Homeသတင်းမွန်အမျိုးသားကျောင်းများ မေ ၂၅ ရက်နေ့တွင် ကျောင်းအပ်နှံရေးစတင်မည်

မွန်အမျိုးသားကျောင်းများ မေ ၂၅ ရက်နေ့တွင် ကျောင်းအပ်နှံရေးစတင်မည်

-

မွန်ပညာရေးကော်မတီ MNNEC ဌာနအောက်ရှိ မွန်အမျိုးသား မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများ လာမည့် မေ ၂၅ ရက်နေ့တွင် ကျောင်းအပ်နှံရေး စတင်လက်ခံသွားမည်ဟု မွန်အမျိုးသားကျောင်းများ၏ လူမှုကွန်ရက်စာမျက်နှာမှ  အသိပေးကြေညာချက်များအရ သိရသည်။

လာမည့် မေ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ မွန်အမျိုးသားကျောင်းများတွင် ကျောင်းအပ်နှံရေးလက်ခံသွားမည်ဖြစ်ပြီး ကျောင်းသားမိဘများအနေဖြင့် မိခင်ဘာသာစကားအခြေပြု သင်ကြားရေးစနစ်ကို အသုံးပြုနေသင်ကြားနေသည့် နီးစပ်ရာ မွန်အမျိုးသားကျောင်းများသို့ အခမဲ့ ကျောင်းအပ်နှံရေးလုပ်ဆောင်နိုင်ကြောင်း အသိပေးထားသည်။

မွန်အမျိုးသားအထက်တန်းခွဲနှင့် အထက်တန်းကျောင်းများတွင် အဆောင်နေမည့် ကျောင်းသားသစ် ကျောင်းသားဟောင်းများအတွက် ကျောင်းမှသတ်မှတ်ထားသည့် စာရွက်စာတမ်းထောက်အထား အပြည့်အစုံကြိုတင်စုဆောင်းရေးလုပ်ဆောင်ထားရန်လည်း သံဖြူဇရပ်မှ ကျောင်းဆရာမ တစ်ဦးက ဆိုသည်။

"အဆောင်နေကျောင်းသားသစ်တွေဆို ကျမတို့အတွက် ပိုတာဝန်ကြီးတယ်လေ။ စာရွက်စာတမ်းတွေရော သူတို့က လာအပ်တဲ့ အုပ်ထိန်းသူကအစ အရေးကြီးတယ်ပေါ့နော်။ ကျောင်းပြောင်းလက်မှတ်တို့ အခြားမိတ္တူစာရွက် စုံစုံလင်လင်စုဆောင်းပြီးမှ လာအပ်ရင် ပိုအဆင်ပြေတာပေါ့"ဟု ပြောသည်။

ကျောင်းဖွင့်ရာသီအတွင်း မွန်အမျိုးသားကျောင်းများအတွက် အလှူရှင်များ လှူဒါန်းထားသည့် ကျောင်းသုံးပစ္စည်းများကိုလည်း အခမဲ့ပေးဆောင်ရန် ရှိကြောင်းလည်း ဆိုသည်။

ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် MNNEC ဌာနအောက်ရှိ မွန်အမျိုးသားကျောင်းအားလုံးနီးပါး ဖွင့်လှစ်နိုင်မည်ဖြစ်သည်ဟု မွန်အမျိုးသားပညာရေးအသိုင်းအဝိုင်းမှ သိရသည်။

သို့သော် ပုဂ္ဂလိကကျောင်းနှင့် ကိုယ်ပိုင်ကျောင်း တိုးများလာခြင်း၊ အဆိုပါကျောင်းများတွင် မူလတန်းအရွယ်မှစ၍ ကျောင်းအိပ်ကျောင်းစားအပ်နှံထားနိုင်သဖြင့် ယခုပညာသင်နှစ်တွင်လည်း မွန်အမျိုးသားကျောင်းများ၌ ကျောင်းသားဦးရေ တိုးနိုင်ခြေ မရှိဟုလည်း ရေးမှ ကျောင်းဆရာတစ်ဦးက သုံးသပ်သည်။

"KG အတန်းတွေဆို တစ်နှစ်ထက်တစ်နှစ်လျော့လျော့လာတယ်၊ မြို့ပေါ် ကိုယ်ပိုင်ကျောင်းတွေပဲရောက်သွားတာများတယ်။ အဲမှာ သိန်း ၁၀၀ ၊ ၂၀၀ ပေးပြီးတော့ကို ထားတယ်။ အဲ့ကြောင့် KG အတန်းမှာပဲကြည့်ရင်သိတယ်လေ ကျောင်းသားအတိုးလျော့က၊ KG အတန်းမှာကတည်း အယောက် ၂၀ ပဲရှိရင် အတန်းကြီးရောက်ရင် ဘယ်နှစ်ယောက်ကျန်တော့မှာလဲ။"ဟု ပြောသည်။

၎င်းအပြင် အလယ်တန်းအရွယ်ကျောင်းသားများကို မိဘများမှ ထိုင်းဘတ်လုပ်ဆောင်ရန် ကျောင်းထုတ် ခေါ်ဆောင်သွားခြင်း၊ မိသားစု စားဝတ်နေရေးကြောင့် ပြီးခဲ့သည့် ပညာသင်နှစ်တွင် ကျောင်းထွက်နှုန်းများခဲ့သည်။

ထို့ကြောင့် မွန်အမျိုးသားပညာရေးကို ထောက်ခံအားပေးသူ လျော့နည်းပျောက်ကွယ်သွားမည့်အခြေအနေ စိုးရိမ်ရကြောင်းလည်း အထက်ပါကျောင်းဆရာက ဆိုသည်။

MNA မှ မေးမြန်းချက်များအရ လာမည့်ပညာသင်နှစ်တွင် မုဒုံမြို့နယ်တွင် မူလတန်းအဆင့် ကျောင်း ၂ ကျောင်း၊ ရေးမြောက်ပိုင်းတွင် မူလတန်းကျောင်း ၁ ကျောင်း၊ ပေါင်မြို့နယ်တွင် မူလတန်းကျောင်း ၁ ကျောင်းတို့ မွန်အမျိုးသားပညာရေးကော်မတီ MNEC ဌာနအောက်တွင် အသစ်ဖွင့်လှစ်သွားရန်ရှိသည်ဟုလည်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts