေးပွဲတစ်ခုတွင် အဓိကပါဝင်ပတ်သက်သူများကို ချန်လှပ်ထားခြင်းသည် အဆိုပါ ငြိမ်းချမ်းရေးဖြစ်စဉ်၏ တရားဝင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှုကို ပြင်းထန်စွာ ပျက်စီးစေပါသည်။
မြေပြင်အချက်အလက်များအရ စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အစောပိုင်းကာလအတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) နှင့် ဒီကေဘီအေ (DKBA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အနည်းဆုံး ၈ ဖွဲ့နှင့် တရားဝင်မဟုတ်သော ကတိကဝတ်များဖြင့် သီးခြားစီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ်ကို “ငြိမ်းချမ်းရေးနှစ်” အဖြစ် ကြေညာခဲ့ပြီး ၂၀၂၂ ခုနှစ်မှ စတင်ကာ NCA လက်မှတ်ရေးထိုးထားသည့် ၇ ဖွဲ့၊ လက်မှတ်မထိုးရသေးသည့် ၆ ဖွဲ့တို့နှင့် ငြိမ်းချမ်းရေးအတွက် အကြိမ်ပေါင်း ၁၁၄ ကြိမ် တွေ့ဆုံခဲ့သည်ဟု ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုခဲ့ပါသည်။
သို့သော် ဤတွေ့ဆုံမှုများသည် နေပြည်တော် သို့မဟုတ် ဒေသတွင်းမြို့များတွင် တစ်ဖွဲ့ချင်းစီ သီးခြားတွေ့ဆုံခြင်းသာ ဖြစ်ပြီး အဖွဲ့များအကြား ပူးပေါင်းညှိနှိုင်းမှု မရှိစေရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ ဤလုပ်ရပ်ကြောင့် ကရင်တော်လှန်ရေးလှုပ်ရှားမှုအတွင်းတွင်ပင် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ကဲ့သို့သော အဖွဲ့အချို့သည် စစ်ကောင်စီနှင့် သီးခြားထိတွေ့မှုများ ရှိလာခဲ့ပြီး နွေဦးတော်လှန်ရေးတွင် ပူးပေါင်းပါဝင်နေသည့် KNU ဗဟိုနှင့် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ကာ နယ်မြေစိုးမိုးမှုဆိုင်ရာ ပွတ်တိုက်မှုများကို ဖြစ်စေခဲ့ပါသည်။ အလားတူပင် မွန်ပြည်နယ်အတွင်း၌လည်း မွန်ပြည်သစ်ပါတီ (NMSP) ၏ စစ်ကောင်စီနှင့် တွေ့ဆုံမှုများအပေါ် ဒေသခံလူထုနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ပြင်းထန်သော ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။
ထို့အပြင် စစ်ကောင်စီသည် အပစ်ရပ်စဲရေးကို အသုံးချကာ စစ်မျက်နှာတစ်ခုကို ခေတ္တပိတ်၍ ကျန်ရှိသည့် တော်လှန်ရေးအင်အားစုများကို အင်အားအလုံးအရင်းဖြင့် ဖိနှိပ်သည်။ ဥပမာအားဖြင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ရက္ခိုင့်တပ်တော် (AA) နှင့် လူသားချင်းစာနာမှုဆိုင်ရာ အပစ်ရပ်စဲရေး ပြုလုပ်ပြီးနောက် စစ်ကောင်စီသည် ၎င်း၏ စစ်အင်အားများကို စစ်ကိုင်းတိုင်းဒေသကြီးကဲ့သို့သော နွေဦးတော်လှန်ရေး အားကောင်းသည့် နေရာများသို့ ပြောင်းရွှေ့အသုံးပြုခဲ့ပြီး ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ဆင်ရေးများကို လုပ်ဆောင်ခဲ့ပါသည်။
ယခင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ စုပေါင်းပူးပေါင်းညှိနှိုင်းခဲ့ကြသည့် NCCT သို့မဟုတ် PPST ကဲ့သို့သော စုပေါင်းစကားပြောသည့် ပလက်ဖောင်းများကို စစ်ကောင်စီက လုံးဝကျော်လွန်ကာ တစ်ဦးချင်းစီနှင့်သာ ဆက်ဆံခြင်းဖြင့် အတိုက်အခံတို့၏ စုပေါင်းစွမ်းအား (Collective Agency) ကို ရိုက်ချိုးဖျက်ဆီးပစ်ခဲ့ပါသည်။
၂။ ပထဝီနိုင်ငံရေးဖိအားပေးမှုနှင့် လားရှိုးမော်ဒယ်
မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်မီးသည် အိမ်နီးချင်းနိုင်ငံကြီးများ၏ ပထဝီနိုင်ငံရေး အကျိုးစီးပွားများနှင့် နက်နက်ရှိုင်းရှိုင်း ရောယှက်နေပါသည်။ စာတမ်းပါ သုံးသပ်ချက်အရ အထူးသဖြင့် တရုတ်နိုင်ငံသည် နယ်စပ်ဒေသတည်ငြိမ်ရေး၊ ဒုက္ခသည်လှိုင်းများကို တားဆီးရေးနှင့် ၎င်း၏ ဗျူဟာမြောက် စီးပွားရေးစင်္ကြံများကို ကာကွယ်ရေးတို့အတွက် အပစ်ရပ်စဲရေး ဖြစ်စဉ်များအပေါ် အတင်းအကျပ် လွှမ်းမိုးခြယ်လှယ်လာခဲ့ပါသည်။
ဤဖြစ်စဉ်ကို အလက်ဇန္ဒား ဂျော့ခ်ျ (Alexander George) ၏ “အကျပ်ကိုင် သံတမန်ရေး” (Coercive Diplomacy) သီအိုရီဖြင့် အကဲဖြတ်နိုင်သည်။
စစ်ရေးပဋိပက္ခကြီးကြီးမားမား မဖြစ်ပွားစေဘဲ မိမိအလိုရှိရာသို့ အားနည်းသည့် နိုင်ငံရေးအင်အားစုများ၏ အပြုအမူကို ပြောင်းလဲစေရန် စီးပွားရေး၊ နိုင်ငံရေးနှင့် နယ်စပ်ကုန်သွယ်ရေး ဖိအားများကို အသုံးပြု၍ ခြောက်လှန့်စေ့စပ်သည့် ဗျူဟာဖြစ်သည်။ ယင်းသည် ဂျွန် မီးယားရှိုင်းမား (John Mearsheimer) ၏ လက်တွေ့ဆန်သော “ဒေသတွင်း ဩဇာလွှမ်းမိုးရေးဝါဒ” (Regional Hegemonic Interventionism) ကိုလည်း ပေါ်လွင်စေပါသည်။ တရုတ်နိုင်ငံသည် ကြားနေငြိမ်းချမ်းရေး ပွဲစားအဖြစ် ဆောင်ရွက်ခြင်းမဟုတ်ဘဲ ၎င်း၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၊ ရပ်ဝန်းနှင့် လမ်းကြောင်းစီမံကိန်း (BRI) များ ဘေးကင်းစေရန် အထက်စီးမှနေ၍ နယ်စပ်ဒေသများကို ခွဲခြမ်းထိန်းချုပ်နေခြင်း ဖြစ်သည်။
ဤကစားကွက်၏ ထင်ရှားသော သာဓကမှာ စာတမ်းတွင် ညွှန်းဆိုထားသည့် “လားရှိုးမော်ဒယ်” (The Lashio Model) ပင် ဖြစ်သည်။ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တရုတ်အထူးကိုယ်စားလှယ် ဒန်ရှီဂျွန် (Deng Xijun) ၏ ကြားဝင်စေ့စပ်မှုဖြင့် ယူနန်နယ်စပ်နှင့် ကူမင်းမြို့တို့တွင် ဟိုင်ဂင်ဆွေးနွေးပွဲများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲများတွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ (MNDAA, TNLA, AA) တို့အကြား ယာယီအပစ်ရပ်စဲရေး၊ ဆိုက်ဘာငွေလိမ်ဂိုဏ်းများ နှိမ်နင်းရေးနှင့် နယ်စပ်ကုန်သွယ်ရေး ဂိတ်များ ပြန်လည်ဖွင့်လှစ်ရေး၊ အခွန်ခွဲဝေရေးတို့ကိုသာ အဓိကထား ဆွေးနွေးခဲ့ကြပါသည်။
သို့သော် စာတမ်းတွင် ဝေဖန်ထောက်ပြထားသည်မှာ ဤ “လားရှိုးမော်ဒယ်” ဟုခေါ်သည့် တရုတ်အကျပ်ကိုင် သံတမန်ရေးနောက်ကွယ်၌ မြန်မာနိုင်ငံ၏ အာဏာပိုင်အဖွဲ့အစည်းများသည် မိမိတို့၏ “အချုပ်အခြာအာဏာ အစိတ်အပိုင်းအချို့ကို တရုတ်ထံသို့ ကန်ထရိုက်စနစ်ဖြင့် လွှဲအပ်လိုက်ရခြင်း” (Subcontracting Sovereignty) ကဲ့သို့သော အခြေအနေမျိုး သက်ရောက်သွားစေခဲ့သည်။ စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား နိုင်ငံရေးအရ အခြေခံကျသော ဆွေးနွေးမှု၊ ဖက်ဒရယ်ပြုပြင်ပြောင်းလဲမှု သို့မဟုတ် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ မူဘောင်များ လုံးဝမပါဝင်ဘဲ ကုန်သွယ်ရေးနှင့် စီးပွားရေးအရ အပေးအယူလုပ်မှု သက်သက်သာ ဖြစ်ခဲ့သည်။
ထို့အပြင် ဤသို့ ပြင်ပနိုင်ငံများ၏ ဖိအားကြောင့် ပေါ်ပေါက်လာသည့် အပစ်ရပ်စဲမှုများသည် စစ်ကောင်စီအတွက် စစ်ရေးအရ အလွန်အကျိုးအမြတ် ရှိစေခဲ့သည်။ တရုတ်၏ ဖိအားကြောင့် မြောက်ပိုင်းတွင် သေနတ်သံခေတ္တတိတ်သွားချိန်တွင် စစ်ကောင်စီသည် ၎င်း၏ တပ်မများကို နွေဦးတော်လှန်ရေး အားကောင်းရာ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းကဲ့သို့သော အလယ်ပိုင်းဒေသများသို့ ပြောင်းရွှေ့ကာ ပြည်သူလူထုနှင့် PDF များကို ပိုမိုပြင်းထန်စွာ ချေမှုန်းရန် အခွင့်အလမ်း ရရှိသွားစေခဲ့သည်။ ဤသည်မှာ “ငြိမ်းချမ်းရေး” ဟူသော ခေါင်းစဉ်အောက်တွင် ပဋိပက္ခကို ဖြေရှင်းခြင်းမဟုတ်ဘဲ ပဋိပက္ခကို နေရာရွှေ့ပြောင်းခြင်း (Conflict Displacement) သာ ဖြစ်သည်။
တရုတ်နိုင်ငံအပြင် ထိုင်းနိုင်ငံသည်လည်း ကရင်ဒေသတွင်း အပစ်ရပ်ရေးအချို့ကို ကုန်သွယ်ရေးနှင့် ဒုက္ခသည်ကိစ္စအတွက် သီးခြားစီ စေ့စပ်ရန် ကြိုးပမ်းခဲ့သလို အိန္ဒိယနိုင်ငံသည်လည်း ၎င်း၏ အရှေ့မြောက်ပိုင်းသူပုန်များကိစ္စအတွက် စစ်ကောင်စီနှင့် သီးခြားထိတွေ့မှုများ ပြုလုပ်ခဲ့သော်လည်း အားလုံးမှာ အခြေခံနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို ချန်လှပ်ထားသည့် အပေါ်ယံနယ်စပ်တည်ငြိမ်ရေး မူဝါဒများသာ ဖြစ်ကြပါသည်။

၃။ တော်လှန်ရေးသမားမှ ပဋိပက္ခစီမံခန့်ခွဲသူများ အဖြစ်သို့
စစ်ကောင်စီ၏ နှစ်ဦးသဘောတူ အပစ်ရပ်ဗျူဟာသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ဒေသန္တရအုပ်ချုပ်ရေးနှင့် နိုင်ငံရေးအမူအကျင့်များအပေါ် ကြီးမားသော ရိုက်ခတ်မှုများ ဖြစ်ပေါ်စေခဲ့ပါသည်။ ဤအခြေအနေကို ဇာခရီယာ မန်ပစ်လီ (Zachariah Mampilly) ၏ “တော်လှန်ရေးအဖွဲ့အစည်းများ၏ အုပ်ချုပ်ရေးစနစ်” (Rebel Governance) သီအိုရီဖြင့် အသေးစိတ်ဆန်းစစ်နိုင်ပါသည်။ မြန်မာနိုင်ငံရှိ ဝ၊ ကချင်၊ ကရင်၊ ရခိုင် စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အများစုသည် စစ်ရေးအဖွဲ့အစည်းသက်သက် မဟုတ်ဘဲ ၎င်းတို့ထိန်းချုပ်ရာ နယ်မြေများတွင် ပြည်သူလူထုအား ဝန်ဆောင်မှုပေးခြင်း၊ အခွန်ကောက်ခံခြင်းနှင့် တရားဥပဒေစိုးမိုးရေးတို့ကို လုပ်ဆောင်နေသည့် စင်ပြိုင်အုပ်ချုပ်ရေး ယန္တရားများ ဖြစ်ကြပါသည်။
စစ်ကောင်စီသည် ဤအုပ်ချုပ်ရေး ဖိအားများကို အကွက်ချအသုံးပြုကာ တိုင်းရင်းသားလက်နက်ကိုင်များအား အမျိုးသားအဆင့် နိုင်ငံရေးအပြောင်းအလဲနှင့် ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲများတွင် ပါဝင်ပတ်သက်ခြင်း မရှိစေရန် လုပ်ဆောင်ခဲ့သည်။ ၎င်းတို့အား မိမိတို့နယ်မြေအတွင်း၌သာ စီးပွားရေးအခွင့်အလမ်း၊ လမ်းတံတားဂိတ်များ၌ အခွန်ကောက်ခံခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပေါ်ယံပေးကာ အမျိုးသားနိုင်ငံရေးနှင့် လွဲချော်သွားအောင် ဆွဲဆောင်ခဲ့ခြင်း ဖြစ်သည်။ တနည်းအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်များအား တော်လှန်ရေးအင်အားစုများအဖြစ်မှသည် စစ်ကောင်စီအလိုကျ ဒေသတွင်း တည်ငြိမ်မှုကို ထိန်းကျောင်းပေးရသည့် “ပဋိပက္ခ စီမံခန့်ခွဲသူများ” (Conflict Administrators) အဖြစ် သွတ်သွင်းပစ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
ဤသို့သော သီးခြားစီ အပစ်ရပ်စဲမှုများသည် တိုင်းရင်းသားအဖွဲ့အစည်းများအကြား ညီညွတ်မှုကို ပျက်ပြားစေရုံမျှမက အချင်းချင်းကြားတွင်ပင် မလိုလားအပ်သည့် ပွတ်တိုက်မှုများကို ဖြစ်ပွားစေခဲ့ပါသည်။ စာတမ်းပါ ဥပမာများအရ ၂၀၂၆ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း၌ ကိုးကန့်တပ်မတော် (MNDAA) နှင့် တအာင်းတပ်မတော် (TNLA) တို့အကြား နယ်မြေပိုင်ဆိုင်မှုနှင့် အုပ်ချုပ်ရေး၊ အခွန်ကောက်ခံမှုဆိုင်ရာ မပြတ်သားသည့် အငြင်းပွားမှုများကြောင့် မောင်းသူမဲ့ဒရုန်းများနှင့် လက်နက်ကြီးများအသုံးပြုကာ အပြင်းအထန် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး TNLA ဘက်မှ အင်အား ၁၀၀ ခန့် ဖမ်းဆီးခံခဲ့ရသည့်အထိ ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ပါသည်။
ထို့အပြင် MNDAA အနေဖြင့် နမ့်ခမ်း၊ နမ်ဖတ်ကာ၊ မူဆယ် ၁၀ မိုင် ကုန်သွယ်ရေးဂိတ်နှင့် ကျင်စန်းကျော့ဂိတ်များရှိ TNLA စစ်ရေးပြင်ဆင်မှုများအပေါ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း စစ်ကောင်စီနှင့် ကြားဝင်စေ့စပ်ပေးသည့် တရုတ်နိုင်ငံတို့မှာ တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိဘဲ နှုတ်ဆိတ်နေခဲ့ကြပါသည်။ ယင်းသည် စစ်ကောင်စီ၏ ခွဲထုတ်သွေးခွဲမှုနှင့် အချင်းချင်းအကြား အားပြိုင်မှုကို ဖြစ်ပေါ်စေသည့် အကွက်ရိုက်မှုပင် ဖြစ်ပါသည်။
အာဏာသိမ်းမှုမတိုင်မီက တိုင်းရင်းသားလက်နက်ကိုင်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသန္တရအုပ်ချုပ်ရေး ယန္တရားများကို ဖက်ဒရယ်စနစ်အောက်တွင် စုပေါင်းချိက်ဆက်ရန် ကြိုးပမ်းမှုများ ရှိခဲ့သော်လည်း လက်ရှိစစ်ကောင်စီ၏ သီးခြားစီအပစ်ရပ်ဗျူဟာကြောင့် ၎င်းအုပ်ချုပ်ရေးစနစ်များသည် အချင်းချင်း သီးခြားစီ အထီးကျန်ဆန်သွားခဲ့ပါသည်။
နွေဦးတော်လှန်ရေးနယ်မြေများရှိ ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများသည် အချို့သော အပစ်ရပ်တိုင်းရင်းသားနယ်မြေများအတွင်း ချိတ်ဆက်ကူညီဆောင်ရွက်ရန် ခက်ခဲလာခြင်းက စစ်ကောင်စီ၏ နိုင်ငံရေးအရ အပစ်ရပ်စဲမှုဖြင့် ဖြတ်တောက်လိုက်သည့် မဟာဗျူဟာ မည်မျှထိရောက်သွားသည်ကို ပြသနေပါသည်။
၄။ နိုင်ငံရေးအနှစ်သာရကင်းမဲ့ပြီး ဖွဲ့စည်းပုံဆိုင်ရာ ဟာကွက်များ
စာတမ်းတွင် အကျဉ်းချုပ်တင်ပြထားချက်အရ လက်ရှိစစ်ကောင်စီနှင့် အဖွဲ့အစည်းအချို့အကြား ပေါ်ပေါက်နေသည့် အပစ်ရပ်စဲမှုများသည် ခိုင်မာမှု မရှိပါ။ ပွင့်လင်းမြင်သာမှုမရှိသည့်အပြင် တရားဝင်စာချုပ်စာတမ်းများ မရှိဘဲ နှုတ်ကတိ သို့မဟုတ် တံခါးပိတ်အပေးအယူများအပေါ်တွင်သာ အခြေခံထားကြသည်။ ယခင် NCA ခေတ်ကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ကဲ့သို့သော စောင့်ကြည့်မှုယန္တရားများ၊ အရပ်ဘက်အဖွဲ့အစည်းများ၏ ပါဝင်ခွင့်များနှင့် နိုင်ငံရေးအရ အကောင်အထည်ဖော်ရမည့် လမ်းပြမြေပုံများ လုံးဝပါဝင်ခြင်းမရှိပါ။ ယင်းသည် ဝီလျံ ဇာတ်မန်း (William Zartman) ၏ “အပစ်ရပ်စဲရေး ရင့်မှည့်မှု သီအိုရီ” (Ripeness Theory) အရ စစ်မက်ဖြစ်ပွားနေသည့် ဖက်နှစ်ဖက်စလုံးက ရှေ့ဆက်တိုး၍မရဘဲ အပြန်အလှန် အထိနာနေသည့် အကျပ်အတည်းကာလကြောင့် ပေါ်ပေါက်လာခြင်းမျိုးလည်း မဟုတ်ပါ။
အပြန်အလှန် ယုံကြည်မှု တည်ဆောက်ခြင်း လုံးဝမရှိဘဲ စစ်ကောင်စီဘက်က စစ်ရေးအရ အသက်ရှူပေါက်ရရန်၊ လူအင်အားနှင့် လက်နက်ခဲယမ်းများကို စစ်မျက်နှာတစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့ရန်နှင့် တော်လှန်ရေးအရှိန်ကို ဖြတ်တောက်ရန်အတွက်သာ စစ်ဗျူဟာမြောက် ယာယီအသုံးချခြင်းသာ ဖြစ်သည်။ ဤသို့ နိုင်ငံရေးအနှစ်သာရ ကင်းမဲ့နေသည့် အပစ်ရပ်စဲမှုများသည် မတည်ငြိမ်ဘဲ အချိန်မရွေး ပြန်လည်ပြိုကွဲသွားနိုင်သည့်အပြင် တိုင်းရင်းသားလက်နက်ကိုင်များအား အမျိုးသားအဆင့် ဆွေးနွေးပွဲများနှင့် ဖက်ဒရယ်ပြုပြင်ပြောင်းလဲမှုများမှ ဖယ်ထုတ်ကာ ၎င်းတို့၏ ရေရှည်နိုင်ငံရေး ရည်မှန်းချက်များကိုပါ ပျောက်ဆုံးသွားစေနိုင်သည့် မဟာဗျူဟာမြောက် ကျော့ကွင်းတစ်ခုသဖွယ် ဖြစ်နေပါသည်။
နိဂုံး
ISP Myanmar စာတမ်း၏ အဓိက ဆိုလိုရင်းမှာ ရှင်းလင်းလှပါသည်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအခင်းအကျင်းသည် အားလုံးပါဝင်နိုင်မှုကို ရှေးရှုသည့် သမိုင်းဝင်ငြိမ်းချမ်းရေး တည်ဆောက်မှုလမ်းကြောင်းမှသည် အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် အသုံးချသည့် “အာဏာရှင်ဆန်သော ပဋိပက္ခစီမံခန့်ခွဲမှု” (Authoritarian Conflict Management) သို့ လုံးဝကူးပြောင်းသွားခဲ့ပြီ ဖြစ်ပါသည်။
စစ်ကောင်စီ၏ နှစ်ဦးသဘောတူ အပစ်ရပ်ဗျူဟာ သို့မဟုတ် ခေါင်းဆောင်ချင်း အပေးအယူလုပ်သည့် “Gentleman’s Agreement” ကစားကွက်သည် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးမည် မဟုတ်ဘဲ အတိုက်အခံအင်အားစုများအကြား သွေးခွဲမှုကိုသာ ပိုမိုနက်ရှိုင်းစေမည် ဖြစ်ပါသည်။ အိမ်နီးချင်းနိုင်ငံကြီးများအနေဖြင့်လည်း နယ်စပ်ဒေသ တည်ငြိမ်ရေးသက်သက်ကိုသာ အလေးထားသည့် အပေါ်ယံအပစ်ရပ်စဲရေး ဖိအားပေးမှုများကို ရပ်တန့်ရန် လိုအပ်ပါသည်။
မြန်မာနိုင်ငံတွင် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်ငြိမ်မှုကို ဖော်ဆောင်နိုင်ရန်အတွက် လက်ရှိကျင့်သုံးနေသည့် ခွဲထုတ်သွေးခွဲသော အပစ်ရပ်ရေးဗျူဟာများကို ပြတ်ပြတ်သားသား ငြင်းပယ်ရပါမည်။ ၎င်းအစား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) နှင့် လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းများ အားလုံးစုပေါင်းပါဝင်နိုင်သည့် ဘက်စုံငြိမ်းချမ်းရေးမူဘောင် (Multilateral Inclusion) ကို နိုင်ငံတကာနှင့် ဒေသတွင်းအင်အားစုများ၏ ကူညီမှုဖြင့် ပြန်လည်ပုံဖော်တည်ဆောက်နိုင်မှသာလျှင် မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်၏ ကျော့ကွင်းမှ လွတ်မြောက်နိုင်မည်ဖြစ်ကြောင်း သုတေသနစာတမ်းကို အခြေခံ၍ သုံးသပ်တင်ပြအပ်ပါသည်။
ရည်ညွှန်းကိုးကား – “Bilateral Ceasefires: Fragmentation of Elusive Peace Process in Myanmar” အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ISP Myanmar ၏ စာတမ်းကို ဖတ်ရှုပြီး မြန်မာဘာသာဖြင့် အနှစ်ချုပ် ပြန်လည်ရေးသားခြင်း ဖြစ်ပါသည်။



