ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ လှိုင်ကနီကျေးရွာအနီး ဇမိမြစ်တွင် ခရီးသည် ၁၁ ဦး စီးနင်းလိုက်ပါလာသည့် စက်လှေတစ်စီး ယနေ့ ဩဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်း တိမ်းမှောက်မှုဖြစ်ပွားသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ယနေ့ နံနက် ၉ နာရီခန့်က လှိုင်ကနီကျေးရွာအနီးရှိ အင်းတစ်ခုကို ဖြတ်သန်းစဉ် စက်လှေတိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လှေပေါ်ပါ ခရီးသည်အားလုံးကို အသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
“လှေကငယ်ပြီး လူကများတော့ဝိတ်မနိုင်ပဲ လှေဦးထိုး စိုက်သွားတာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။
ဘုရားသုံးဆူသို့ သွားမည့် ခရီးသည်များ မုဒုံ-အဘစ်-ဘုရားသုံးဆူကားလမ်း လှိုင်ကနီကျေးရွာအနီးတဝိုက် ရေကြီးနေခြင်းကြောင့် ရေလမ်းမှတဆင့် စက်လှေဖြင့် ခရီးဆက်စဉ် စက်လှေတိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် လှိုင်ကနီကျေးရွာတွင် ခရီးသွားကား ၂၀ ကျော်၊ လူဦးရေ ၂၀၀ နီးပါး ပိတ်မိနေသည်ဟု ဒေသသတင်းတွင်းများအရ သိရသည်။
မုဒုံ-အဘစ်-ဘုရားသုံးဆူကားလမ်း နေရာအချို့တွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ရေကျော်လျှက်ရှိကာ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာရန်အခက်အခဲဖြစ်ပါ်လျှက်ရှိသည်ဟု ကားသမားများထံမှ သိရသည်။




