Homeသတင်းရေဖြူတွင် လေကြောင်းတိုက်ခိုက်ခံရပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးနှင့် ကလေး ၁ ဦးသေဆုံး

ရေဖြူတွင် လေကြောင်းတိုက်ခိုက်ခံရပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးနှင့် ကလေး ၁ ဦးသေဆုံး

-

တနင်္သရီတိုင်း၊ ရေဖြူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဇွန်လ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲချတိုက်ခိုက်ခံရပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးနှင့်အတူ ကလေး ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကံပေါက်ဒေသ မောရဝတီရေတပ်စခန်းဘက်မှ ပျံဝဲလာသည့် လေယာဉ်ဖြင့် ယမန်နေ့ ညနေ ၃ နာရီကျော်ခန့်တွင် ဗုံး၃ လုံး ကြဲချတိုက်ခိုက်ခံခဲ့ရပြီး ဧကနိ၊ ရငဲနှင့် ရငဲဝဇွန်းတောကျေးရွာ အနီးတဝိုက်တွင် ကျရောက်ပေါက်ကွဲခဲ့သည်။

အဆိုပါ ဧကနိကျေးရွာဝန်းကျင်တွင် ကျရောက်ပေါက်ကွဲစဥ် ဥယျာဉ်ခြံအတွင်း နေထိုင်သည့် အသက် ၃၅ နှစ်အရွယ် ရွှေ့ပြောင်းလုပ်သား ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦးနှင့် သူမ၏ မိသားစုဝင်ဖြစ်သည့် အသက် ၁၃ နှစ်အရွယ် ကလေး ၁ ဦးလည်း နေရာတွင်သေဆုံးခဲ့ရသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ သူ့မောင်လေးကတော့ အိပ်နေရင်းနဲ့ ပွဲချင်းပြီးပဲ။ ခလေးငယ်က အစစင်တာ နဲနဲနဲ့ ခန္ဓာကိုယ်မှာ ယမ်းငွေ့လောင်သွားတာလောက်ပဲ အမျိုးသားကတော့ဘာမှ မဖစ်ဘူး။ ဆုံးသွားတဲ့ အမျိုးသမီးကိုယ်ဝန်သည် ကိုယ်ဝန်လ‌စေ့နဲ့ဆိုတော့ ဗိုက်ထဲက ကလေးကိုခွဲပြီး ကယ်ကြည့်သေးပေမဲ့ အချိန်မမှီလိုက်ဘူး” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသည့် အသက်တစ်နှစ်အရွယ် ကလေးငယ်သည် ဒဏ်ရာမပြင်းထန်းသည့်အတွက် အနီးအနားရှိ ဆေးပေးခန်းတွင်သာ ဆေးကုသခံယူနေပြီး စိုးရိမ်စရာမရှိကြောင်း ၎င်းက ဆက်ပြောသည်။

 စစ်တပ်မှ ဧကနိကျေးရွာဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ထားဝယ်အထူးစီးပွားရေးဇုန် နဘုလယ်ဒေသတစ်ဝိုက်တွင် ယမန်နေ့ ညနေပိုင်းအထိ လေယာဉ်နှစ်စီး ဆက်လက်ပျံဝဲနေပြီး ဒေသခံအများစု ထပ်မံတိုက်ခိုက်ခံရမည်ကို စိုးရိမ်းနေကြသည်။

ယခုရက်ပိုင်းတွင် တနင်္သာရီတိုင်းအတွင်း အဘက်ဘက်မှလာသည့် စစ်တပ်လေယာဉ်များ ပျံဝဲနေသည်ဟု အထက်ပါ ဒေသခံအမျိုးသားက ဆက်ပြောသည်။

“ အခုတလော လေယာဉ်တော်တော်ဝဲနေတယ် မြိတ်က တက်တာလဲရှိတယ် ရန်ကုန်ဘက်က နေလာတာလဲရှိတယ် အကုန်တက်လာနေကြတယ် ဒေသခံတွေကတော့ စိုးရိမ်မှာပေါ့ ထပ်ကြဲလာမှာကို ကြောက်နေကြတာ ကြဲတာကတော့ စစ်ရေးအခြေနေပေါ်မူတည်ပြီး လုပ်တာပဲလေ ပုံသေတော့မရှိဘူး” ဟု ဒေသခံအမျိုးသားက ဆက်ပြောသည်။

ထို့ကြောင့် ယမန်နေ့ ဇွန်လ ၃ ရက်နေ့တစ်ရက်တည်းတွင် စစ်ကော်မရှင်အဖွဲ့မှ မွန်ပြည်နှင့် တနင်္သာရီတိုင်းဒေသကြီးကို နယ်နိမိတ်ဒေသများကို လေကြောင်းဖြင့် နှစ်ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည်။

ရက် ၁၀၀ စီမံကိန်းအတွင်း စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများသည် မြန်မာပြည်တောင်ပိုင်း၌ ယခင်ကထက် ပိုမိုပြင်းထန်လာပြီး ပေါင် ၅၀၀ ဗုံးများအပြင် ဓာတုဗုံးဟု ယူဆရသည့် ဗုံးများကိုလည်း တွေ့မြင်ရကြောင်း မြေပြင်သတင်းအချက်အလက်များတွင် ဖော်ပြသည်။

ပြီးခဲ့သည့် ဧပြီလတွင် အကြမ်းဖက် စစ်အုပ်စု၏ လေကြောင်းနှင့် မြေပြင် တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံတဝှမ်း အမျိုးသမီး ၄၄ ဦး အသက် ဆုံးရှုံးခဲ့ရသည်ဟု မြန်မာအမျိုးသမီးသမဂ္ဂအဖွဲ့၏ အချက်အလက်များအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts