Wednesday, May 13, 2026
More
    spot_img
    Homeသတင်းကလိန်အောင်-မလွှဲတောင်ကြားရှိ မွန်ရွာများအတွင်းသို့ စစ်ကော်မရှင်တပ်ဖွဲ့များ နေ့စဉ် ဝင်ထွက်သွားလာ

    ကလိန်အောင်-မလွှဲတောင်ကြားရှိ မွန်ရွာများအတွင်းသို့ စစ်ကော်မရှင်တပ်ဖွဲ့များ နေ့စဉ် ဝင်ထွက်သွားလာ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကလိန်အောင်-မလွှဲတောင်ကြားရှိ မွန်ရွာများအတွင်းသို့ စစ်ကော်မရှင်တပ်များ နေ့စဉ် ဝင်ထွက်သွားလာနေဆဲဖြစ်ကြောင်း ဒေသခံနှင့် တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

    မေလဆန်းပိုင်းကစပြီး ကလိန်အောင်မြို့အခြေစိုက်စစ်ကော်မရှင်တပ်ရင်းများမှ အင်အားတစ်ရာကျော်ရှိသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ကလိန်အောင်-မလွှဲတောင်ကြားရှိ မွန်ကျေးရွာမျာအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ယနေ့အထိ တစ်ရွာတစ်ရွာထွက် လှည့်ပတ်သွားလာနေဆဲဖြစ်သည်။

    အဆိုပါလမ်းပိုင်းကို ယခင်က မွန်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ  တပ်စွဲထိန်းချုပ်ထားသော်လည်း ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှစပြီး စစ်ကော်မရှင်ဘက်က အင်အားအလုံးအရင်းဖြင့် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့သည့်နောက် မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်လာနေသည်ဟု ရာဖူးဒေသခံတစ်ဦးက ပြောသည်။

    “သူတို့တစ်ခါဝင်လာလို့ရှိရင် အင်အားကတော့ ရာကျော်တယ်။ ဒါပေမဲ့ လမ်းပေါ်မှာက အင်အား ၅၀ သာသာလောက်ပဲ ပြတယ်။ သူတို့ကတော့ အဲဒီဘက်ကို နယ်မြေစိုးမိုးနိုင်အောင် ကြိုးပမ်းနေတာပါ။ တစ်ရွာဝင်တစ်ရွာထွက်လုပ်ပြီးတော့ တော်လှန်ရေးတွေ ဘယ်လောက်အထိ စိုးမိုးနိုင်သေးလဲ၊ တော်လှန်ရေးတွေ သွားလာလှုပ်ရှားနေသေးလား။ အဲဒီအခြေအနေတွေကို အဓိက လာကြည့်တာပေါ့။ ” ဟု အထက်ပါ ဒေသခံက ပြောသည်။

    ကလိန်အောင်-မလွှဲတောင်ကြားတွင် ကျွဲတလင်း၊ သာယာမွန်၊ မိုင် ၆၀၊ မရမ်းချောင်း၊ ရာဖူး၊ လော့သိုင်း စသည့်မွန်ဒေသခံအများစု နေထိုင်သည့်ကျးရွာပေါင်း ၁၀ ရွာနီးပါး ရှိသည်။

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှစပြီး ၂၀၂၆ ခုနှစ်၊ ဧပြီလအထိကို စစ်ကော်ရှင်တပ်ဖွဲ့ဝင်တို့က ၅ ကြိမ်တိုင် ဝင်ရောက်လာခဲ့ပြီး ယခုတွင် ၆ ကြိမ်မြောက် ဝင်ရောက်လှုပ်ရှားနေခြင်း ဖြစ်သည်ဟု ရေဖြူဒေသရှိ မွန်တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက IMNA သို့ ပြောကြားသည်။

    ထိုပြင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ကျေးရွာဘက်ကို ဝင်ရောက်လာချိန် (သို့) ပြန်လည်ထွက်ခွာစဉ် တော်လှန်ရေးပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခြင်း၊ မိုင်းခွဲတိုက်ခိုက်ခြင်းနှင့် တိုက်ပွဲဖော်ဆောင်လေ့ရှိကြောင်းလည်း ဆိုသည်။

    “သူတို့က နှစ်လကို တစ်ခါဝင်တယ်။ တစ်ရွာကို ၃ ရက်လောက် တပ်စွဲတယ်။ အဲဒီကျေးရွာတွေကို သူတို့ စစ်ကြောင်းဝင်လာတဲ့အချိန်နဲ့ ထွက်ခွာနေတဲ့အချိန်မှာတော့ တော်လှန်ရေးဘက်ကတော့ ကြားဖြတ်တိုက်ခိုက်တာတွေတော့ လုပ်ဆောင်လေ့ရှိတယ်။ တိုက်ပွဲကတော့ သူတို့စစ်ကြောင်းထိုးလာတဲ့ နေရာပေါ်မူတည်ပြီးတော့ဖြစ်တယ်၊ မဖြစ်တာတွေလည်း ရှိတာပေါ့ ” ဟု အထက်ပါ မွန်တော်လှန်ရေးတာဝန်ရှိသူက ပြောသည်။

    ရေဖြူဒေသတွင်း စစ်ကော်မရှင်တပ်အပြင် တော်လှန်ရေးတပ်ဖွဲ့များကလည်း ရန်သူထိခိုက်စေလိုသည့် ရည်ရွယ်ချက်ဖြင့် တောလမ်း၊ လမ်းမကြီးနှင့်နီးသည့် ဥယျာဉ်ခြံနေရာများတွင် မြေမြုပ်မိုင်းများ ထောင်ထားသဖြင့် ဒေသခံများ မကြာခဏနင်းမိပေါက်ကွဲမှု ဖြစ်နေသည်။

    ထိုကြောင့် ဒေသခံများက တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်းနေကြသည့်အပြင် မြေမြုပ်မိုင်းအန္တရာယ်များကြောင့် ဥယျာဉ်ခြံလုပ်ငန်းများလည်း ရပ်နားထားရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,800SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks