Homeဆောင်းပါးစစ်အစိုးရ၏ ကျားဖြန့်တိုက်ဖျက်ရေး ဥပဒေကြမ်း အလုပ်ဖြစ်မှာလား

စစ်အစိုးရ၏ ကျားဖြန့်တိုက်ဖျက်ရေး ဥပဒေကြမ်း အလုပ်ဖြစ်မှာလား

-

အာဏာသိမ်းအစိုးရက အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းတစ်ရပ်ကို မေလ ၁၄ ရက်နေ့က ထုတ်ပြန်ပြီး ဥပဒေကြမ်းတွင် ပြည်ထဲရေးဝန်ကြီးဌာန၏ လက်အောက်တွင် ကျားဖြန့်တိုက်ဖျက်ရေး ကြီးကြပ်မှု ဗဟိုကော်မတီကို ဖွဲ့စည်းကာ နိုင်ငံတကာနှင့်ပါ ချိတ်ဆက်ဆောင်ရွက်မည့်အကြောင်းလည်း ပါဝင်လာသည်။

ဥပဒေကြမ်းတွင် အွန်လိုင်းငွေလိမ်မှု ဖြစ်စဉ်များတွင် ဆက်သွယ်အသုံးပြုသည့် ဖုန်းနံပါတ်မှစ၍ ဘဏ်အကောင့်များအထိ အရေးယူပိတ်ဆို့မှုများ၊ စုံစမ်းထောက်လှမ်းခြင်း၊ အသွင်ယူထောက်လှမ်းခြင်းများနှင့်သေဒဏ်မှ ငွေဒဏ် သိန်းထောင်ချီ အရေးယူမည့်အကြောင်းများကို ရွှန်းရွှန်းဝေအောင် ဖော်ပြထားသည်။

ငွေလိမ်လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေသူများကိုလည်း အများဆုံး ထောင်ဒဏ်သုံးနှစ်နှင့် ငွေဒဏ်များ ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

အထူးသဖြင့် ပုဒ်မ ၄၄ အရ ငွေလိမ်စင်တာ ဖွင့်လှစ်ခြင်းမပြုရ၊ ပုဒ်မ ၄၅ ဒီဂျစ်တယ်ငွေကြေးလိမ်လည်မှု မပြုရ၊ ပုဒ်မ ၄၆ ငွေလိမ်ဂိုဏ်းအတွက် လူစုဆောင်းခြင်းမပြုရ၊ ပုဒ်မ ၄၇ ငွေလိမ်လုပ်ငန်း လုပ်ကိုင်ရန် မည်သူကိုမျှ မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ ရက်စက်ကြမ်းကြုတ်စွာ မလုပ်ရန်နှင့် ပုဒ်မ ၄၈ အရ ငွေလိမ်လုပ်ငန်းအတွက် သွေးဆောင်ခေါ်ယူပြီး အဓမ္မခိုင်းစေမှု၊ လူကုန်ကူးမှု မပြုလုပ်ရန် ဖြစ်သည်။

ထိုပြစ်မှုများကို ကျူးလွန်ပါက ထောင်ဒဏ်တစ်သတ်နှင့် ငွေဒဏ်များ ချမှတ်နိုင်ပြီး လူသေဆုံးမှုများဖြစ်ပေါ်ခဲ့လျှင် သေဒဏ်ချမှတ်မည်ဟု ပြဌာန်ထားသည်။

သို့သော် စစ်တပ်က ရေးဆွဲပြဌာန်းသည့် ဥပဒေတွင် ကျူးလွန်သူများနှင့် ပိုင်ရှင်များကိုသာ အရေးယူမည်ဟု ပါဝင်ပြီး ကျားဖြန့်လုပ်ငန်းများအတွက် အကာအကွယ်ပေးထားသူ၊ နေရာထိုင်ခင်းပေးထားသူများကို ပုဒ်မတစ်ရပ်အဖြစ် ထည့်သွင်းရေးဆွဲထားခြင်း မရှိသည်ကို တွေ့ရသည်။

စစ်အစိုးရ၏ ကျားဖြန့်တိုက်ဖျက်ရေး ဥပဒေကြမ်းသည် အဓိပ္ပါယ်အမျိုးမျိုး ထွက်ပြီး ဥပဒေကိုလည်း လက်တလုံးခြား လုပ်ထားသည်ဟု ဥပဒေပညာရှင်တို့က သုံးသပ်သည်။

“အခု ကျားဖြန့်ဆိုတာတွေက သူတို့ဘာသာ ရပ်တည်နိုင်တာမဟုတ်ဘူး။ သူတို့ကို အကာအကွယ်ပေးထားသူတို့ ရှိနေလို့ သူတို့အနေနဲ့ ရပ်တည်နေတာဖြစ်တယ်။ အခုဆိုရင် ရွှေကုက္ကိုလ်ကို လူတိုင်း သွားလို့ မရတော့ဘူး။ ပိုပြီး စစ်ဆေးတင်းကြပ်လာတယ်။ ဗိုလ်ချုပ်ချစ်သူတို့က ဒီကနေပဲ အခကြေးငွေယူပြီး ဝင်ငွေရတယ်။ သူတို့က ငွေမလိမ်ဘူး။ ငွေလိမ်ဖို့လဲ လူတွေကို နှိပ်စက်တာမလုပ်ဘူး။ ဒီလူတွေကိုပဲ အကာအကွယ်ပေးထားတာ။ ဒါနဲ့ ပတ်သက်ပြီး ဥပဒေမှာ မတွေ့ဘူး။ တစ်ခုတော့ရှိတယ်။ ပုဒ်မ ၅၀ မှာ ဥပဒေတစ်ရပ်ရပ်ကို ကျူးလွန်ဖို့ အားထုတ်တာ၊ အားပေးတာ၊ ပံ့ပိုးကူညီတာဆိုရင် ပြဌာန်းဥပဒေတွေနဲ့ အရေးယူပါမယ်လို့ဆိုတယ်။ ဒါက အဓိပ္ပါယ်အမျိုးမျိုး ထွက်တယ်။ ဥပဒေကိုလည်း လက်တလုံးခြား လုပ်ထားသေးတယ်။” ဟု ဥပဒေပညာရှင် အထက်တန်းရှေ့နေတစ်ဦးက သုံးသပ်သည်။

ထိုင်းနယ်စပ်တလျှောက်က ကျားဖြန့်ငွေလိမ်လုပ်ငန်းများအားလုံးသည် လက်နက်ကိုင်အဖွဲ့အစည်းတို့နှင့် မလွတ်ကင်းသလို ထိုလုပ်ငန်းများအတွက် လုံခြုံရေးဆိုင်ရာများကို လက်နက်ကိုင်အဖွဲ့အစည်းတို့ကပင် ယူဆောင်ပေးနေကြသည်။

အထူးသဖြင့် ထိုင်းနယ်စပ် မြဝတီ၊ ဘုရားသုံးဆူလို ကျားဖြန့်ငွေလိမ်လုပ်ငန်းဖြင့် နာမည်ကြီးနေသည့် နေရာတို့တွင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် ကရင်အမျိုးသားတပ်မတော် (KNA) နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ခေါင်းဆောင်တို့က အဓိကပါဝင်ပတ်သက်နေသည်။

စစ်အစိုးရ၏ ကျားဖြန့်နှိမ်နင်းရေး လုပ်ဆောင်ချက်များကို လေ့လာကြည့်ပါက တရုတ်၊ ထိုင်းနိုင်ငံဘက်က ပြင်းထန်သော ဖိအားပေးလာသည့် အချိန်မျိုးတွင်သာ အလေးအနက်ထားသယောင် ထုတ်ပြန်ချက်များ ထုတ်လေ့ရှိသည်။ ဒါဟာ ပြဿနာကို တကယ်အမြစ်ပြတ်ချင်လို့ မဟုတ်ဘဲ နိုင်ငံတကာမျက်နှာစာတွင် သံတမန်ရေးရာ ဟန်ပြသက်သက် လုပ်ဆောင်ခြင်းသာ ဖြစ်သည်။

“ကျားဖြန့်တွေ ဘယ်မှာရှိလဲဆိုတာကို သူတို့မပြောနဲ့ ရပ်ကွက်ထဲက လူကိုတောင် လက်ညှိုးထိုးခိုင်းပြီး လိုက်ပြခိုင်းလို့ရတဲ့အခြေအနေမှာ သူတို့က ဘာကြောင့် ဒီဥပဒေကို ရေးနေတာလဲ။ တကယ် တိုက်ဖြတ်ချင်စိတ်ရှိရင် အခု ပြည်သူတွေကို ကြဲနေတဲ့ ဗုံးသီးတွေကို ကျားဖြန့်တွေအပေါ် ကြဲချလိုက်လို့တောင် ရသေးတယ်။ ဒါက အဆုံးအစွန်ကို ပြောတာပါ။ KK Park မှာ အဆောက်အအုံတွေ ဗုံးခွဲတယ်။ မခွဲခင် အထဲက ကျားဖြန့်လုပ်တဲ့လူတွေကို စစ်တပ်က လူတွေပဲ ကားကြီး၊ ကားငယ်နဲ့ ရွှေ့ပေးတာ။ သူတို့ အရေးယူချင်ရင် ဒီလောက်ကြာမနေဘူး။ ဘာကြောင့် အရေးမယူသေးလဲဆိုရင် သူတို့ကိုယ်တိုင် ပါဝင်နေလို့ပဲ” ဟု ကရင်ပြည်နယ်အတွင်းက ကျားဖြန့်လုပ်ငန်းများကို စောင့်ကြည့်နေသူတစ်ဦးက ဆိုသည်။

ထိုင်းနယ်စပ်၊ တရုတ်နယ်စပ်က ကျားဖြန့်များကို စစ်ကော်မရှင်က ဝင်ရောက်ဖမ်းဆီးမှုတွေ မကြာခဏ လုပ်နေသော်လည်း လက်နက်ကိုင်အဖွဲ့အစည်းများ အကာအကွယ်ပေးနေသည့် မြေပြင်က ကျားဖြန့်လုပ်ငန်းများ ကွယ်ပျောက်သွားဖို့နေနေသာသာ အရှိန်အဟုန်ဖြင့်ပင် လုပ်ငန်းများ ဆက်လက်လည်ပတ်နေသည်။

စစ်အစိုးရက ဥပဒေတွေ ဘယ်လိုပင် ထုတ်ပြန်ထားပါစေ၊ လက်တွေ့မြေပြင်တွင် အလုပ်မဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ စစ်အာဏာပိုင်များကိုယ်တိုင်က ကျားဖြန့်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေပြီး ထိုကျားဖြန့်လုပ်ငန်းမှ ဝင်ငွေအမြောက်အများ ရရှိနေကြခြင်းပင်ဖြစ်သည်။

စစ်အစိုးရက ဘယ်လို ဆိုက်ဘာရာဇဝတ်မှုတိုက်ဖျက်ရေး ဥပဒေတွေပဲ ထုတ်ပြန်ထုတ်ပြန်၊ မြေပြင်မှာ စစ်တပ်အာဏာပိုင်များကိုယ်တိုင်က ပါဝင်ပတ်သက်ပြီး ဝင်ငွေရရှိရေး မှီခိုနေရသရွေ့တော့ ထိုဥပဒေများသည် ကျားဖြန့်သမားများအတွက် “ခြောက်လှန့်ရုံမျှသာရှိသော စာခြောက်ရုပ်” သဖွယ် ဖြစ်နေဦးမည် ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts