မွန်ပြည်နယ် မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းတလျှောက်ရှိ တရားမဝင် ရထားလမ်းကူးများ ပိတ်သိမ်းလိုက်သည့်အတွက် ဒေသခံများ သွားလာရေး အခက်အခဲဖြစ်ပွားနေကြောင်း ဒေသခံတို့ထံမှ သိရသည်။
မော်လမြိုင်-သိမ်ဇရပ်လမ်းပိုင်း၊ ပေါင်မြို့နယ်နှင့် သထုံမြို့နယ်အကြားရှိ တရားမဝင် ရထားလမ်းကူးများကို ပိတ်သိမ်းရန် မွန်ပြည်နယ် စစ်အစိုးရ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက စက်တင်ဘာ ၁၇ ရက်နေ့ ညွှန်ကြားထားကြောင်း သိရသည်။
ရထားလမ်းကူးများကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားနေသည့်အတွက် ရထားလမ်းကူးများကို ပိတ်သိမ်းရန် ပြည်နယ်စစ်အစိုးရက ယခုလို ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်နေ့ကပင် သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာနှင့် ဆင်ဖြူကျွန်းကျေးရွာချင်းဆက် ရထားလမ်းကူးနေရာတွင် ရထားနှင့် ကား တိုက်မိမှုဖြစ်ပွားခဲ့သေးသည်။
ယာဉ်အန္တရာယ်များ ဖြစ်ပွားနိုင်ခြေရှိသည့် တရားမဝင် ရထားလမ်းကူးများကို ပိတ်သိမ်းလိုက်ခြင်းကြောင့် အန္တရာယ်ဖြစ်ပွားနိုင်မှုကို လျော့နည်းစေနိုင်သော်လည်း အဆိုပါ ရထားလမ်းကူးများကို နေ့စဉ်အသုံးပြုသွားလာနေကြရသည့် ဒေသခံများအတွက် သွားလာရေးအခက်အခဲများ ဖြစ်ပေါ်နေသည်။
“အန္တရာယ်ရှိလို့ ရထားလမ်းကူးတွေကို ပိတ်လိုက်တာက ကောင်းတယ်ဆိုပေမယ့် တဘက်မှာ ဒီရထားလမ်းကူးတွေကို အသုံးပြုပြီး သွားလာနေကြရတဲ့ ဒေသခံတွေ လယ်သမားတွေအတွက်က အခက်အခဲဖြစ်တယ်။” ဟု ပေါင်ဒေသခံတစ်ဦးက ပြောသည်။
ရထားလမ်းကူးများကို ပိတ်သိမ်းလိုက်သည်ထက် ရထားလမ်းကူးများကို စည်းကမ်းစနစ်တကျဖြင့် ဖြတ်သန်းသွားလာနိုင်ရေးကို ဒေသခံတို့က လိုလားနေကြသည်။
ပြည်နယ် စစ်အစိုးရက ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်းရှိ တရားမဝင် ရထားလမ်းကူး ၁၀၀ ကျော်ကို ခြံစည်းရိုးခတ်ကာ ပိတ်သိမ်းခဲ့ပါသေးသည်။
တရားမဝင် ရထားလမ်းကူးကြောင့် ရထားတိုက်ခံရမှု၊ ရထားနှင့် ကား၊ ဆိုင်ကယ် တိုက်မိမှု မကြာခဏဖြစ်ပွားနေပြီး လူထိခိုက် သေဆုံးမှုလည်း ရှိခဲ့သည်။
မွန်ပြည်နယ်၊ မော်လမြိုင်ဘူတာကနေ သိမ်ဇရပ်ဘူတာအထိ ရထားလမ်းကူးပေါင်း ၁၅၇ နေရာရှိပြီး အများစုသည် တရားမဝင် ရထားလမ်းကူးများဖြစ်သည်ဟု သိရသည်။




