Homeသတင်း၂၇ ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ နွေရာသီမွန်စာပေ စာမေးပွဲတွင် ကျောင်းသားပေါင်း ၅၀၀၀ ကျော် ဝင်ရောက်ဖြေဆိုမည်

၂၇ ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ နွေရာသီမွန်စာပေ စာမေးပွဲတွင် ကျောင်းသားပေါင်း ၅၀၀၀ ကျော် ဝင်ရောက်ဖြေဆိုမည်

-

မွန်ဒေသလုံးဆိုင်ရာ နွေရာသီမွန်စာပေ စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၅၀၀၀ ကျော် ဝင်ရောက်ဖြေဆိုသွားရန်ရှိကြောင်း မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

၂၇ ကြိမ်မြောက် နွေရာသီမွန်စာပေစာမေးပွဲကို မော်လမြိုင်မြို့ရှိ သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်းတွင် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှဦးစီး၍ လာမည့် မေလ ၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်သွားရန်ရှိသည်။

ယခုနှစ် နွေရာသီမွန်စာပေစာမေးပွဲကို ထိုင်းနှင့် မလေးရှားနိုင်ငံရောက် ကျောင်းသားကျောင်းသူများအပါအဝင် မြို့နယ်ပေါင်း ၁၉ မြို့နယ်မှ ကျောင်းသူ၊ ကျောင်းသားများ ဝင်ရောက်ဖြေဆိုရန်ရှိသည်ဟု အဖွဲ့တာဝန်ရှိသူ ဆရာတော် ဘဒ္ဒန္တသီလဝန္တက မိန့်ကြားသည်။

“ပြည်တွင်းမှာ ၁၇ မြို့နယ်နဲ့ ထိုင်းနဲ့ မလေးရှားအပါအဝင်ဆိုတော့ ၁၉ မြို့နယ်က ကျောင်းသား၊ ကျောင်းသူတွေက ဝင်ရောက်ဖြေဆိုသွားမှာ ဖြစ်တယ်။ ဒါကြောင့် ဒီနှစ်က ဝင်ရောက်ဖြေဆိုသူက အများကြီး ပိုလာတယ်။ မနှစ်ကတော့ ၄ ထောင်ကျော်ပဲ၊ ဒီနှစ်ကျတော့ ၅၄၃၄ ယောက်တောင် ရှိလာတယ်ပေါ့နော်” ဟု ဆရာတော်က မိန့်သည်။

မွန်ဒေသလုံးဆိုင်ရာ နွေရာသီမွန်စာပေစာနှင့်ယဉ်ကျေးမှုအဖွဲ့၏ စာရင်းများအရ အဘိဓမ္မာတန်းတွင် ၂၆၁၈ ဦး၊ ဟံသာဝတီ သမိုင်းအတန်းတွင် ၁၁၉၀ ဦး၊ မုတ္တမ သမိုင်းအတန်းတွင် ၆၈၇ ဦး၊ သုဝဏ္ဏဘူမိ သမိုင်းအတန်းတွင် ၃၇၇ ဦး၊ မွန်စာပေ သမိုင်းအတန်းတွင် ၃၀၄ ဦး၊ မွန်ယဉ်ကျေးမှု အတန်းတွင် ၁၄၀ ဦးနှင့် မွန်ကျောက်စာအတန်းတွင် ၁၁၈ ဦး ပါဝင်သည်။

ထိုအပြင် သမိုင်းတန်းပြီးဆုံးသွားသည့် ကျောင်းသား၊ ကျောင်းသူပေါင်း ၁၃၈ ဦးကိုလည်း အထူးဆု ပေးအပ်သွားရန်ရှိသည်ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။

“ဒီနှစ်ကတော့ သမိုင်းတန်း ၆ တန်းစလုံး ပြီးဆုံးသွားတဲ့ ကျောင်းသား၊ ကျောင်းသူပေါင်း ၁၃၈ ယောက်ကိုလည်း အထူးဆုတွေ ချီးမြှင့်ပေးသွားဖို့ ရှိပါတယ်။ ဘွဲ့တဆိပ်လိုမျိုး ပေးအပ်သွားမှာ ပေါ့နော်။ သူတို့ကိုလည်း သင်တန်းဆင်းပွဲအခမ်းအနားမှာပဲ ဆုချီးမြှင့်ပေးသွားမှာပါ” ဟု
ပြောသည်။

မွန်သမိုင်းတန်းပြီးဆုံးသွားသူများနှင့် အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများကို မော်လမြိုင်မြို့ရှိ သာသနာ ၂၅၀၀ ဘုန်းတော်ကြီး၌သာ ဆုချီးမြှင့်ပေးသွားမည်ဖြစ်ပြီး အခမ်းအနားကို လာမည့် မေလ ၃၁ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်သည်။

နွေရာသီ မွန်စာပေသင်တန်းသည် ရက်တိုသင်တန်းဖြစ်သော်လည်း မွန်စာပေ အဖွဲ့အစည်းတွင် အင်အားအကြီးဆုံး စာပေအဖွဲ့စည်းတစ်ခုဖြစ်သဖြင့် မွန်ပြည်သူများအနေဖြင့် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းအားဖြည့်ပေးရန်လည်း မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ တာဝန်ရှိသူများက တိုက်တွန်းသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts