Homeသတင်းစစ်အစိုးရ ရက် ၁၀၀ အတွင်း KNU နယ်မြေတွင် စစ်ရေး ပိုမိုပြင်းထန်လာ

စစ်အစိုးရ ရက် ၁၀၀ အတွင်း KNU နယ်မြေတွင် စစ်ရေး ပိုမိုပြင်းထန်လာ

-

စစ်အစိုးရ ရက် ၁၀၀ တွင် ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေဒေသအတွင်း အရပ်သားများကို ပစ်မှတ်ထားသည့် စစ်တပ်၏ ထိုးစစ်ဆင်မှုများနှင့် တိုက်ခိုက်မှုများ ပိုမိုကျယ်ပြန့်လာသည်ဟု KNU လူ့အခွင့်အရေးကော်မတီက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

KNU က ရက် ၁၀၀ အတွင်း စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်းကို “ပြည်သူအပေါ်ပစ်မှတ်ထားရက်စက်သည့် မင်းအောင်လှိုင်၏ ရက် ၁၀၀ စီမံကိန်း” ဆိုသည့် အစီရင်ခံစာကို ဩဂုတ်လ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အစီရင်ခံစာတွင် စစ်တပ်သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များနှင့် သက်ဆိုင်သော စစ်ရေးပစ်မှတ်များကိုသာ ရည်ရွယ်တိုက်ခိုက်ခဲ့ခြင်းမဟုတ်ပဲ အရပ်သားများ နေထိုင်ရာ ဒေသများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

စစ်တပ်သည် အရပ်သားများရှိရာ နေရာများကို တပ်ခါတလဲလဲ ရွေးချယ်တိုက်ခိုက်ခြင်း၊ ခွဲခြားသတ်မှတ်နိုင်သော စစ်ရေးပစ်မှတ်များ မရှိခြင်း၊ ၎င်းတို့ အသုံးပြုခဲ့သည့် လက်နက်များနှင့် နည်းဗျူဟာများ၊ အရပ်သားနှင့် အရပ်သားဆိုင်ရာ အဆောက်အဦးများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း ဆိုသည်။

ရက် ၁၀၀ အတွင်း စစ်တပ်က မြေပြင်ထိုးစစ်နှင့် ရှေ့တန်းစစ်မျက်နှာများ တိုးချဲ့ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများ၊ ဒရုန်းဖြင့် တိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ၊ အရပ်သားနေအိမ်းများ ဖျက်ဆီးခံရမှု၊ ဥပဒေမဲ့ သတ်ဖြတ်မှုများ၊ အတင်းအဓမ္မလုပ်အားပေး ခိုင်းစေမှုကြောင့် ထိခိုက်နစ်နာရမှုများနှင့် ပဋိပက္ခနှင့် ဆက်စပ်သော အခြား အကြမ်းဖက် လုပ်ရပ်များ ကျူးလွန်ခဲ့သည်ဟု အစီရင်ခံစာတွင် ပါရှိသည်။

၂၀၂၆ ခုနှစ် ဧပြီလ ၂၀ ရက်နေ့ကနေ ဇူလိုင်လ ၃၁ ရက်နေ့အတွင်း KNU ထိန်းချုပ်နယ်မြေထဲ တိုက်ပွဲပေါင်း ၅၃၆ ကြိမ်ဖြစ်ပွားခဲ့ပြီး တစ်ရက်လျှင် ပျမ်းမျှ ပဋိပက္ခဖြစ်ပွားမှုနှုန်း ၅ ကြိမ်ရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရက် ၁၀၀ အတွင်း စစ်တပ်ကြောင့် အရပ်သား ၄၄ ဦး သေဆုံးပြီး၊ ၁၂၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုလူ့အခွင့်အရေးကော်မတီနှင့် သုတေသနလုပ်ငန်းကော်မတီတို့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

စစ်တပ်က ဂျက်တိုက်လေယာဉ်များ၊ Y-12 နှင့် Y-8 လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Gyrocopter နှင့် Paramotor များ အသုံးပြု၍ တိုက်ခိုက်မှု ၃၃၁ ကြိမ် ပြုလုပ်ခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှု ၁၂၉ ကြိမ်၊ မီးရှို့မှု ၁၂ ကြိမ်နှင့် အခြားကျူးလွန်မှု ၁၇ ကြိမ် ဖြစ်ပွားခဲ့ကြောင်းလည်း ပါရှိသည်။

စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် ပြည်သူ့နေအိမ် ၃၉၀ လုံး၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်း၊ စာသင်ကျောင်း ရှစ်ကျောင်း၊ ဆေးရုံ ငါးရုံ၊ ခရစ်ယာန်ဘုရားကျောင်း နှစ်ကျောင်းနှင့် ဆေးခန်း တလုံး ပျက်စီးခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

၎င်းပြင် စစ်အုပ်စုတပ်စစ်ကြောင်းများက ကျေးရွာများအတွင်း ဝင်ရောက်ကာ အရပ်သား ၃၄ ဦးကို ဖမ်းဆီးခဲ့ပြီး တပ်စွဲထားသည့်နေရာများအနီးရှိ အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရက် ၁၀၀ အတွင်း စစ်တပ်က ကလေးသူငယ်များအပေါ် ပြင်းထန်သည့် အကြမ်းဖက်မှုများ စဉ်ဆက်မပြတ် ကျူးလွန်ခဲ့ကြောင်း၊ ကျူးလွန်ခဲ့သည့်ဖြစ်စဉ် ၁၄ ခုတွင် ကလေးသူငယ် ၈ ဦး သေဆုံးပြီး၊ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု KNU က ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts